ဒီမိုကရေစီ နည်းမကျသော အုပ်ချုပ်မှုစနစ်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပို၍ ကောင်းစွာ ဖြစ်ထွန်းစေနိုင်သည်ဟူသော အပြောအဆိုမျိုးလည်း ရှိတတ်ပါသည်။ ဤယုံကြည်မှုကို စင်ကာပူခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ တင်သွင်းခဲ့သောကြောင့် “လီ၏ အနုမာန ယူဆချက်” ဟု အမည်တွင်ခဲ့သည်။ လီကွမ်ယူက (တောင် ကိုရီးယား၊ စင်ကာပူနှင့် ပြုပြင်ပြောင်းလဲရေး ကာလလွန် တရုတ်နိုင်ငံများ ကဲ့သို့သော) အာဏာရှင်ဆန်ဆန် စည်းကမ်းတင်းကြပ်သည့် နိုင်ငံများသည် (အိန္ဒိယ၊ ဂျမေကာနှင့် ကိုစတာရီကာ နိုင်ငံများကဲ့သို့) တင်းကြပ်မှု လျော့နည်းသော နိုင်ငံများထက် ပို၍ လျှင်မြန်စွာ စီးပွားရေး တိုးတက်ခဲ့သည်ဟု ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ သို့နှင့်တိုင် “လီ၏ အနုမာန ယူဆချက်” သည် ထုံ့ပိုင်းထုံ့ပိုင်း ရရှိခဲ့သည့် ကိုယ်တွေ့ မျက်မြင် အခြေစိုက် ဒဿနဝါဒအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် အသင့်ရှိနေသော အချက်အလက်များကို စနစ်တကျ တွက်ချက်စစ်ဆေးပြီး ပေါ်ထွက်လာသည့် မည်သို့သော စာရင်းဇယားမျိုးကိုမှ အခြေခံထားခြင်း မဟုတ်ဘဲ အသေအချာ သီးသန့်ရွေးချယ်ထားပြီး အကန့်အသတ်ဖြင့် ရယူထားသော သတင်း အချက်အလက်များမှ ကောက်ချက်ဆွဲယူခဲ့ခြင်း ဖြစ်သည်။ ဤသို့သော ကောက်ချက်မျိုးဆိုသည်မှာ အသေအချာ သီးသန့်ရွေးချယ်ထားသည့် သက်သေ အထောက်အထားများအပေါ် အခြေခံပြီး တည်ဆောက်ယူ၍ မရနိုင်ပါ။
ဥပမာအနေဖြင့် ပြောရလျှင် စင်ကာပူ သို့မဟုတ် တရုတ်နိုင်ငံ၏ မြင့်မားသော စီးပွားရေးတိုးတက်မှုကို ကြည့်ရုံဖြင့် အာဏာရှင်ဝါဒသည် စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်ကြောင်း ခိုင်မာသည့် သက်သေ အထောက်အထားအဖြစ် ယူဆ၍မရနိုင်ပေ။ ဘော့ဆွာနာနိုင်ငံကို ကြည့်၍ ဆန့်ကျင်ဘက် အမြင်က ကောက်ချက် ဆွဲယူနိုင်ပေသေးသည်။ ဘော့ဆွာနာနိုင်ငံသည် အာဖရိကတိုက်တွင် ဒီမိုကရေစီ အိုအေစစ်တခု ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာခဲ့ပြီဖြစ်သည်။ အဆိုပါနိုင်ငံသည် အာဖရိကတိုက်၏ စီးပွားရေးတိုးတက်မှု အကောင်းဆုံး နိုင်ငံတခုဖြစ်ပြီး တကမ္ဘာလုံးတွင် စီးပွားရေးတိုးတက်မှု အကောင်းဆုံး မှတ်တမ်းဝင်သည့် နိုင်ငံများထဲမှ တခုဖြစ်ပါသည်။ ကျနော်တို့အနေဖြင့် အဆိုများနှင့် ဆန့်ကျင်ဘက် အဆိုများကို ခွဲခြားရွေးထုတ်ဖို့ရာ စနစ်ကျသော လက်တွေ့မျက်မြင်ကို အခြေခံသည့် လေ့လာမှုများ ပိုမိုပြုလုပ်ရန် လိုအပ်ပါသည်။
