သတင်း

ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေ ပြင်ဆင်ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

ပြည်ပ အလုပ် အကိုင်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည် ပရွှေ့ပြောင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦး က ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ မြေနီကုန်းရှိ ကရုဏာ ဆေးခန်းတွင် ရွှေ့ပြောင်းအလုပ်သမား ကွန်ရက်မှ ကျင်းပသော ရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

“ဥပဒေအားလုံးကိုခေတ်နဲ့ လျော်ညီအောင် ပြင်နေတယ်။ ဒီဟာက ကျင့်သုံးနေတယ်ဆိုပေမယ့် လိုအပ်ချက်တွေရှိလာတဲ့ အပေါ် ထပ်ပြင်ဆင်ကြတာပေါ့။ ဒီနှစ်အတွင်းမှာ ပြင်ဆင်သွားမှာပါ”ဟု ဒေါ်ခင်နွေဦးက ပြောသည်။

အဆိုပါဥပဒေမှာ ၁၉၉၉ ခုနှစ်ကတည်းက အတည်ပြု ကျင့်သုံးနေသည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ၌ ပါဝင်သည့် အခန်းများတွင် အလုပ်သမားများ ခံစားခွင့် ပိုရလာရေးနှင့် တရားမဝင် လူခေါ်ပွဲစားများ ပပျောက်ရေးအတွက် ဦးတည်ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုဒီတခါကျရင်တော့ ဥပဒေကိုပြင်ဆင်မယ်ဆိုရင် ပြည်ပအေဂျင်စီတွေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေကိုပါ ခေါ်ပြီး ဆွေးနွေး တိုင်ပင်သွားမယ်။ လိုအပ်ချက်မရှိအောင် ထည့်သွားဖို့ စီစဉ်ထားပါတယ်”ဟုလည်း ဒေါ်ခင်နွေဦးက ပြောသည်။

ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေမှာ ပြည်တွင်းအေဂျင်စီများ လိုက်နာကျင့်သုံးရမည့် ဥပဒေတခုဖြစ်ပြီး လက်ရှိတွင် အဆိုပါဥပဒေ နှင့် လိုက်နာခြင်းရှိမရှိကို စစ်ဆေး အရေးယူလျက် ရှိကြောင်း သိရသည်။

“နောက်ဒီဥပဒေကို ပြင်တာနဲ့အတူ အေဂျင်စီ ဆိုင်ရာမူဝါဒဆိုတဲ့ အပိုင်းကိုလည်း ရေးဆွဲသွားမယ်။ ဒီဟာကတော့ အသစ်ရေးဆွဲတာ ပေါ့။ အလုပ်သမား တဦးကို ဘယ်လို တာဝန်ယူပေးမလဲ။ အစိုးရနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ။ ဒီအချက်တွေကို အဓိက ပါဝင် ရေးဆွဲမှာပါ။ အစိုးရပိုင်းကလည်း ဘယ်လို ကူညီပေးနိုင်မလဲပေါ့”ဟု ဒေါ်ခင်နွေဦးက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါဥပဒေဖြင့် အေဂျင်စီများကို ထိန်းကျောင်းနေခြင်းဖြစ်ကြောင်း၊ တရားဝင်ခွင့်ပြုထားသည့် အေဂျင်စီပေါင်း ၁၈၂ ခု ရှိကြောင်း သိရသည်။

