ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပစ်ရပ် မူကြမ်းသစ် ထွက်ပေါ်ရန်ရှိ
This article has been converted from Zawgyi One to Unicode
ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပမည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေးပွဲမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု မူကြမ်းတခု ထွက်ပေါ်လာရန် ရှိကြောင်း သိရ သည်။
ယင်း ဆွေးနွေးပွဲကို လာမည့် ဇန်နဝါရီ ၂၄ ရက်နေ့မှ ၂၅ ရက်အထိ ဘာအံမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကာ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများဘက်မှ ဖွဲ့စည်းထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ၎င်းတို့၏ နှစ်ဘက်မူကြမ်းများကို ညှိနှိုင်းကြမည်ဖြစ်ကြောင်း NCCT ဒု ဥက္ကဌ စောကွယ်ထူးဝင်း က ဧရာဝတီ သို့ ပြောသည်။
“သူ့ မူကြမ်း ကိုယ့်မူကြမ်းကိုင်ပြီး ဆွေးနွေးနေတာနဲ့ ဆွေးနွေးပွဲက ပြီးမှာ မဟုတ်တော့ဘူး၊ အခုဟာက မူကြမ်းတခုတည်း ဖြစ် အောင် ညှိနှိုင်း နေတာပါ၊ လက်ရှိ တော်တော်များများက အဓိပ္ပာယ်တူတာတွေ များတယ်၊ စကားလုံးတွေ ပြန်ညှိကြတာပေါ့၊ ဘာအံ ဆွေးနွေးပွဲမှာ မူကြမ်း တခု ထွက်လာဖို့ ရှိပါတယ်၊ နှစ်ဘက်သဘောတူတဲ့ မူကြမ်းပေါ့”ဟု ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။
ယင်းမူကြမ်းနှင့် ပတ်သက်ပြီး ယခုလ ၂၉ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သော အလွတ်သဘော တွေ့ဆုံမှု၌လည်း နှစ်ဘက် အမြင်အားဖြင့် ရာခိုင်နှုန်း အများစု တူညီကြောင်း သိရသည်။
ထိုတွေ့ဆုံမှုတွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဘက်မှ ညှိနှိုင်းသည့် မူကြမ်းမှာ ယခင်အပစ်အခတ် ရပ်စဲရေး ဆိုင်ရာမူကြမ်းအတိုင်း မဟုတ်ဘဲ အသစ်ရေးဆွဲလာသည့် သဘော ဖြစ်ကြောင်းလည်း NCCT ဥက္ကဌ ဦးနိုင်ဟံသာ ပြောသည်။
“အမြင်အားဖြင့် ၈၀ ရာခိုင်နှုန်းလောက် တူညီတယ်၊ ဒီတခါမှာ သူတို့ဘက်က အသစ်ရေးလာတယ်၊ အဲ့ဒီဟာမှာ ယေဘုယျအနေနဲ့ ခြုံပြောရရင်တော့ ဖက်ဒရယ်မူကို ဦတည်တဲ့ဟာပေါ့”ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိ ညှိနှိုင်းမှု အခြေအနေများအရ တိုးတက်မှုရှိလာသော်လည်း လာမည့် ဇန်နဝါရီ၌ ကျင်းပမည်ဖြစ်သော ဘာအံ ဆွေးနွေးပွဲ တွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဆုံးသတ် ညှိနှိုင်းရေးမှာ မသေချာသေးကြောင်း နိုင် ဟံသာ က ပြောဆိုသည်။
“ဒီပွဲမှာ အဆုံးသတ်ညှိနှိုင်း နိုင်မယ်၊ မညှိနှိုင်းနိုင်ဘူး ဆိုတာက ရာနှုန်းပြည့်တော့ မပြောနိုင်သေးဘူးဗျ”ဟု ၎င်းက ပြောသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အနေဖြင့် လက်ရှိ ညှိနှို်င်း အကောင်အထည် ဖော်နေ မှုနှင့် ပတ်သတ်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဘာအံခရိုင် အတွင်းရှိ လောစီးလား ဒေသ တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံစုစည်း၍ မူူကြမ်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးရန် ရှိကြောင်း သိရသည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆွေးနွေးမည့် ညီလာခံသည် KNU က ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး ဘာအံဆွေးနွေးပွဲ မတိုင်ခင် ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းတွေ့ဆုံဆွေးနွေးမှုမှာ အောက်တိုဘာ လကုန်ပိုင်းက ကျင်းပခဲ့သည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံပြီးလျှင် ဒုတိယ အကြိမ်မြောက်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံသည့် ညီလာခံလည်း ဖြစ်သည်။
ယင်းညီလာခံမှ ဆုံးဖြတ်ချက်များနှင့် အစိုးရဘက်မှ ညှိနှိုင်းမည့် မူကြမ်းကို ဘာအံဆွေးနွေးပွဲတွင် ညှိနှိုင်းပေါင်းစည်းကြမည်ဟု လည်း သိရသည်။
ဘာအံဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဖြေတခု ထွက်လာနိုင်မည်ဖြစ်သည်နှင့်အညီ လေ့လာစောင့်ကြည့်သူများအဖြစ်လည်း ထပ်မံတိုးကာ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။
“အရင်တက်ခဲ့တဲ့ ကုလ ကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ နဲ့ တရုတ်ကိုယ်စာလှယ်လည်း ပါမယ်။ အင်္ဂလန်၊ ဂျပန် ထပ်ဖိတ်မယ်၊ ဒေါ်စုနဲ့ ဦးခွန်ထွန်းဦးတို့ကိုလည်း ဖိတ်ဖို့ သဘောတူထားပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုများကို လက်ရှိ အစိုးရသစ် တက်လာပြီး နောက် ပိုင်းမှစ၍ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီမှုများဖြင့် လုပ်ဆောင်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ယခုအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူမှုကို လက်မှတ်ထိုးရန် လုပ်ဆောင်လျက်ရှိပြီး သမ္မတ ဦးသိန်းစိန် ၏ ဥရောပခရီးစဉ် လန်ဒန် ချာတန်ဟောက် မိန့်ခွန်းတွင်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင် မည်ဟု နိုင်ငံတကာ မျက်နှာစာ အလယ်တွင် ပြောကြားထားသည်။