တကယ်တော့ အာဏာရှင်ဆန်သည့် အုပ်ချုပ်မှုနှင့် နိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများအပေါ် ဖိနှိပ်မှုများသည် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အကျိုးကျေးဇူး ဖြစ်ထွန်းစေကြောင်း ယုံကြည်လောက်သည့် သက်သေ အထောက်အထား မရှိပေ။ တကယ်စင်စစ် အကြမ်းဖျင်း စာရင်းဇယား ပုံဖော်ထားမှုများသည် ဤသို့ ခြုံယူဆင်ခြင်ခြင်း တခုကိုမျှ ခွင့်ပြုထားခြင်း မရှိပေ။ (ဥပမာအားဖြင့် ရောဘတ်ဘာရိုနှင့် အဒမ်ပရက်ဇီဝါစကီးတို့ လုပ်ခဲ့သည့့်) စနစ်ကျ၍ လက်တွေ့မျက်မြင် အခြေခံသော လေ့လာမှုများက စီးပွားရေးစွမ်းဆောင်နိုင်မှုနှင့် နိုင်ငံရေး အခွင့်အရေးများကြားတွင် ယေဘုယျအနေဖြင့် ပဋိပက္ခတရပ်ရှိသည် ဆိုခြင်းမျိုး အမှန်တကယ် ထောက်ခံမှု မပေးခဲ့ပေ။ လားရာတဖက်တည်းကို ဦးတည်ထားသည့် ချိတ်ဆက်မှုသည် တခြားသော အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်နေသည်ဟု ထင်ရတတ်သည်။ တချို့သော ကိန်းဂဏန်း အချက်အလက်များ၊ စာရင်းဇယားဆိုင်ရာ စူးစမ်းလေ့လာမှုများက အဖျက်သဘော ဆက်နွှယ်မှုများကို သတိပြုမိစေပြီး တချို့ကမူ ခိုင်မာသည့် အပြုသဘော ဆက်စပ်မှုများကို တွေ့ရှိစေသည်။ အကယ်၍ နှိုင်းယှဉ်လေ့လာမှုအားလုံးကို အတူတကွ ရှုမြင်သုံးသပ်ကြည့်မည် ဆိုပါက ဒီမိုကရေစီနှင့် စီးပွားရေးတိုးတက်မှု နှစ်ဖက်စွန်းကြားတွင် ရှင်းလင်းတိကျသည့် ဆက်နွှယ်မှု မရှိခြင်းဆိုသည့် အနုမာန မှန်းဆချက်ကသာ အလွန်အမင်း ဖြစ်နိုင်ချေရှိသည်။ ဒီမိုကရေစီ နှင့် နိုင်ငံရေး လွတ်လပ်မှုများအနေဖြင့် ၎င်းတို့ကိုယ်နှိုက်က အရေးပါနေခြင်းကြောင့် ဤအကြောင်းအရာနှင့် စပ်လျဉ်းသော ရပ်တည်ချက်များသည်လည်း မှေးမှိန် ပျောက်ကွယ်သွားဖွယ်ရာ မရှိပေ။
စီးပွားရေးဆိုင်ရာ သုတေသန နည်းလမ်းများနှင့် ပတ်သက်သည့် အခြေခံပြဿနာသည်လည်း အဆိုပါ သံသယဖြစ်မှုတွင် အကျုံးဝင်ပါသည်။ ကျနော်တို့အနေဖြင့် ကိန်းဂဏန်းဆိုင်ရာ အဆက်အစပ်များကို ကြည့်ရှုရုံသာမကဘဲ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကြောင်းကျိုးဆက်နွယ်သည့် လုပ်ငန်းစဉ်များကိုပါ စေ့စေ့စပ်စပ် စူးစမ်းလေ့လာရမည် ဖြစ်သည်။ အရှေ့အာရှ နိုင်ငံများ၏ စီးပွားရေးအောင်မြင်မှုဆီသို့ ဦးတည်စေခဲ့သည့် စီးပွားရေးပေါ်လစီများနှင့် စီးပွားရေး အခြေအနေများကို ယခုအချိန်တွင် အကျိုးသင့်အကြောင်းသင့် ကောင်းစွာ နားလည်နိုင်သလောက် ရှိပြီဖြစ်သည်။
မတူညီသည့် လက်တွေ့မျက်မြင် လေ့လာမှုများသည် အလေးအနက်ထားမှုကိုလိုက်၍ ပြောင်းလဲနေသော်လည်း၊ “အသုံးကျသော ပေါ်လစီ” များအပေါ် ကျယ်ပြန့်သော အများလက်ခံမှုကို ယခုအချိန်အထိ ရတန်သရွေ့ ရနေပြီဖြစ်ပါသည်။ အဆိုပါ ပေါ်လစီများတွင် ပွင့်လင်းမြင်သာမှုရှိရှိ ယှဉ်ပြိုင်စေခြင်း၊ နိုင်ငံတကာ ဈေးကွက်များအား အသုံးချနိုင်မှု၊ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွဲဆောင်မှုများကို