Politics

ထိုင်းနိုင်ငံရေး အကြပ်အတည်းနှင့် ရွေးကောက်ပွဲ သံသရာ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ သွေးထွက်သံယိုမှုတွေကြောင့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစိုးရကို တောင်းဆိုတယ်။ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရုံကလွဲလို့ တခြားနည်းလမ်းမရှိလို့ အကြောင်းပြပြီး ပယ်လိုက်တယ်။ အကယ်၍ ကြေညာထားတဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ၈ နှစ်အတွင်း ၅ ကြိမ် မြောက် ရွေးကောက်ပွဲဖြစ်ဖို့ ရှိပါတယ်။ ပြန်ကြည့်ရင် ရွေးကောက်ပွဲနဲ့ တက်တဲ့ အစိုးရတိုင်း တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ပါဘူး။ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲလောက်ပဲ ကွက်မြင်နေရင်   အဆိုးကျော့ သံသရာလည်နေမယ်ဆိုတာ ထိုင်းက သင်ခန်းစာပေးနေပါတယ်။

ပြီးခဲ့တဲ့တလအတွင်း ထိုင်းနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်လို့  ထိုင်းမှာ ရောက်နေတဲ့ မြန်မာပြည်သား မိတ်ဆွေတွေကြားထဲမှာတောင် အမြင်မတူပါဘူး။ လုပ်ဖော်ကိုင်ဖက် စီနီယာတွေဆိုရင် ဘန်ကောက်မြို့ပေါ်မှာ အစိုးရဆန့်ကျင် ဆန္ဒပြနေတဲ့ လူတွေကို ထောက်ခံတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ ပါတီတွေ မှတ်ပုံတင်လို့ မရအောင် ပိတ်ဆို့ ဆန္ဒပြနေတာကိုလည်း ထောက်ခံတယ်၊ “ ဒီလိုပဲ လုပ်ရမှာပေါ့၊” တဲ့။  တမနက်မှာတော့ ရုံးမှာ ဝေယျာဝစ္စလုပ်တဲ့ ညီမ တယောက်က ညတုန်းက သူ အိပ်မက်မကောင်းဘူးလို့ ပြောပါတယ်။ ဘယ်လို အိပ်မက်တာလဲလို့ မေးကြည့်တော့ “ ညတုန်းက ကျမ အိပ်မက်ထဲမှာ ယင့်လပ်ကို စစ်တပ်က ဖမ်းသွားတယ်လေ၊ ဆန္ဒပြသမားတွေကို မဖမ်းဘဲနဲ့ ဘာဖြစ်လို့ ယင့်လပ်ကို ဖမ်းတာလဲလို့ အော်ရင်း လန့်နိုးသွားတယ်” လို့ ပြောပြပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ အရှေ့တောင် အာရှမှာ ထူးခြားတဲ့ ဝိသေသရှိပါတယ်။ အဆင့်နေရာသတ်မှတ်ဖို့ အခက်ဆုံး နိုင်ငံလို့ ပြောရင် ရမယ်ထင်ပါတယ်။ ထိုင်းဒီမိုကရေစီစနစ်ဟာ အာရှနိုင်ငံတွေမှာ အစောဆုံးဖြစ်ရုံမဟုတ်ပါဘူး။ ကျားမ တန်းတူ မဲပေးခွင့်ဆိုရင် အမေရိကန်မှာထက် နှစ်တချို့ စောခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ဒီလိုပဲ ထိုင်းဘုရင်ကြီးဟာလည်း ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး၊ ဂုဏ်သိက္ခာ အရာသာမက နိုင်ငံရေးသြဇာပါ ကြီးတဲ့ ဘုရင်ကြီးဖြစ်နေပြန်တယ်။ တချိန်တည်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်း အာဏာသိမ်းမှု ၁၈ ကြိမ် ဖြစ်ခဲ့တဲ့နိုင်ငံ။ တဖက်မှာ အရှေ့တောင် အာရှမှာ ဒုတိယစီးပွားရေး အင်အား အကြီးဆုံး နိုင်ငံလည်း ဖြစ်နေပြန်တယ်။