“လက်တွေ့မှာက လူခေါ်ပွဲစားတွေက ရှိနေတုန်းပဲ။ ဒီပြဿနာတွေ ပြေလည်ဖို့အတွက် လုပ်ဆောင်ရမှာပါ။ အခုဆို အစိုးရပိုင်းက လည်း ပူးပေါင်းဆောင်ရွက်မှုတွေ တော်တော်လုပ်လာတယ်။ ဒီအပိုင်းမှာသွားတဲ့ လုပ်သားတွေ အပိုင်းကလည်း နားလည်ဖို့လို တယ်။ တကယ်ကိုယ့်အတွက် လုံခြုံဖို့အတွက် တရားဝင် အေဂျင်စီတွေ ဘက်ကနေ သွားစေချင်တယ်”ဟု ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်မှ ဦးစိန်ဌေးက ပြောသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ တခုဖြစ်သည့် တူဒေး တော့ပ်စတား ကုမ္ပဏီမှ ဦးအောင်ခိုင်က“အလုပ်သမားကို ကာကွယ် တဲ့ ဥပဒေ၊ အေဂျင်စီတွေကိုလည်း ကာကွယ်တဲ့ ဥပဒေမျိုး ဖြစ်စေချင်တယ်။ ဥပဒေသည် တကယ် အလုပ်လုပ်တဲ့လူပေါ်မှာတကယ် သက်ရောက်နိုင်ဖို့ လိုပါတယ်။ အဲဒီလိုမှ တရားမဝင်လူခေါ်ပွဲစားတွေ ပျောက်ပါမယ်။ သူတို့ကို အဓိက ပပျောက်ဖို့အတွက် ထိရောက်မယ့် ဥပဒေတွေ ပါဖို့လိုပါတယ်”ဟု ပြောဆိုသည်။

အေဂျင်စီများအနေဖြင့် ပြည်ပအလုပ်ကိုင်ဥပဒေအပြင် လူကုန်ကူးမှုအဖွဲ့မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက် နာ ဆောင်ရွက်ကြရကြောင်း သိရသည်။

ဒေါ်ခင်နွေးဦးကလည်း“အခုအချိန်အထိ လူခေါ်လမ်းလျှောက်ပွဲစားတွေ အန္တရာယ်က မပပျောက်သေးဘူး။ အနိမ့်ဆုံးငွေကြေး အလိမ်ခံရ တယ်။ နောက် အမြင့်ဆုံး ကတော့ လူကုန်ကူးခံရတယ်။ သူတို့တွေက ထိုင်းနဲ့မလေး နယ်စပ်တွေမှာ ရှိနေသလို ပြည်တွင်းမှာလည်း ရှိတယ်။ နယ်စပ်တွေမှာ ရှိနေတဲ့ လူခေါ်ပွဲစားတွေ မပပျောက်တာက သူတို့က နယ်စပ်မှာနေတော့ ဘာသာစကားကျွမ်း တယ်။ တချို့က လူကုန်ကူးတာတော့ မဟုတ်ဘူး။ တကယ် အလုပ်လုပ်ဖို့တော့ ခေါ်ပေးတယ်။ နောက် တစုံတခုဖြစ်ရင် တာဝန် မယူဘူး။ အလုပ်သမားတွေ အာမခံချက် မရှိဘူး။ ဒီတော့ အလုပ်သမားတွေ ဘက်ကလည်း တရားဝင် စေလွှတ်ခွင့်ပေးထားတဲ့ အေဂျင်စီတွေ နဲ့ ချိတ်ဆက် လုပ်ဆောင်သင့်တယ်”ဟု ပြောသည်။

အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် မတ်လအထိ ပြည်ပသို့ အလုပ်သမား တရားဝင် စေလွှတ်မှုပေါင်း ၁၈၈၉၂၀၇ ဦး ရှိကြောင်း၊ တရားဝင်ခွင့်ပြုပေးသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး ၎င်းတို့တွင် မလေးရှားနိုင်ငံကို လုပ်သား အများဆုံး ပို့ထားကြောင်း၊ ၎င်းနောက်တွင် ထိုင်း၊ တောင်ကိုရီးယားနှင့် စင်ကာပူ နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မလေးရှားရှိ မြန်မာနိုင်ငံသား အလုပ်သမားများသည် တိုက်ခိုက်ခံရသည့် အန္တရာယ်များနှင့် ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများသည်လည်း လုပ်ခလစာ အပြည်အ၀ မရရှိသည့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ထိခိုက်နစ်နာမှု အပါအဝင် အနိုင်ကျင့် ဖိနှိပ်ခံရမှုစသည့် အခက်အခဲများနှင့် ကြုံတွေ့နေကြရဆဲဖြစ်သည်။

Loading