၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၅၉(စ) အပါအဝင် အချက် ၅၀ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြင်ဆင်ရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးအတွက် ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၇ ရက် မှ ၃၀ ရက် အထိ ကျင်းပခဲ့သော ကြံ့ခိုင်ရေး ပါတီ ဗဟို ကော်မတီ အဆင့် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အချက် ၇၃ ချက် တင်ပြရာ၌ ၂၂ ချက်ကို ပယ်ဖျက်၍ ၅၁ ချက် ကို ပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ပြောသည်။
ပြင်ဆင်ချက်များ ထဲတွင် သမ္မတ အရည်အချင်း ပြင်ဆင် သတ်မှတ်ခြင်း အပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိ စေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာဝန်ပေး ဆောင်ရွက်ရန် ဆိုသော အချက်များ ပါဝင်ကြောင်း လည်း ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြော ပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)တွင် တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဆိုသော အချက်ကို ကြံ့ခိုင်ရေး ပါတီက ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်သွင်းမည်ဟု သဘောတူခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာ ရန် အတားအဆီးများစွာ ရှိနေသေးကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။
NLD နေပြည်တော် ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ဦးကို မွေးဖွားခဲ့သည့် အချိန်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး နိုင်ငံသား မှတ်ပုံတင် ခဲ့ကြောင်းကို ၁၉၈၉ ခုနှစ်က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော် ပြောဆိုထားကြောင်း၊ သားနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းကို ရှင်း လင်း ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုးရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော့် အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က သေသွားပြီ ဆိုတော့ ပြဿနာ မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံလိုက်ရင် ရပြီ။ ဒါဆို သူ သမ္မတအဖြစ် အရွေးခံခွင့် ရှိပြီ”ဟု ဦးလှဆွေက ဧရာဝတီသို့ ပြော သည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ လက်ရှိ အာဏာရ ပါတီဖြစ်သော ကြံ့ခိုင်ရေး ပါတီ၏ သဘောထား တခု တည်းနှင့်သာ ဒေါ်ဆောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘဲ ဖြတ်ကျော်ရမည့် အဆင့်များစွာ ရှိနေသေးကြောင်း၊ လွှတ်တော်ထဲတွင် ယင်းအချက်ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်မှု အပါအဝင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။
နိုင်ငံရေး သဘောအရ ကြံ့ခိုင်ရေး ပါတီ အနေဖြင့် သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ပေးလိုကြောင်း သဘောထား ရှိသည်ဟု ထုတ်ပြရုံသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သမ္မတ ဖြစ်ခွင့် ပုဒ်မကို ပြင်ဆင်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော် ရှိရန် လိုအပ်သည့် အတွက် တပ်မတော်၏ သဘောထားမှာ အရေးကြီး လာကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုသည်။
“ကြံခိုင်ရေး ပါတီက ပြင်ပေးဖို့ သဘောတူရုံလောက်နဲ့ ဒေါ်စု သမ္မတ မဖြစ်နိုင်သေးဘူး။ လွှတ်တော်ထဲမှာ ဒီကိစ္စကို ပြန်ဆွေးနွေးရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ ကြံ့ခိုင်ရေး အပါအဝင် တခြားပါတီတွေနဲ့ တိုင်းရင်းသားတွေ ထောက် ခံဦး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တယောက် မထောက်ခံရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်က သဘောတူ သွားရင်တောင် ဖွဲ့စည်းပုံမှာပါတဲ့ အချက် ၇၄ ချက်လောက်က တနိုင်ငံလုံးမှာ လူထု ဆန္ဒခံယူပွဲ လုပ်ပြီး ပြင်မှရမယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။
တနိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေ အားလုံးထောက်ခံမှ သာလျှင် ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဖြစ်နိုင်ခြေ နည်းပါးသည်ဟုလည်း ၎င်းက ပြောသည်။
တပ်မတော် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပြီး ဖြစ်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင် သေး ကြောင်း ၊ သို့သော် မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီသို့ ပြောကြားသည်။
NLD ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စီစဉ်နေကြောင်း၊ ဖွဲ့စည်းပုံ အခန်း(၁၂)၌ ပြင်ဆင်ခွင့် ပေးထားရာ ထိုအခန်း (၁၂) ကိုပင် ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ပြောသည်။
“အခန်း(၁၂)ကိုလည်း ပြင်ဖို့လုပ်မှာပါ။ ဟို ၇၅ ရာခိုင်နှုန်းကျော် ဆိုတာလည်း ပြင်ရမယ်။ ကျနော်တို့ ၅၉(စ) ကိစ္စအပါအဝင် ပြင် ရမယ့် အကြောင်းတွေ အားလုံးကို မကြာခင်ထုတ်ပြန်ပေးဖို့ ရှိပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂)တွင် ပုဒ်မ ၇၀ ကျော်ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၉ ရက်တွင် NLD ပါတီ၏ ၂၀၁၃ ခုနှစ် အတွက် ဒုတိယအကြိမ် ဗဟို ကော်မတီ အစည်းဝေး ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ NLD ပါတီ အနေဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက အစည်းဝေး အပြီးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။
“ဒီလို အခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မဝင်သင့်ဘူးဆိုတာ သဘောတရားရေး အရ ပြောတာ။ ဒေါ်စုက NLD အတွက် ပြောခဲ့တာ မဟုတ်ဘူး။ သဘောတရားရေးအရ ပြောခဲ့တာ။ ဒီနေ့အစည်းဝေးက NLD ရွေးကောက်ပွဲဝင်မဝင် ဆုံးဖြတ်တဲ့ အစည်းဝေး မဟုတ်ဘူး။ ရွေးကောက်ပွဲ ဝင်ဖို့ အရင်ကတည်းက ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ဝင်ဖြစ်အောင် ဝင်မယ်လို့ ကျနော် ပြောတာ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
NLD ပါတီသည် ယင်း၏ ပြိုင်ဖက်ပါတီ ကြံ့ခိုင်ရေး ပါတီနှင့် နှလုံးရည်အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ပြင်း ထန်မည် ဖြစ်ကြောင်း၊ NLD အနေဖြင့် ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင် လိုသော အချက် ၁၆၈ ချက် ရှိကြောင်း ထုတ်ပြန် ပြောဆိုသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အကြံပြုချက် များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာလ ၂၄ ရက်က ပေးပို့ခဲ့သည်ဟု ထုတ်ပြန်သည်။
အကြံပြုချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အရွေးခံနိုင်မည့် ပုဒ်မကို ပြင်ဆင်ပေးရန် တောင်းဆိုမှု မပါဝင်ဘဲ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှု ၊ ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဖြစ်စဉ် ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှ ဆုံးဖြတ်ထားသော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ တရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းနေမှု ဖြစ်စဉ်များ အားလုံးကို ဆက်စပ် ညှိနှိုင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပေဒေ ပြင်ဆင် ပြောင်းလဲမှုများကို ဥပဒေကြောင်းအရ ခိုင်မာစွာ အတည်ပြုနိုင်ရန် အကြံပြုထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲ တင်းကျပ်လွန်းပါက ဥပဒေအရ ဖြေရှင်းနိုင်မှု မရှိဘဲ သွေးထွက် သံယိုမူများ၊ အုံကြွမှုများဖြင့် ပြောင်းလဲရသည့် အခါ နိုင်ငံ အတွက် များစွာသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ယင်း အကြံပြုစာတွင် ပါရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံ ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၅ ရက်တွင် တပ်မတော် အစိုးရက မြို့နယ်ပေါင်း ၂၇၈ မြို့နယ်တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၉၉.၀၇ ရာခိုင်နှုန်း တက်ရောက်ခဲ့ပြီး ယင်းတို့အနက်မှ ၉၂.၄ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ထိုအချိန်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုး က ကြေညာခဲ့သည်။