အာရတ်နွေဦး နိုင်ငံတွေမှာ၊ အာရတ်နိုင်ငံတွေက ပဋိပက္ခကို ဆွန်နီ-ရှီးယိုက် ပြဿနာ၊ လစ်ဘရယ်နဲ့ အစ္စလာမ္မစ်ပြဿနာအဖြစ် မီဒီယာတွေက ပုံဖော်ကြသလို ထိုင်းနိုင်ငံမှာ အခု ဖြစ်နေတဲ့ ပြသနာကိုတော့ တောသားနဲ့ မြို့သား (တနည်း) ဆင်းရဲသားတွေက တဖက်၊ လူလတ်တန်းစားနဲ့ အထက်တန်းလွှာလို့ ကောက်ချက်ဆွဲကြတယ်။ ဒီရူ့ထောင့်က ကြည့်ရင် အစဉ်အလာ နားလည်ချက်၊ သီအိုရီတွေနဲ့ လွဲချော်တဲ့ အမြီးအမောက်မတည့်တဲ့ ကိစ္စတွေ အတော်များနေတယ်။ နိုင်ငံရေး သီအိုရီအရ ပြောရရင် လူတွေဟာ ပညာပိုတတ်လာမယ်၊ ဝင်ငွေ ပိုကောင်းလာရင် လွတ်လပ်မှုကို ပိုတောင်းဆိုလာရမယ်မဟုတ်လား။ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိုတောင်းဆိုလာမယ် မဟုတ်လား။ ဒါပေမယ့် ဘန်ကောက်မှာ ဆန္ဒပြနေသူတွေက ပညာတတ်တွေနဲ့ လူလတ်တန်းစားတွေဆိုပေမယ့် သူတို့က ဒီမိုကရေစီကို မစွန့်ပစ်ရင်တော့ လျှော့ပစ်သင့်တယ်လို့ ယုံကြည်နေတာတွေ့ရတယ်။ ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆိုတဲ့ ပြည်သူ့ကောင်စီ ဆိုတာမျိုးက ရွေးကောက်ပွဲ စွန့်ပစ်လိုက်တဲ့ အစီအစဉ်ပါ။ ပညာမတတ်တဲ့ တောသားတွေ တောင်ဆိုနေတာက ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်။

တခြား ဝိရောဓိတွေလည်း အတော်များပါတယ်။ သက်ဆင်က အကျင့်မကောင်းတဲ့ နိုင်ငံရေးသမားလို့  တဖက်က စွပ်စွဲရင် တခြားလူတွေရော ကောင်းလို့လားလို့ တဖက်က ပြန်မေးလိမ့်မယ်။ တောသားတွေက ပညာမတတ်တော့ ဘုမသိ ဘမသိ ဖြစ်နေတာပါလို့ တဖက်က စွပ်စွဲရင် အစဉ်အဆက် နိုင်ငံရေးသမားတွေ၊ အစိုးရတွေဟာ တောသူ တောင်သားတွေနဲ့ ကင်းကွာခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ မဲတမဲအတွက် ဘတ်ငွေ ၅၀၀ ပေးလို့ သက်ဆင်ပါတီကို မဲပေးတယ်မဟုတ်လားလို့ စွပ်စွဲရင် တခြား ပါတီတွေက ဘတ် ၅၀၀ တောင် မတန်တဲ့ သဘောမျိုး သက်ရောက်သွားပါလိမ့်မယ်။ တကယ်တမ်း ဘတ် ၅၀၀ ယူပြီး မဲပေးချင်တဲ့ပါတီကို မဲထည့်လို့လည်း ရနေတာပဲလေ။

