ရုရှနိုင်ငံမှာ ဒီမိုကရေစီ ကျင့်သုံးတယ်လို့ ပြောနိုင်မလား။ အင်ဒိုနီးရှား၊ ယူကရိန်း၊ ဗင်နီဇွဲလား၊ နိုင်ဂျီးရီးယား၊ တူရကီတို့ ဆိုရင်ရော ဘယ်လိုလဲ။ အစိုးရတွေကို ဘယ်လိုအမျိုးအစား ခွဲခြားသတ်မှတ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ မေးခွန်းထုတ်လို့ ရတဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ အခုလက်ရှိ ပကတိ နိုင်ငံရေး အနေအထားက ဟိုးအရင်လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကထက် အများကြီး ပိုရှုပ်ထွေးပါတယ်။ အစိုးရတွေနဲ့ ပတ်သက်ပြီး ဘယ်လို စဉ်းစားရမလဲ၊ ဘယ်လိုအဆင့်ခွဲခြား သတ်မှတ်ရမလဲ ဆိုတာကလည်း ဘယ်တော့မှ မဆုံးနိုင်တဲ့ ဆွေးနွေးစရာ အကြောင်းကိစ္စ ဖြစ်လာပါတယ်။
“ဘယ်လို နိုင်ငံမျိုးကတော့ဖြင့် ဒီမိုကရေစီဖြစ်ပြီး ဘယ်လို နိုင်ငံမျိုးဆိုရင်တော့ ဒီမိုကရေစီ မဖြစ်ဘူးလဲ”၊ “ဘယ်အစိုးရမျိုးတွေကတော့ဖြင့် ဒီမိုကရေစီ ဖြစ်ပြီး ဘယ်အစိုးရတွေကတော့ဖြင့် မဖြစ်ဘူးလဲ” ဆိုတဲ့ မေးခွန်းတွေကို မကြာသေးခင် ဆယ်စုနှစ်တွေအတွင်းမှာ အနီးကပ် စစ်ဆေးကြ၊ ပိုပြီးတော့ အကြိမ်ပေါင်းများစွာ စစ်ဆေးထားကြပါတယ်။ အဲဒီမေးခွန်းတွေထက် ပိုပြီး စစ်ကြော မေးခွန်းထုတ်ခံရတဲ့ အယူဝါဒရေးရာ ပြဿနာတွေလည်း နိုင်ငံရေးသိပ္ပံမှာ မရှိနိုင်တော့ပါ။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ၊ စံနှုန်းသတ်မှတ်ချက်တွေ၊ တိုင်းတာတဲ့ ပေတံတွေ ဆိုတာလည်း ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။ ဒါပေမယ့် တတိယလှိုင်း ရိုက်ခတ်ခဲ့တာ နှစ်ပေါင်း အစိတ်လောက်ရှိနေခဲ့ပြီး အဲဒီလှိုင်းလုံးကြောင့် ဒီမိုကရေစီကို နှိုင်းဆလေ့လာချက်တွေလည်း ပြန်လည်တကျော့ပြန် ခေတ်စားလာခဲ့ပြီး နောက်မှာတောင် ဒီမိုကရေစီကို ဘာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုတာအပေါ် အများသဘောညီ အဖြေကို မရနိုင်သေးတာကတော့ မချင့်မရဲ ဖြစ်စရာ ကောင်းလှပါတယ်။ ယတိပြတ် မပြောနိုင်တဲ့ အစိုးရတွေကို သတ်သတ်မှတ်မှတ် ခွဲခြားဖော်ပြနိုင်ဖို့ကိုလည်း ကျနော်တို့က ရုန်းကန်ကြိုးစားနေရဆဲပါ။
ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံပညာရှင် ရောဘတ်ဒါးလ်က ပေါ်လီအာခီ Polyarchy (အုပ်ချုပ်သူ အနည်းဆုံး ၃ ဦး၊ ၃ ဖွဲ့ ထားရှိတဲ့စနစ်) လို့ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပါတယ်။ အဲဒီလို ခိုင်မာတဲ့ ဖွင့်ဆိုချက်မျိုးကို တချို့က ဆက်ပြီး စွဲကိုင်ချင်ပါတယ်။ ဒီလိုမျိုး