ကြိုတင် စီမံထားနိုင်ခြင်း၊ စာတတ်မြောက်မှုနှင့် ကျောင်းတက်ရောက်မှု မြင့်မားခြင်း၊ အောင်မြင်သော မြေယာ ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးချဲ့ထွင်မှု လုပ်ငန်းစဉ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်ပါဝင်နိုင်သည့် တခြား လူမှုရေးဆိုင်ရာ အခွင့်အလမ်းများ ပါဝင်သည်။ ဆိုခဲ့သည့် မည်သည့်ပေါ်လစီများကမှ ဒီမိုကရေစီ သဘောတရားများ ပိုမိုကျယ်ပြန့်လာခြင်းနှင့် လိုက်ဖက်သင့်လျော်မှု မရှိဟု ယူဆဖွယ်ရာ အကြောင်းမရှိပေ။ ထို့အပြင် တောင် ကိုရီးယား၊ စင်ကာပူ၊ တရုတ်တို့တွင် ကျင့်သုံးနေသော အာဏာရှင်ဝါဒ၏ အခြေခံ သဘောတရားတွင်က အဆိုပါ ပေါ်လစီများအပေါ် အတင်းအကျပ် အားဖြည့်ထောက်ကူ ပေးသည်ဟုလည်း ယူဆရန် အကြောင်းမရှိပေ။ တကယ်စင်စစ် စီးပွားရေး တိုးတက်မှုကို ပိုမို လျှင်မြန်စေရေးအတွက် လိုအပ်သောအရာမှာ ကြမ်းတမ်းရက်စက်သည့် နိုင်ငံရေးစနစ်ထက် ရင်းနှီးဖော်ရွေသော စီးပွားရေး အခင်းအကျင်းတရပ်သာ ဖြစ်ကြောင်း သက်သေပြဖို့ရာ အထောက်အထား ခိုင်ခိုင်လုံလုံရှိပါသည်။
ဤသို့သော စူးစမ်းလေ့လာမှုအပေါ် ပြည့်ပြည့်စုံစုံ ဖြစ်စေရန် ကျနော့်အနေဖြင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ ကျဉ်းမြောင်းသော အကန့်အသတ် ဘောင်မှ ကျော်လွန်ရမည်ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေးလုံခြုံ စိတ်ချရမှု လိုအပ်ချက် အပါအဝင် စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သည့် တောင်းဆိုမှုများကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာရမည် ဖြစ်သည်။ နိုင်ငံရေးနှင့် အများပြည်သူဆိုင်ရာ အခွင့်အရေးများက ပြည်သူလူထု၏ အထွေထွေ လိုအပ်ချက်များအပေါ် အာရုံစူးစိုက်ထားနိုင်ရေးနှင့် သင့်တင့်လျောက်ပတ်သော အများပြည်သူ လှုပ်ရှားမှုကို တောင်းဆိုနိုင်ရေး အခွင့်အလမ်းများကို ရရှိစေပါသည်။ (မဲပေးခွင့်၊ နိုင်ငံသားဖြစ်ခွင့်၊ ဆန္ဒပြခွင့်နှင့် အလားတူ အခွင့်အရေးများဖြစ်သော) နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို လက်ကိုင်ပြု ကျင့်သုံးခြင်းက အစိုးတရပ်အပေါ် အကျိုးသက်ရောက်စေသည့် နိုင်ငံရေးဆိုင်ရာ ဆွဲဆောင်မှုများနှင့် အမှန်တကယ် ကွဲပြားခြားနားစေပါသည်။
ကမ္ဘာကြီးတွင် ဆိုးဝါးလှသည့် ငတ်မွတ်မှု ကပ်ဘေးကြီးများ ဆိုက်ရောက်ခဲ့ရာတွင် စာနယ်ဇင်း လွတ်လပ်မှုရှိပြီး လွတ်လပ်သည့် မည်သည့် ဒီမိုကရေစီ နိုင်ငံများတွင်မဆို ကြီးမားသည့် ငတ်မွတ်မှုကပ်ဘေးကြီးများ မကြုံတွေ့ခဲ့ရဖူးသည့် အံ့သြဖွယ်ရာ အကြောင်းတရပ်ကို အခြားတနေရာတွင် ကျနော် ဆွေးနွေးခဲ့ဖူးသည်။ မည်သည့် နေရာတွင်မဆို ယင်းအချက်နှင့် ပတ်သက်သည့် ခြွင်းချက်သဘောကိုပင် မတွေ့နိုင်ခဲ့ပါ။ အီသီယိုးပီးယား၊ ဆိုမာလီယာနှင့် တခြားအာဏာရှင် အစိုးရများ အုပ်ချုပ်သည့် တိုင်းပြည်များတွင် လတ်တလော ငတ်မွတ်မှု ဘေးဒုက္ခများနှင့် ကြုံတွေ့နေရသည်။ ထို့အပြင် ၁၉၃၀ ပြည့်နှစ်တွင် ဆိုဗီယက် ပြည်ထောင်စု၏ ငတ်မွတ်မှုကပ်ဘေး၊ တရုတ်နိုင်ငံ၏ မဟာ ခုန်ပျံကျော်လွှားခေတ်ကြီး ကျဆုံးချိန် ၁၉၅၈-၆၁ ခုနှစ်များတွင် ကြုံတွေ့ခဲ့ရသော ငတ်မွတ်မှုကပ်ဘေး၊ တိုင်းတပါးအုပ်စိုးမှုအောက်မှ အိန္ဒိယနှင့် အိုင်ယာလန်နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ငတ်မွတ်မှု ကပ်ဘေးကြီးများကို တွေ့နိုင်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယထက် စီးပွားရေး အရာတွင် နည်းလမ်းမျိုးစုံဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း အိန္ဒိယနှင့် မတူသည့်အချက်မှာ ငတ်မွတ်မှုကပ်ဘေးကြီးကို ကိုင်တွယ် ဖြေရှင်းနေရဆဲဖြစ်ပါသည်။ အဆိုပါ ငတ်မွတ်မှု ကပ်ဘေးကြီးသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး ကပ်ဘေးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်း လူပေါင်းသုံးသန်းခန့် သေကြေပျက်စီးခဲ့ရသည်။ အစိုးရ၏ မှားယွင်းသော ပေါ်လစီများကို သုံးနှစ်ကြာအောင် ပြန်လည်တည့်မတ်ခြင်း မပြုခဲ့ပေ။ ပါလီမန်ထဲတွင် အတိုက်အခံပါတီများ မရှိခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိခြင်း၊ ပါတီစုံ ရွေးကောက်ပွဲများ မရှိခြင်းများကြောင့် အဆိုပါ ပေါ်လစီများအပေါ် ဝေဖန်ပြစ်တင်ခြင်းများ မရှိခဲ့ပေ။ တကယ်စင်စစ် နှစ်စဉ် လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့သော်လည်း အတွင်းကျကျ ချို့ယွင်းမှုများ ရှိနေသည့် ယင်းပေါ်လစီများကို ဆက်လက် ဆောင်ရွက်ခွင့်ပြုနေသည်မှာ ဝေဖန်ပြစ်တင်မှုများ မရှိသောကြောင့် ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ဆူဒန်တွင် ယခုလက်ရှိ ဖြစ်ပွားနေသော ကမ္ဘာ့ခေတ်ပြိုင် ငတ်မွတ်မှုကပ်ဘေးကြီး နှစ်ခုနှင့် ပတ်သက်၍လည်း အလားတူပြောဆိုနိုင်ပါသည်။
ငတ်မွတ်မှုကပ်ဆိုးကြီးများကို သဘာ၀ ဘေးအန္တရာယ် ကျရောက်မှုများနှင့် ယေဘုယျအားဖြင့် ဆက်စပ် ပြောဆိုကြသည်။ တရုတ်ပြည်တွင် မဟာ ခုန်ပျံကျော်လွှား စီမံချက်ကြီး ကျဆုံးနေစဉ် ကာလအတွင်း ရေကြီးမှုများ၊ အီသီယိုးပီးယားတွင် မိုးခေါင်ရေရှားမှုများ၊ မြောက်ကိုရီးယားတွင် ကောက်ပဲသီးနှံ ပျက်စီးမှုများ စသည်တို့ကို အကြောင်းပြ၍ ငတ်မွတ်မှု ကပ်ဘေးကြီးများ ကျရောက်သည့်အပေါ် ခပ်လွယ်လွယ် ရှင်းပြလေ့ရှိရာ မျက်မှောက်ရေးရာများ ဟောပြောရေးသားသူတို့အဖို့ အောင့်သက်သက်နှင့်ပင် လက်ခံရတတ်ပါသည်။ သို့သော် တိုင်းပြည် အများအပြားတွင် အလားတူ သဘာဝဘေးအန္တရာယ်မျိုး ကြုံတွေ့ရတတ်စမြဲဖြစ်ပြီး တချို့ သော နိုင်ငံများတွင် ပို၍ပင် ဆိုးဝါးပြင်းထန်စွာ ကြုံတွေ့ရတတ်ပါသေးသည်။ ငတ်မွတ်မှု ကပ်ဘေးမှ လျော့ပါး သက်သာစေရေးအတွက် အစိုးရက မဆိုင်းမတွ တုံ့ပြန်ဖြေရှင်းပေးသောကြောင့် အလားတူ ပြဿနာမျိုးကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။