ထိုင်းလူမျိုး နိုင်ငံရေးသုံးသပ်သူ ပြောတာကတော့ သက်ဆင်ပါတီက ပေးထားတဲ့ ကတိကို တကယ်တည်လို့ ဆင်းရဲသားတွေက တကယ်ကို ရိုးရိုးသားသား ထောက်ခံကြတာမျိုးလို့ ပြောတယ်။ ကျနော်နေတဲ့ မြို့က သက်ဆင် မိသားစုရဲ့ ဇာတိဖြစ်သလို ကျနော်နဲ့ ခင်တဲ့ မိတ်ဆွေတော်တော်များများကလည်း ရိုးရိုးသားသား၊ နှစ်နှစ်သက်သက် ထောက်ခံတာ တွေ့ရတယ်။ သက်ဆင်ကို မထောက်ခံတဲ့ တချို့မိတ်ဆွေတွေကျတော့ ဒီမိုကရက်ကိုလည်း မထောက်ခံဘူး၊ ပဋိပက္ခတွေ ဖြစ်နေတာကို မကြိုက်တဲ့လူတွေဖြစ်နေတယ်။

ဘန်ကောက်မြို့ပေါ်က လူလတ်တန်းစားတွေကျတော့ သူတို့ဆီက အခွန်တွေကို သုံးပြီး သက်ဆင်က ဆင်းရဲသားတွေဆီက မဲရဖို့ ပေါ်လစီတွေကို အကောင်အထည်ဖော်တယ်လို့ မြင်တယ်။ ဥပမာ အခမဲ့နီးပါး ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒတွေ၊ လယ်သမားတွေဆီက စပါးဈေးကို မြှင့်ပြီး အစိုးရက ဝယ်ပေးတာမျိုးတွေပါ။ တဖက်မှာ လယ်သမားတွေ အရှုံးမပေါ်အောင် စပါးဈေးကို အစိုးရက ကျားကန်ပေးပေမယ့် ရာဘာဈေးကိုတော့ အစိုးရက လျစ်လျူရူ့ထားပြန်တယ်။ ရာဘာခြံတွေက ဒီမိုကရက်ပါတီရဲ့ အမာခံ နယ်မြေဖြစ်တဲ့ တောင်ပိုင်းမှာ ရှိနေတော့ မပြေးသော်လည်း ကန်ရာရှိဆိုသလို အစိုးရပေါ်လစီတွေက ဝေဖန်စရာဖြစ်လာတယ်။

ဒါပေမယ့် နှိုင်းယှဉ်ချက်အရ ပြောရရင် နိုင်ငံရေးအတွေ့အကြုံဆိုလို လုံးဝမရှိခဲ့တဲ့ ယင့်လပ်အစိုးရက တိုင်းပြည်ကို နှစ်နှစ်လောက် ထိန်းနိုင်တယ်။ အခုနောက်ဆုံး ပဋိပက္ခတွေ မပေါ်ခင်အထိ ယင့်လပ်အစိုးရက တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်ခဲ့တယ်။ ယင့်လပ်ရဲ့ ပေါ်လစီတွေကို ကြည့်ရင် ကားဈေးတွေကို သက်သာအောင် အစိုးရက ကျားကန်ပေးတဲ့ အတွက် ဆင်းရဲသားတွေ ကားစီးနိုင်တယ်။ အခြေခံအဆောက်အဦအတွက်  ငွေကြေးအမြောက်အများ (အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံ) သုံးစွဲခဲ့တယ်။ (ဒီအစီအစဉ်တွေကို မဲရဖို့ သက်သက် အလဟသ ဖြုန်းတီးတဲ့ အစီအစဉ်တွေလို့ အခုတော့ ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်က ဝေဖန်ပါတယ်။) တဖက်မှာလည်း တဦးချင်းအခွန်နဲ့ ကော်ပိုရိတ်အခွန်တွေကိုလည်း လျှော့ချခဲ့လို့ လူချမ်းသာတွေလည်း အဆင်ပြေခဲ့တယ်။