ပုံဖော်ကြံဆချက် အတိုင်းဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိရုံနဲ့တော့ ဒီမိုကရေစီလို့ မပြောနိုင်ပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို အဓိပ္ပါယ်ရှိရှိ ကျင်းပနိုင်ဖို့ လွတ်လပ်မှုတွေ (လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းနိုင်မှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု စသဖြင့်)၊ သတင်းအချက်အလက်ကို ပေးနိုင်တဲ့ တခြားနေရာဌာနတွေ၊ရွေးချယ်စရာ လမ်းကြောင်းတွေ ရှိထားရပါမယ်။ ဒါ့အပြင် အစိုးရမူဝါဒတွေက နိုင်ငံသားတွေရဲ့ မဲဆန္ဒနဲ့ ဦးစားပေးနှစ်ခြိုက်မှုတွေပေါ် မူတည်နေအောင် ကြပ်မတ်လုပ်ဆောင်ပေမယ့် အင်စတီကျူးရှင်းတွေကိုလည်း လိုအပ်ပါတယ်။ ဂျိုးဇက် ရွှန်းပီတာ ကိုင်စွဲခဲ့တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်ကို ကိုင်စွဲပြီး ဒီမိုကရေစီကို တိုင်းတာချင်ပါတယ်။ အဲဒီ စံသတ်မှတ်ချက်ကတော့ “ဒီမိုကရေစီဆိုတာ တိုင်းပြည်မှာ အဓိကကျတဲ့ ရာထူးနေရာတွေကို ရွေးကောက်ပွဲတွေနဲ့ ရွေးချယ်ခန့်အပ်ရမှာ ဖြစ်ပြီး အဲဒီရွေးကောက်ပွဲတွေမှာ ပြည်သူတွေရဲ့ မဲဆန္ဒကို ရယူနိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။ “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဲဒီအယူအဆကို ခေတ်ပြိုင်နိုင်ငံတွေမှာ အသုံးချ အကောင်အထည် ဖော်နေတာက “ဒါးလ်” ကိုင်စွဲတဲ့ ပေါ်လီအာခီ အယူအဆနဲ့ တော်တော် များများလေး တူညီပါတယ်။ နိုင်ငံရေးကိစ္စ ဆွေးနွေးငြင်းခုံဖို့နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ နိုင်ငံရေးနဲ့ အရပ်ဖက် လွတ်လပ်မှုတွေ လိုအပ်တယ်လို့ ပြောထားတာကြောင့် သွားပြီး ထပ်တူညီနေတာပါ။
အနိမ့်ဆုံး စံသတ်မှတ်ချက်ဖြစ်တဲ့ “ရွေးကောက်ပွဲ” ဆိုတာကိုသုံးပြီး ဒီမိုကရေစီကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားမယ်ဆိုရင်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာ မေးခွန်းတွေကတော့ ကျန်နေဆဲပါ။ (ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဆင်မြူရယ် ဟန်တင်တန်ရဲ့ အယူအဆကို လက်ခံပြီး) တိုင်းပြည်တခုရဲ့ အဓိက အချက်အခြာအကျဆုံး စုပေါင်းဆုံးဖြတ်ချက် ချသူတွေကို တရားမျှတ၊ ရိုးသားပြီး၊ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေတဆင့် ရွေးကောက်တင်မြှောက်မယ်၊ ကိုယ်စားလှယ်လောင်းတွေကလည်း လွတ်လွတ်လပ်လပ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြမယ်လို့ ပြောလာရင် တရားမျှတ၊ ရိုးသားပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ ဘာတွေ လိုအပ်လဲဆိုတာကို ထပ်ပြီး မေးခွန်းထုတ်ရပါဦးမယ်။ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေက မျှတတဲ့ အခွင့်အလမ်းတွေ ရကြသလား၊ နိုင်ငံတဝှမ်းမှာ (အထူးသဖြင့် ရုရှား၊ နိုင်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားလောက် ကျယ်ပြန့်ပြီး နိုင်ငံရေးအရ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံတွေမှာ) ရှိတဲ့ မဲဆန္ဒရှင်တွေကလည်း သူတို့ရဲ့ ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်သလား ဆိုတာတွေကိုပါ ဆက်ပြီး မေးခွန်းထုတ်ရပါဦးမယ်။ (သီးခြားလွတ်လပ်တဲ့ မဲအပြိုင်ရေတွက်မှု အကျိုးကျေးဇူးကို မခံစားရနိုင်တဲ့ နိုင်ငံတွေမှာ) တရားဝင် ထုတ်ပြန်ကြတဲ့ ရွေးကောက်ပွဲရလဒ်တွေက ပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်ကို ဘယ်လို ထင်ဟပ်နိုင်မှာလဲ။ စစ်တပ်၊ ဗျူရိုကရေစီ ကြိုးနီစနစ် ဒါမှမဟုတ် အာဏာပိုင် လူတစုအတွက် သီးသန့်ဖယ်ထားရတဲ့၊ လုပ်ပိုင်ခွင့်ပေးထားရတဲ့ နယ်ပယ်တွေ သိသိသာသာ ထင်ထင်ရှားရှား ရှိမနေဘဲ ရွေးကောက် တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေက သြဇာအာဏာအရှိဆုံး ဆုံးဖြတ်ချက်ချသူတွေ ဖြစ်တယ်လို့ ဘယ်လိုလုပ် သိနိုင်မှာလဲ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ ဒီမေးခွန်းတွေက တော်တော်လေးကို အရေးပါ ထင်ရှားလာပြီး အဲဒီလို အရေးပါ ထင်ရှားလာစေတဲ့ အကြောင်းအချက်တွေလည်း ရှိကြပါတယ်။ ပထမဆုံး တခုကတော့ နိုင်ငံရေးပါတီပေါင်းစုံ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပုံမှန်ရွေးကောက်ပွဲတွေကို ကျင်းပပြီး ရွေးကောက်ပွဲ ဒီမိုကရေစီ (Electoral democracy) ကို ခံယူကျင့်သုံးတဲ့ အစိုးရတွေက အခုဆိုရင် အရင်ကထက် ပိုများလာနေပါပြီ။ ဒုတိယကတော့ အဲဒီလို ရွေးကောက်ပွဲ ဒီမိုကရေစီကို ကျင့်သုံးတဲ့ အစိုးရတွေရဲ့ အရေအတွက်က သမိုင်းမှာ မကြုံဖူးလောက်အောင် များပြားလာပေမယ့် ဒီမိုကရေစီ စစ်မစစ် ဆိုတာကို ပြတ်ပြတ်သားသား အစစ်ဆေးမခံနိုင်ကြ ဒါမှမဟုတ် ဝေ့လည်ချောင်ပတ်သာ အဖြေပေးနိုင်ကြပါတယ်။ တတိယ အချက်အနေနဲ့ ကတော့ နိုင်ငံတခုမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံတကာရဲ့ စောင့်ကြည့်လေ့လာမှုတွေက အရင်ထက် ပိုများလာတာ အပါအဝင် ရွေးကောက်ပွဲ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေနဲ့ စံသတ်မှတ်ချက်တွေ များလာတာကြောင့် သက်ဆိုင်ရာ နိုင်ငံတခုချင်းစီမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီ အလေ့အထတွေကို နိုင်ငံတကာ ပိုပြီးတော့ အနီးကပ် စစ်ဆေးလာပါတယ်။