ငတ်မွတ်မှုကပ်ဘေး၏ ပထမအဆင့် သားကောင်များမှာ ဆင်းရဲနွမ်းပါးသူများဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ကို ဝင်ငွေဝင်လမ်း ပြန်လည် ဖန်တီးပေးနိုင်သည်နှင့် အမျှ သေကြေပျက်စီးမှုများကို တားဆီးနိုင်မည်ဖြစ်သည်။ (ဥပမာ – အလုပ်အကိုင် ရရှိစေရေး အစီအစဉ်များမှတဆင့်) ဝင်ငွေဝင်လမ်း ရရှိခြင်းက ငတ်မွတ်မှုဘေးဒဏ် ခံနေရသူများကို အစာရေစာ ရရှိစေလိမ့်မည် ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် အိန္ဒိယ သို့မဟုတ် ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလများတွင် ဇင်ဘာဘွေနှင့် ဘော့ဆွာနာတို့ကဲ့သို့ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ တခြားသော သဘာ၀ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသော ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများသည်ပင် ငတ်မွတ်မှုကပ်ဘေးများ မကြုံတွေ့ရဘဲ ၎င်းတို့၏ ပြည်သူများကို ကောင်းစွာ ကျွေးမွေး စောင့်ရှောက်နိုင်ခဲ့သည်။
ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်၍ တားဆီးမည်ဆိုပါက ငတ်မွတ်မှုကပ်ဘေးကို တားဆီးရန် လွယ်ကူပါသည်။ အတိုက်အခံ ပါတီများနှင့် အမှီအခိုကင်းသည့် လွတ်လပ်သော သတင်းစာများ၏ ဝေဖန်ပြစ်တင်မှုများ၊ ရွေးကောက်ပွဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒီမိုကရေစီ အစိုးရတရပ်အနေဖြင့် အကူအညီ မပေးနိုင်သည့်တိုင် ဆိုခဲ့ပါ အားထုတ်မှုမျိုးကို ဆောင်ရွက်နိုင်ကြပါသည်။ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရန် ကြိုးပမ်းနေစဉ်ကာလတွင် အိန္ဒိယအနေဖြင့် ငတ်မွတ်မှုကပ်ဘေးများကို ဆက်တိုက်ဆိုသကဲ့သို့ ကြုံတွေ့နေခဲ့ရသည်။ နောက်ဆုံးအကြိမ်ဆိုလျှင် လွတ်လပ်ရေးမရခင် လေးနှစ်အလို ၁၉၄၃ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ကျနော်ကလေးဘဝတွင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပါတီစုံဒီမိုကရေစီ အဆောက်အအုံ ခိုင်ခိုင်မာမာ တည်ထောင်လာနိုင်သည်နှင့်အမျှ အဆိုပါ ကပ်ဘေးကြီးများမှာ ရုတ်ချည်းဆိုသလို ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။
ငတ်မွတ်မှု ကပ်ဘေးပြဿနာသည် ဒီမိုကရေစီစနစ်ကို နည်းမျိုးစုံဖြင့် ပိုင်းခြားစိတ်ဖြာကြည့်ဖို့ရာ အလွယ်ကူဆုံး အကြောင်းအရာတရပ် ဖြစ်သည့်အတိုင် တခုတည်းသော ဥပမာကား မဟုတ်ပေ။ ယေဘုယျ အနေဖြင့် ဆိုရလျှင် နိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍသည် စီးပွားရေးနှင့် လူမှုရေး ကပ်ဘေးများကို အကာအကွယ်ပေးရာတွင် အထောက်အပံ့ ဖြစ်စေပါသည်။ အခြေအနေများက နှစ်လိုဖွယ်ရာ သာသာယာယာရှိနေပြီး အရာတိုင်းကလည်း ပုံမှန်အတိုင်း ကောင်းမွန်နေသည့် အခါမျိုးတွင်လည်း ဤသို့သော ဒီမိုကရေစီ၏ အရေးပါသော အခန်းကဏ္ဍကို ပစ်ပယ်မထားသင့်ပေ။ အကြောင်းတခုမဟုတ်တခုကြောင့် ကသောင်းကနင်း ပြဿနာများ ဖြစ်ရသည့်အခါ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုကပေးသော နိုင်ငံရေးဆိုင်ရာ မက်လုံးများက လက်တွေ့တွင် တန်ဖိုးကြီးမားလာပါသည်။
ဤနေရာတွင် အရေးကြီးသော သင်ခန်းစာတခု ရရှိသည်ဟု ကျနော်ယုံကြည်ပါသည်။ ဘောဂဗေဒ တက်ခနိုကရက်များ အနေဖြင့် ဒီမိုကရေစီစနစ်က အာမခံမှုပေးနိုင်သော နိုင်ငံရေးဆိုင်ရာ မက်လုံးများကို လျစ်လျူရှုထားပြီး ဈေးကွက်စနစ်က ဖန်တီးပေးသည့် စီးပွားရေး မက်လုံးများ၏ အသုံးဝင်မှုအပေါ် အကြံပြု ထောက်ခံတတ်ကြပါသည်။ ယင်းလုပ်ရပ်မှာ အလွန်တရာ တဖက်စောင်းနင်းကျသော အခြေခံ အခင်းအကျင်း တရပ်ကို ရွေးချယ်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ အစစ အဆင်ပြေ ချောမွေ့နေသည့်အခါ တိုင်းပြည်မှာ ပြင်းထန်သော ဘေးဆိုးကပ်ဆိုးတွေ မကြုံရဘဲ ကံကြမ္မာက မျက်နှာသာပေးနေသည့် အခါမျိုးတွေမှာလည်း ဒီမိုကရေစီစနစ်၏ အကာအကွယ်ပေးနိုင်သည့် ပါဝါကို ပစ်ပယ်မထားသင့်ပါ။ ဒေါင်ဒေါင်မြည် အခြေအနေ ကောင်းနေသော နိုင်ငံတော်၏ နောက်ကွယ်တွင်ပင် ဘေးအန္တရာယ်များက ပုန်းလျှိုးကွယ်လျှိုး ရှိနေနိုင်သည်သာ ဖြစ်ပါသည်။ ပြောင်းလဲသွားသော စီးပွားရေး အနေအထားများကြောင့်ဖြစ်စေ၊ တခြား အခြေအနေ များကြောင့်ဖြစ်စေ၊ ပေါ်လစီ အမှားများကို မပြုပြင်လိုက်နိုင်သောကြောင့်ဖြစ်စေ၊ မသေချာမရေရာသော အန္တရာယ်များက အချိန်မရွေး ပေါ်ထွက်လာနိုင်သည်သာ ဖြစ်ပါသည်။
အရှေ့နှင့် အရှေ့တောင်အာရှ၏ လတ်တလော ပြဿနာများသည် တခြားအရာများအနက်မှ ဒီမိုကရေစီ နည်းမကျသော အုပ်ချုပ်မှုများ၏ ဒုက္ခသုက္ခများ ဖြစ်သည်ဆိုခြင်းကို ပေါ်လွင်လာစေပါသည်။ ဤနေရာတွင် အလေးဂရုပြုစရာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်အနေဖြင့် တောင်ကိုရီယား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ အပါအဝင် အဆိုပါ စီးပွားရေးနိုင်ငံအချို့တွင် ဘဏ္ဍာရေး အကြပ်အတည်း ပေါ်ပေါက်လာရခြင်းမှာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ်ရာတွင် အများပြည်သူများ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ စီးပွားရေး