နိုင်ငံရေးပိုင်းမှာလည်း အတိုက်အခံကို အလေးထားတယ်။ ဘုရင်ကြီးကို လေးလေးစားစား အခစားဝင်သလို၊ အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေနဲ့တောင် အဆင်ပြေဖို့ ကြိတ်ဝိုင်းတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ သက်ဆင် လက်ထဲက အာဏာသိမ်းခဲ့တဲ့  စစ်တပ်က သက်ဆင်ရဲ့ နှမကို ကာကွယ်ရေး ဝန်ကြီးအဖြစ် လက်ခံတာကို ကြည့်ရင် အတိုင်းအတာတခုအထိ ယုံကြည်မှု တည်ဆောက်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

အဂတိလိုက်စားမှု နည်းနိုင်သမျှ နည်းတဲ့ အစိုးရဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနေခဲ့တယ်။  ဒီလိုနဲ့ လမ်းပေါ်က ဆန္ဒပြပွဲတွေ ရပ်သွားတယ်။  ထိုင်း စီးပွားရေး အလားအလာဟာ ၁၅ နှစ်အတွင်းမှာ အကောင်းဆုံး အနေအထားကို ရောက်ခဲ့တယ်။ မြေဈေး မြင့်တက်လာသလို စတော့ ဈေးကွက်ကလည်း ၂၀၀၈ က အခြေအနေထက် လေးဆ မြင့်တက်သွားတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ ပြန်ဝင်လာတယ်။

ဒါပေမယ့် ဟန်နီးမွန်းခရီးက နှစ်နှစ်ပဲ ခံပါတယ်။ ထိုင်းနိုင်ငံရေးမှာ အကြီးဆုံး ပြသနာ နှစ်ရပ်ကို ပြောပါဆိုရင် ၁) ဘုရင်ကြီး ကွယ်လွန်တာနဲ့ ၂) သက်ဆင် ပြည်တော်ပြန်တာပါပဲ။ ထိုင်းဘုရင်ကြီးဟာ နိုင်ငံမှာ ပြသနာတွေ ပေါ်တိုင်း မှန်မှန်ကန်ကန် ရပ်တည်ပေးခဲ့တဲ့ အစဉ်အလာ ရှိခဲ့တယ်။ ဒီဇင်ဘာလမှာ သက်တော် ၈၆ နှစ်မွေးနေ့ ကျင်းပခဲ့တဲ့အခါ ထိုင်းပြည်သူတွေ အားလုံး ညီညွတ်ကြဖို့ သြဝါဒစကားပြောတဲ့အခါ နားနားပြီး ပြောနေရတယ်။ အသက်အရွယ်အရ အိုမင်းမစွမ်းဖြစ်နေပါပြီ။ သြဇာကြီးတဲ့ မိဖုရားကြီးလည်း လေဖြတ်ထားလို့ ဘုရင့်မွေးနေ့ပွဲတောင် မတက်နိုင်ပါဘူး။ ဒီအခြေအနေ နောက်ခံမှာ ထိုင်းသမိုင်းမှာ စိတ်ဝမ်းကွဲမှုအဆိုးဆုံး ဖန်တီးတဲ့ သက်ဆင်ကို ပြန်တော်ပြန်ခွင့်ရဖို့ ဥပဒေကို လွှတ်တော်တင်တဲ့အခါ ငုပ်နေတဲ့ ပြသနာက ပြန်ပေါ်လာတယ်။  သက်ဆင်ရဲ့ လူတွေနဲ့ ဖွဲ့ထားတဲ့ ဖွထိုင်းပါတီက အောက်လွှတ်တော်မှာ လူများစု ဖြစ်တာကို အခွင့်ကောင်းယူပြီး ဥပဒေကြမ်းကို အတည်ပြုခဲ့တဲ့ အချိန်မှာ လမ်းပေါ် ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတယ်။ ဥပဒေကြမ်းကို အထက်လွှတ်တော်က ပယ်ချလို့ နောက်တကြိမ် လွှတ်တော်မတင်တော့ပါဘူးလို့ ဝန်ကြီးချုပ်က ကတိပေးပေမယ့် ဆန္ဒပြပွဲတွေက အရှိန်ရပ်လို့ မရတော့ပါဘူး။