အဲဒီလို ပိုပြီးတော့ အနီးကပ် စစ်ဆေးလာတာတောင်မှပဲ အုပ်ချုပ်ရေးစနစ်တွေကို ဘယ်လို အုပ်စုခွဲခြား သတ်မှတ်ရမလဲ ဆိုတာကို သီးခြားလွတ်လပ်တဲ့ စောင့်ကြည့် လေ့လာသူတွေကြားမှာ သဘောမတူနိုင်ကြပါ။ ဒီအက်ဆေး အစပိုင်းမှာ ဖော်ပြခဲ့တဲ့ နိုင်ငံ ၆ ခုစလုံးကို ဒီမိုကရေစီ ဖြစ်တယ်လို့ ဖရီးဒမ်းဟောက်စ် (Freedom House) အဖွ့ဲကြီးက သတ်မှတ်ပါတယ်။ ဒါပေမယ့် နောက်ဆက်လက် ဖော်ပြမယ့် အက်ဆေး ၃ ခုအတိုင်း ဆိုရင်တော့ အဲဒီအုပ်ချုပ်ရေးစနစ်တွေက ရွေးကောက်ပွဲ ဒီမိုကရေစီ ရေချိန်ထက် လျော့နည်းနေတာ လုံး၀ (လုံးဝနီးပါး) သေချာပါတယ်။ ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ် (Competitive authoritarian system)၊ တပါတီကြီးစိုးစနစ် (Hegemonic party system)၊ စပ်ကြားအစိုးရစနစ် (Hybrid) လို့သာ ပြောနိုင်ပါမယ်။ ဒါမှမဟုတ် ယူကရိန်း၊ နိုင်ဂျီးရီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ဒွိဟ အခြေအနေထဲကို ကျရောက်နေတယ်လို့သာ အလွန်ဆုံး ပြောနိုင်ပါလိမ့်မယ်။
ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ အစိုးရတွေက လုံလောက်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပြီး ကျွမ်းကျင်မှုတွေ ပြည့်ဝနေမနေ ဆိုတာကို ပြောနိုင်ဖို့ ကျနော်တို့မှာ လုံလောက်တဲ့ သတင်းအချက်အလက်တွေ အခုလောလောဆယ် မရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးခွင့်တွေ ပြည့်ပြည့််၀၀ရကြပြီး နောက်ဆက်လက်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ လက်ရှိအစိုးရကိုအနိုင်ယူဖို့ အတိုက်အခံတွေက တရားမျှတတဲ့ အခွင့်အရေးတွေ ရကြလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သတင်းအချက်အလက်တွေ ပြည့်ပြည့်၀၀ မရသေးတာ ဖြစ်နိုင်ပါတယ်။ အုပ်ချုပ်ရေးစနစ်တွေကို အမျိုးအစား ခွဲခြားသတ်မှတ် ဖော်ပြဖို့ဆိုရင် အရင်ကျင်းပထားတဲ့ ရွေးကောက်ပွဲတွေကို အကဲဖြတ်နိုင်ရပါမယ်။ ဒါ့အပြင် ဒီမိုကရေစီနည်းအရ (တကယ်စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ပြောဖို့လည်းခက်ပါတယ်) တက်လာတဲ့ အုပ်ချုပ်သူ အီလစ်လူတန်းစားရဲ့ ရည်ရွယ်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကိုလည်း အကဲဖြတ်နိုင်ရပါမယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်ဖို့တော့ ခက်ပါလိမ့်မယ်။ ရုရှနိုင်ငံ အုပ်ချုပ်ရေး စနစ်ကို “ရွေးကောက်ပွဲ အာဏာပိုင်စနစ် (Electoral authoritarian) လို့ ရှုမြင်သုံးသပ်တဲ့ လေ့လာစောင့်ကြည့်သူတွေလည်း တဖြည်းဖြည်း များလာပါတယ်။ ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် မဲမသမာမှုတွေ ရှိထားတာကြောင့် နိုင်ဂျီးရီးယားကိုလည်း အဲဒီလို သတ်မှတ်တဲ့ ပညာရှင်တွေ များလာပါတယ်။ အင်ဒိုနီးရှား လွှတ်တော်ရဲ့ အမတ်နေရာ တချို့တဝက်ကို ရွေးကောက်တင်မြှောက် မခံရတဲ့ စစ်သားကိုယ်စားလှယ်တွေကို အခြေခံဥပဒေအရ ပေးအပ်ထားတဲ့အတွက် ဒီမိုကရေစီ အခြေခံမူနဲ့ ဆန့်ကျင်နေပါတယ်။ ဒါပေမဲ့ အဲဒီလို ပေးအပ်ထားမှုကို ဖယ်ရှားပစ်လိုက်မယ် ဆိုရင်တောင် အင်ဒိုနီးရှားစစ်တပ်က (လူကြိုက်များပြီး သဘောထား အလယ်အလတ်ရှိတဲ့ အစ္စလာမ္မစ်ပါတီကို အရည်အချင်း မပြည့်မီဘူးဆိုပြီး တူရကီစစ်တပ်က ထပ်ကာတလဲလဲ အင်အားသုံး ဆုံးဖြတ်သလို) နိုင်ငံရေးမှာ အရေးပါတဲ့ ဗီတိုအာဏာသံုံစွဲသူ ဖြစ်နေဦးမှာပါပဲ။
အုပ်ချုပ်ရေးစနစ်တွေ အမျိုးအစား ခွဲခြားသတ်မှတ်တာကို အခုပြောခဲ့တဲ့ ပြဿနာတွေနဲ့ မူမမှန်မှုတွေကချည်းပဲ အနှောင့်အယှက် ပေးနေတာတော့ မဟုတ်ပါ။ မက္ကဆီကို၊ စင်ကာပူ နဲ့ ဆီနီဂေါ နိုင်ငံတွေက (သူတို့အစိုးရတွေ ပြောသလို) တကယ့် ဒီမိုကရေစီ ဖြစ်သလား ဆိုတာကို ပညာရှင်တွေနဲ့ လေ့လာသူတွေက ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့််နှစ်တွေအတွင်းမှာ အချေအတင် ငြင်းခုံခဲ့ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ဒီမိုကရေစီ မပြည့်ဝမှုက အရင်ထက်ပို ပြောင်ပြောင်တင်းတင်း ဖြစ်လာပြီး ဒေသတွင်း တခြားနိုင်ငံတွေက တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ကြတဲ့အခါ အဆိုပါ ဆွေးနွေးငြင်းခုံမှုတွေလည်း အရှိန်လျော့ကျသွားခဲ့ပါတယ်။ ပြိုင်ဆိုင်ကြတဲ့ အတိုင်းအတာ နည်းနည်းပါးပါးရှိပြီး ရလဒ်တွေကို သေချာပေါက် ခန့်မှန်းပြောဆိုလို့ မရနိုင်တဲ့ ပါတီစုံရွေးကောက်ပွဲတွေ ရှိတာနဲ့တင်ပဲ အဲဒီ အုပ်ချုပ်ရေးစနစ်တွေက ဒီမိုကရေစီ ဖြစ်တယ်လို့ ဖော်ပြတတ်တဲ့ ဉာဉ်ကို မေးခွန်းထုတ်လာတဲ့ ပညာရှင်တွေ မကြာသေးခင် နှစ်တွေအတွင်းမှာ တဖြည်းဖြည်း များလာပါတယ်။ နိုင်ငံရေးကို အပြိုင်အဆိုင် ဖြစ်အောင် ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး တပြိုင်နက်တည်းမှာ အာဏာပိုင်ဆန်ဆန် ကျင့်သုံးအုပ်ချုပ်နေတာတွေ ဖြစ်နိုင်တယ်ဆိုတာကို စတီဗင် လယ်ဗစ်စကီး နဲ့ လူးကန်ဝေး တို့ရဲ့ အက်ဆေးတွေမှာ ရေးသားဖော်ပြထားပါတယ်။ သူတို့ရဲ့ လေ့လာမှုတွေက ယူရေးရှားနဲ့ လက်တင်အမေရိက ဒေသတွေကို ဇောင်းပေး လေ့လာထားတာဖြစ်ပြီး အရေးပါတဲ့ အယူအဆရေးရာ ရှာဖွေ့တွေ့ရှိချက်တွေလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီမဆန်တဲ့ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးအစားစား အကြောင်းနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ အာရုံစိုက်လုပ်ဆောင်မှု အသစ်တွေ ရှိလာနေပြီဆိုတာကို ဒီဆောင်းပါးတွေက ဥပမာဆောင်ဖော်ပြနေပါတယ်။ ဒါ့အပြင် ခောတ်ပြိုင် အာဏာပိုင် အုပ်ချုပ်ရေး စနစ်တွေက ဒီမိုကရေစီ စရိုက်လက္ခဏာတွေကို အံ့သြစရာကောင်းလောက်အောင် (အနည်းဆုံးတော့ အပေါ်ယံ ဟန်ပြသက်သက်) ဖော်ပြသုံးစွဲလာတယ် ဆိုတာကိုလည်း ဆောင်းပါးတွေက ပြသနေပါသေးတယ်။ ၁၉၉၀ ပြည့်နှစ်တွေ အလယ်ပိုင်းလောက်မှာ အထွတ်အထိပ်ကို ရောက်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး “တတိယလှိုင်း” က ခြေကုန်လက်ပမ်းကျသွားပြီ ဆိုတာကိုလည်း အဲဒီပညာရှင်တွေရဲ့ စိတ်ဝင်စားမှုအသစ်တွေက တစိတ်တပိုင်း ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ အခုပြောဆို ဖော်ပြနေတဲ့ အုပ်ချုပ်ရေး စနစ်သစ်တွေ တော်တော်များများက ဒီမိုကရေစီလည်း မဟုတ်သလို၊ ဒီမိုကရေစီကိုလည်း အသွင်ကူးပြောင်း နေတာမဟုတ်မှန်း ရှင်းရှင်းလင်းလင်း ဖြစ်နေတာ နှစ်ပေါင်းများစွာကြာနေပါပြီ။ တချို့နိုင်ငံတွေကတော့ ဘယ်လိုပဲ ချွတ်ယွင်းအားနည်းချက်တွေရှိပြီး လုပ်ဆောင်မှု မူမမှန်ဖြစ်နေပါစေ “အင်္ဂါရပ်စုံလင်တဲ့ ဒီမိုကရေစီနဲ့ ပြောင်ပြောင်တင်းတင်း အာဏာပိုင်စနစ်တွေ ကြားထဲမှာ ဟိုမရောက်ဒီမရောက် ရှိနေပြီး နိုင်ငံရေးအရ မီးခိုးရောင်နယ်မြေထဲကို ကျရောက်နေ” တာကြောင့် ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီ Electoral democracy လို့ ခွဲခြားဖော်ပြနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတွေ တော်တော်များများကတော့ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီ စံနှုန်းကိုတောင် မပြည့်မီဘဲ နိမ့်ကျနေပြီး အဲဒီလိုနိမ့်ကျနေတဲ့ အနေအထားမှာပဲ နှစ်ပေါင်းများစွာကြာအောင် တင်းခံနေနိုင်ပါသေးတယ်။
သမိုင်းအမြင်