လုပ်ငန်းကိစ္စများတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းများနှင့် နီးနီးကပ်ကပ် ဆက်နွှယ်ပတ်သက်နေပါသည်။ ထိရောက်သော ဒီမိုကရက်တစ်ဖိုရမ် မရှိခြင်းက ဤသို့ ဆုံးရှုံးနိမ့်ကျရခြင်း၏ အရင်းခံအကြောင်းတရား ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းမှ အထွေထွေ စီးပွားရေးဆုတ်ယုတ် ကျဆင်းမှုဆီသို့ ဦးတည်သွားသောအခါ အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံမျိုးသည် ဒီမိုကရေစီ၏ အကာအကွယ်ပေးနိုင်စွမ်းကို ဆိုးဝါးစွာပင် လက်လွတ်ဆုံးရှုံးခံခဲ့ရသည်။ ဤနေရာတွင် အကာအကွယ်ပေးနိုင်စွမ်း ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံ များတွင်ငတ်မွတ်မှု ကပ်ဘေး မကျရောက်အောင် တားဆီးကာကွယ် ပေးခြင်းမျိုးနှင့် အတူတူပင်ဖြစ်ပါသည် ။ နောက်ထပ် ဆုံးရှုံးနစ်နာရသူများ အနေဖြင့်သူတို့၏ လိုအပ်ချက်များကို ထုတ်ဖော် ပြသခွင့်မရရှိကြခြင်း ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် နှစ်စဉ်နှစ်တိုင်း စီးပွားရေး တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်း မှန်မှန် တိုးတက်နေခဲ့ပြီး နောက်ပိုင်းတွင် စုစုပေါင်း တိုင်းပြည်ထုတ်ကုန် အားလုံးပေါင်း ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းခြင်းသည် သိပ်များများစားစား ဖြစ်သည်ဟုတော့ မဆိုနိုင်ပေ။ သို့နှင့်တိုင် ခံနိုင်ရည် အနည်းဆုံးဖြစ်သည့် အလုပ်လက်မဲ့ ဖြစ်သွားသူများ၊ ပိုလျှံဝန်ထမ်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစား စေခြင်းမပြုလျှင်၊ ထိုဆုတ်ယုတ်ကျဆင်းမှုက လူ့အသက်ပေါင်းများစွာကို သေကျေပျက်စီးစေနိုင်ပြီး သန်းပေါင်း များစွာသော ဘဝများအပေါ် ကံဆိုးမိုးမှောင် ကျစေနိုင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ခုခံနိုင်စွမ်းနည်းပါးသော အောက်ခြေ လူတန်းစားများအဖို့ ဒီမိုကရေစီ အခွင့်အရေးများကို လက်လွတ် ဆုံးရှုံးနေခဲ့ရပါသည်။ အစစ အရာရာ အခြေအနေ ပြန်ကောင်းလာသည့်တိုင် ဖြစ်ပျက်ခဲ့သော အကျပ်အတည်းကို မမျှမတ ခံစားခဲ့ရသောကြောင့် ခုခံနိုင်စွမ်း နည်းပါးသော အောက်ခြေ လူတန်းစားများ၏ ဖွင့်ဟဖော်ထုတ်သံများကို အဆိုပါ ပျက်ကွက်ခဲ့မှုက တိုးတိုးတိတ်တိတ် ဖုံးအုပ်ထားခဲ့ပါသည်။ ဒီမိုကရေစီ၏ အကာအကွယ် ပေးနိုင်စွမ်းသော အခန်းကဏ္ဍကို အများဆုံး လိုအပ်နေသော အချိန်မှာပင် အဆိုးဝါးဆုံး လက်လွတ် ဆုံးရှုံးခဲ့ရသည်။
(ဆက်လက် ဖော်ပြပါမည်)
(အမတြာ ဆင်း (Amartya Sen) ၏ ဆောင်းပါး “Democracy as a Universal Value” ကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဒေါက်တာ အမတြာ ဆင်းသည် နိုဗဲလ်ဆုရ စီးပွားရေးပညာရှင်ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)