နောက်ဆုံး ဆန္ဒပြသမားတွေက အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုရင်း အစိုးရအိမ်တော်နဲ့ ဝန်ကြီးချုပ်ရုံးကို သိမ်းတယ်။ အကြီးဆုံး အတိုက်အခံ ဒိမိုကရက် ပါတီက လွှတ်တော်ကို အယုံမကြည်မရှိဆိုပြီး သပိတ်မှောက်ကျောခိုင်းခဲ့တဲ့အတွက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲကို ကြေညာခဲ့ရပါတယ်။ အတိုက်အခံပါတီက ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

တကယ်တော့ ထိုင်း နိုင်ငံရေး အခု အကျပ်အတည်းဟာ ဒါဟာ အသစ်အဆန်းမဟုတ်ပါဘူး။ ၂၀၀၆ ခုနှစ်မှာ ဆန္ဒပြပွဲတွေကြောင့် သက်ဆင်က ကြားဖြတ်ရွေးကောက်ပွဲကို ကြေညာတဲ့အချိန်မှာ အတိုက်အခံ ဒီမိုကရက်ပါတီက သပိတ်မှောက်ခဲ့ပါတယ်။ နောက်ထပ် ၆ လ မပြည့်ခင်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒီတကြိမ်မှာ စစ်တပ်က အာဏာသိမ်းဦးမှာလားလို့ မေးတဲ့ အခါ စစ်ဦးစီးချုပ်က အာဏာသိမ်းတဲ့ စကား နောက်တခေါက် လာမပြောနဲ့တော့လို့ အပြတ်ပြောပါတယ်။ အာဏာသိမ်းရင်လည်း တကယ်တော့ ထိုင်းအစဉ်အလာအရ စိုးရိမ်စရာမဟုတ်ပါဘူး။ တကယ် စိုးရိမ်စရာက နိုင်ငံရေး အုပ်စုတွေအကြားမှာ မညှိနှိုင်းဘဲ ရွေးကောက်ပွဲကို ဆက်တွန်းရင် ဖြစ်ဖြစ်၊ လောလောဆယ် လမ်းမတွေပေါ်ကို ထွက်မလာသေးတဲ့ ရှပ်နီ ဝတ်တွေ ထွက်လာရင် ဖြစ်ဖြစ် ပြဿနာက ပိုရှုပ်ထွေးသွားနိုင်ပါတယ်။

အကယ်၍ ရွေးကောက်ပွဲကို အတင်းတွန်းရင် ယင့်လပ်ဦးဆောင်တဲ့ ဖွထိုင်း ပါတီကပဲ နိုင်ဖို့ သေချာပါတယ်။ ပါတီရဲ့ အမာခံနယ်မြေဖြစ်တဲ့ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ထိုင်းလူဦးရေရဲ့ သုံးပုံတပုံရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန်မှာ ပြဿနာတွေက ပြန်ပေါ်လာဦးမှာပါပဲ။ အဖြေက ရွေးကောက်ပွဲမှာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်က အကြံပြုသလို ရွေးကောက်ပွဲမတိုင်ခင်မှာ အားလုံး လက်ခံနိုင်တဲ့ သဘောတူညီချက်တခု ရှာဖွေနိုင်ဖို့ပါပဲ။ ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့ရင်လည်း ကျင့်ဝတ်ကို စောင့်ထိန်းဖို့ လိုအပ်ပါတယ်၊ အများညီတိုင်း ဤကို ကျွဲမလုပ်ဘူးဆိုတဲ့ ကျင့်ဝတ်ပါပဲ။ ဒီသင်ခန်းစာက ထိုင်းတနိုင်ငံတည်းက ပေးသလားဆိုရင် အီဂျစ်နဲ့ အာရတ်နွေဦး နိုင်ငံတွေကို ကြည့်ရင်လည်း ဒီသဘောမျိုးပဲ တွေ့ရပါတယ်။

Loading