ဒီမိုကရေစီနဲ့ အာဏာပိုင် စရိုက်လက္ခဏာတွေကို နှစ်ခုပေါင်းစပ်ကျင့်သုံးတဲ့ စပ်ကြားအုပ်ချုပ်ရေး စနစ်တွေဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါ။ ပါတီစုံ ရွေးကောက်ပွဲတွေရှိပြီး ဒီမိုကရေစီမဆန်တဲ့ အုပ်ချုပ်ရေးစနစ်တွေ ကျင့်သုံးတဲ့ အစိုးရတွေက ၁၉၆၀ နဲ့ ၁၉၇၀ ပြည့််နှစ်တွေ အတွင်းမှာလည်း တည်ရှိခဲ့တာပါပဲ။ အဲဒီနိုင်ငံတွေက ရွေးကောက်ပွဲ သက်သက် ဒီမိုကရေစီ ဖြစ်ကြပြီး မက္ကဆီကို၊ စင်ကာပူ၊ မလေးရှား၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ရိုဒီးရှားနဲ့ (‘ဒန်းဝိုင်’ ဆိုတဲ့ ပါတီပြင်ပ ယှဉ်ပြိုင်သူတွေကို ခွင့်ပြုတဲ့စနစ် ကျင့်သုံးတဲ့) ထိုင်ဝမ် တွေပါဝင်ခဲ့ပါတယ်။ စင်ကာပူ၊ မလေးရှား ၂ နိုင်ငံတို့ကပဲ ဒီနေ့အချိန်အထိ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီစနစ် ဖြစ်နေဆဲပါ။
ပါတီ (အီလစ်ပါတီဖြစ်တာတောင်) အချင်းချင်းကြား ယှဉ်ပြိုင်မှုတွေကို တစိတ်တပိုင်း ကန့်သတ်ထားပြီး နိုင်ငံသားတွေရဲ့ မဲပေးခွင့်ကိုလည်း ကန့်သတ်ထားတဲ့ နိုင်ငံတွေကို ဥရောပနဲ့ လက်တင်အမေရိက တိုက်တွေမှာ သမိုင်းကြောင်းအရ တွေ့နိုင်ပါတယ်။ လက်တင်အမေရိကမှာ ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်း ကာလတွေအတွင်း တွေ့ခဲ့ရတဲ့ အုပ်ချုပ်သူအနည်းဆုံး ၃ ဦးရှိ ဒီမိုကရေစီစနစ် (Oligarchical democracy) တွေက လည်း အာဏာကို ကန့်သတ်ပေးတဲ့၊ တလှည့်စီယူစေတဲ့ အခြေခံမူတွေကို ချမှတ်ပေးခဲ့တာအပြင် သက်ဆိုင်ရာ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေး အင်စတီကျုးရှင်းကို တည်ထောင် ပေးခဲ့နိုင်တဲ့အတွက် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ဖြစ်လာရေးမှာ ထည့်ဝင် လုပ်ဆောင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ တည်ငြိမ်တဲ့ ပေါ်လီအာခီ လမ်းကြောင်းကနေ တဆင့်သွားတဲ့ ဒီမိုကရေစီကသာ အကောင်းဆုံးဖြစ်တယ်လို့ ‘ဒါးလ်’ ထောက်ခံပြောဆိုခဲ့တာကို အဲဒီနိုင်ငံတွေက အကောင်းဆုံး ကိုယ်စားပြု ဥပမာပေးနေသလိုပါပဲ။ နိုင်ငံရေး ယှဉ်ပြိုင်မှုက အရင်လာ၊ နောက်ပြီးမှ နိုင်ငံရေးမှာ လူထုပါဝင်မှု တဖြည်းဖြည်း ကျယ်ပြန့်လာပါမယ်။ အဲဒီအခါကျမှသာ ဒီမိုကရေစီယဉ်ကျေးမှုက အီလစ်အသိုက်အဝန်း ကျဉ်းကျဉ်းလေးထဲမှာ အမြစ်တွယ်ပြီးရင် ရွေးကောက်ပွဲနိုင်ငံရေးကို တဖြည်းဖြည်းချင်း ထည့်သွင်းကျင့်သုံးလာမှာ ဖြစ်တာကြောင့် ပိုများပြားတဲ့ လူထုတွေဆီ ဒီမိုကရေစီ ရောက်ရှိသွားမယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ပြည်သူလူထုပါဝင်မှုကို ခေတ်ပြိုင် အနေအထားကနေကြည့်ရင် အဲဒီ တဖြည်းဖြည်းချင်း ဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းက ပိတ်ဆို့ခံထားရပြီ ဆိုတာကို တွေ့ရပါတယ်။ နိုင်ငံရေး ပြိုင်ဘက်တွေကို ကန့်သတ်ထား၊ ထိန်းချုပ်ထားဖို့ တခြားနည်းလမ်းတွေကိုလည်း အဲဒီစိုးရိမ်ပူပန်တတ်တဲ့ အီလစ်တွေက ရှာဖွေထားကြပါပြီ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခု ၂ ခု မတိုင်ခင်က နိုင်ငံရေးမှာ ထိန်းချုပ်ဖို့ (ရွေးကောက်ပွဲကျင်းပ ယှဉ်ပြိုင်တာကို ဖျက်သိမ်းတာ မဟုတ်ရင်တောင်) လုပ်ဆောင်ကြပြီဆိုရင် အတိုက်အခံနိုင်ငံရေး ပါတီတွေကို ပိတ်ပင်တာနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းထဲက သဘောထား ကွဲလွဲသူအဖွဲ့တွေ၊ အတိုက်အခံတွေကို အကြီးအကျယ် ကန့်သတ် ထိန်းချုပ်တာတွေကိုသာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဂျွင်အ်န်လင့်ဇ် ရဲ့ ၁၉၇၅ ခုနှစ်ထုတ် ပထမဆုံး စာအုပ် “တပါတီအာဏာရှင် စနစ်နဲ့ အာဏာပိုင် အုပ်ချုပ်ရေးစနစ်များ” ထဲမှာ “အာဏာပိုင် စနစ်များအတွင်းက ပါတီစုံရွေးကောက်ပွဲ ပြိုင်ဆိုင်မှုများ” ဆိုတာကို ဖော်ပြတယ်ဆိုရုံလောက်ပဲ ဖော်ပြခဲ့ပါတယ်။ ပါတီနိုင်ငံရေး ဆိုတာကို တခုတည်းသော (လက်တွေ့စည်းရုံး လှုပ်ရှားလို့ရတဲ့) ပါတီ ခေါင်းစဉ်အောက်မှာပဲ ဖော်ပြခဲ့ပြီး “အယောင်ပြ ပါတီစုံနိုင်ငံရေး” (Pseudo-multiparty systems) ဆိုတာကိုလည်း အနည်းအကျဉ်းလောက်ပဲ ဖော်ပြခဲ့ပါတယ်။ အဓိကကျတဲ့ အာဏာပိုင် အုပ်ချုပ်ရေး ၇ မျိုးအကြောင်းကို လင့်ဇ်က စာအုပ်ထဲမှာ ဖော်ပြခဲ့ပေမဲ့ လီဗစ်စကီး နဲ့ ဝေးလ် တို့ ဆွေးနွေးထားတဲ့ “ယှဉ်ပြိုင်မှုရှိသော အာဏာပိုင်စနစ်” ဆိုတာမျိုးကို ဖော်ပြမထားဘဲ အဲဒီလို ဖော်ပြ မထားတာအတွက်လည်း အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုနေခါမှာ တွေ့ရများတဲ့ စပ်ကြားအစိုးရဆိုတာက (ဟိုအရင် အတိတ်မှာ မရှိခဲ့ဘဲ) ခောတ်ပြိုင်ကမ္ဘာရဲ့ ထုတ်ကုန်တခု ဖြစ်နေတာကြောင့်ပါ။
ဆက်လက်ဖော်ပြပါမည်။
(လယ်ရီဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာ၊ National Endowment for Democracy’s International Forum for Democratic Studies ၏ ပူးတွဲညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး Hoover Institution တွင်လည်း ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သည်။ မကြာသေးခင်က ထွက်ရှိထားသော စာအုပ်များမှာ Political Parties and Democracy [Richard Gunther နှင့် ပူးတွဲတည်းဖြတ်] နှင့် The Global Divergence ofDemocracies (Marc F. Plattner နှင့် ပူးတွဲတည်းဖြတ်) တို့ဖြစ်သည်။)