နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးလှုပ်ရှားမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများကို သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယနေ့ စတင်လွှွတ်ပေးရာ၌ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ လွတ်မြောက်သေးကြောင်း သိရ သည်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ တင်ပြထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း ၅၀ ကျော်၌ ၅ ဦးသာ လွတ် မြောက်သေးကြောင်း ၄၆ ဦး ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောသည်။
လွတ်မြောက်လာသူ ၅ ဦးမှာ အင်းစိန်ထောင်မှ ကိုရန်နိုင်ထွန်း၊ ကိုအောင်မင်းနိုင်၊ တောင်ကြီးထောင်မှ အိုက်ပိုင် (ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S)၊ ရဲမင်း ခေါ် ကာဘရယ် (ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO)၊ မော်လမြိုင် ထောင်မှ ကိုဆန်းထွေး (ကရင်အမျိုးသား အစည်းအရုံး KNU) တို့ ဖြစ်ကြောင်း သိရသည်။
“တချို့ကတော့ တခြားအမှုတွေဖြစ်တဲ့ လက်နက် ကိုင်ဆောင်မှု၊ မီးရှို့မှု၊ လူသတ်မှု စတဲ့အမှုတွေနဲ့ မလွှတ်သေးတာတွေ ရှိတယ်။ သူတို့တွေ လွတ်မြောက်ဖို့လည်း ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ။ နောက်ပြီး တရားဝင် ဖျက်သိမ်းရခြင်းမရှိသေးတဲ့ ပုဒ်မ ၁၈ လို ဥပဒေတွေကိုလည်း လွှတ်တော်က ပယ်ဖျက်နိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ”ဟု ဦးတိတ်နိုင်က ပြောသည်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် လိုက်ပါကူညီပေးနေသူ တဦးဖြစ်သည့်် ကိုဒီငြိမ်းလင်းကလည်း“ကျနော်တို့ အခု ဟိုမြို့နယ် သွားလိုက်၊ ဒီမြို့နယ်သွားလိုက်နဲ့ ခြေတိုနေပြီ။ အခုမှ စစ်ဆေးဆဲ အမှုတွေ ပထမဆုံး လွှတ်ပေးတာဆိုတော့ အဆင့် ဆင့် သွားနေရတယ်။ အရင်ခေတ်က လုပ်ထုံးလုပ်နည်း ကြိုးနီစနစ်တွေကတော့ မပျောက်သေးဘူး”ဟု ပြောသည်။
လက်ပံတောင်းတောင် ဆန္ဒပြပွဲတွင် တရုတ်အလံ မီးရှို့မှုနှင့် ဖမ်းဆီး စွဲဆိုခံထားရသည့် ဒေါ်နော်အုန်းလှ မှာ ယနေ့ ညနေပိုင်း ၃ နာရီခွဲ အထိ လွတ်မြောက်လာမှု မရှိသေးသည့်အတွက် အင်းစိန် အကျဉ်းထောင်ရှေ့တွင် လူဦးရေ ၂၀၀ နီးပါးက ဆန္ဒပြတောင်း ဆိုကြကြောင်းလည်း သိရသည်။
“အခုချိန်ထိ ဒေါ်နော်အုန်းလှကို မလွှတ်သေးဘူး။ ကျနော်တို့ုတွေ ဒေါ်နော်အုန်းလှ လွတ်မြောက်ရေးအတွက် တောင်းဆိုနေတာပါ။ ဥပေဒနဲ့အညီ လွှတ်ပေးမယ်ဆို ဒီနေ့ လွှတ်ပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကိုထင်ကျော်တို့၊ ကိုစည်သူတို့လည်း မလွတ်မြောက် လာသေးပါဘူး။ ကျနော်တို့တွေ အကျဉ်းထောင်ရှေ့မှာ မလွတ်မချင်း စောင့်နေကြမှာပါ”ဟု ဒေါ်နော်အုန်းလှ လွတ်မြောက်မှုကို စောင့်ကြိုနေသည့် ကိုမင်းလွင်ဦး ဆိုသူက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းအရ ဒေါ်နော်အုန်းလှ နှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသည့် ကိုထင်ကျော်တို့ ယနေ့ညနေပိုင်းတွင် လွတ်မြောက်လာကြောင်း ကြားသိရသည်။
ယမန်နေ့က ထုတ်ပြန်လိုက်သည့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းခွင့်အမိန့်တွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံ တော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံး ကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ် ရမည်ဖြစ်ပြီး စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်ဟု ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် ဇူလိုင်လက သွားရောက်ခဲ့သော၎င်း၏ ဗြိတိန် ခရီးစဉ်အတွင်း ယခု နှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးမည် ဖြစ်ကြောင်း ကတိပေး ပြောဆိုထားသည်။