မသန်စွမ်းသူများ၏ လူ့အခွင့်အရေး၊ ရပိုင်ခွင့့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် နိုင်ငံတော်အဆင့် မသန်စွမ်း ဗဟိုအဖွဲ့
အစည်း တည်ထောင်ခွင့် စသည့် အချက်အလက်များ ပါဝင်သည့် မသန်စွမ်း ဥပဒေမူကြမ်းကို လာမည့် ဇန်နဝါရီတွင် လွှတ်တော်သို့ တင်ပြသွားရန် ရှိကြောင်း သိရသည်။
“ဥပဒေမူကြမ်းကို ဌာနရဲ့ အစီအစဉ်နဲ့ လွှတ်တော်မှာ တင်ပေးမယ်လို့ သိထားတယ်၊ လက်ရှိမှာက ဥပဒေ မရှိဘူးဆိုတော့ မသန်စွမ်းသူတွေ ဘက်က တခုခုဖြစ်လာပြီ ဆိုရင် ဘာမှပြောလို့မရဘူး။ ဥပဒေ ပေါ်ပေါက်လာရင်တော့ သက်သေနဲ့တကွ ပြောဆိုခွင့်တွေ ရလာမှာ” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီအစဉ် ဒါရိုက်တာ ကိုနေလင်းစိုးက ဧရာဝတီသို့ ပြောသည်။
ဥပဒေမူကြမ်းတွင် အခန်း ၁၇ ခန်း ပါဝင်ပြီး မွေးရာပါ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ မသန်စွမ်းသူများ အတွက် ပြန်လည် ထူထောင်ရေး၊ အများနည်းတူ တန်းတူ ပညာသင်ကြားခွင့်၊ ခွဲခြား ဆက်ဆံခံရမှု ပပျောက်ရေး၊ လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်၊ မသန်စွမ်းသူများ အတွက် သယ်ယူ ပို့ဆောင်ရေးကိစ္စ၊ ဉာဏ်ရည် မမီသော ကလေးသူငယ်များ ကိစ္စ၊ အမှုအခင်း ရင်ဆိုင်ရချိန်တွင် ရပိုင်ခွင့်နှင့် နိုင်ငံတော်အဆင့် ဗဟိုအဖွဲ့အစည်း ဖွဲ့စည်းခွင့် စသည့် အချက်အလက်များကို ဥပဒေ ပညာရှင်များနှင့် တိုင်ပင်ကာ ရေးဆွဲထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့
ပေးပို့ထားကြောင်း သိရသည်။
“အစိုးရပိုင်းက နေပြီးတော့ မသန်စွမ်း သူတွေနဲ့ ပတ်သက်တဲ့ အထောက်အပံ့ ပြုမှုတွေ အရမ်း အားနည်းနေသလို နိုင်ငံတကာမှာ နောက်ဆုံးအဆင့် ရောက်နေတယ်ဆိုတာ လွှတ်တော်ထဲ သွားခဲ့တုန်းကလည်း လူကြီးတွေကိုယ်တိုင် ဝန်ခံပြီးသားပါ” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ချုပ်မှ အစီအစဉ် ဒါရိုက်တာ ကိုနေလင်းစိုးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများသည် သာမန်လူများကဲ့သို့ တန်းတူအခွင့်အရေး မရရှိကြသေးဘဲ အစိုးရပိုင်းမှ ထောက်ပံ့ ပေးမှုများမှာလည်း အားနည်းလျှက်ရှိသဖြင့် အဆိုပါ ဥပဒေကြမ်း ပေါ်ပေါက်လာမည် ဆိုပါက မသန်စွမ်းသူများ အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် အထောက်အကူ ပြုလာနိုင်မည်ဟု သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မသန်စွမ်းသူများ အတွက် အစိုးရက တလလျှင် ဘတ် ၅၀၀ ထောက်ပံ့ကြေး ပေးနေသလို တခြားနိုင်ငံများ တွင်လည်း မသန်စွမ်းသူများ အတွက် အထောက်အပံ့ ဆောင်ရွက်နေမှုများ ရှိနေသော်လည်း
မြန်မာနိုင်ငံတွင် နိုင်ငံ၏ စီးပွားရေး အခြေအနေကြောင့် လည်းကောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် လည်းကောင်း မသန်စွမ်း သူများအတွက် အထောက်အပံ့များ လုံးဝ မရှိသေးကြောင်း ကိုနေလင်းစိုးက သုံးသပ်သည်။
မသန်စွမ်းသူများသည် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်သွားလာမှု စသည့် အခြေအနေများတွင်
ခွဲခြား ဆက်ဆံမှုများစွွာ ရှိနေကြောင်း၊ အစိုးရဌာနများ၊ ကုမ္ပဏီများက အလုပ် ခေါ်ယူရာတွင်လည်း ကျန်းမာ သန်စွမ်းရန် လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြချက်သည် မသန်စွမ်းသူများကို ပယ်ထားရာ ရောက်နေကြောင်း၊ မတရား ဖိနှိပ် အနိုင်ကျင့် ခံရမှု များစွာလည်း သာမန်လူများထက် ပိုမိုခံစားရကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်က လူမှုဝန်ထမ်း ဦးစီးဌာနနှင့် The Leprosy Mission Myanmar တို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ လူဦးရေ သန်း ၅၀ တွင် မသန်စွမ်းသူ ဦးရေ ၁ ဒဿမ ၃ သိန်းခန့် ရှိကြောင်း၊ လူဦးရေ သန်း ၆၀ ဖြစ်မည်
ဆိုပါက မသန်စွမ်းသူ ဦးရေ ၁ ဒဿမ ၅ သိန်းခန့် ရှိနိုင်ကြောင်း သိရသည်။