သမ္မတ ဦးသိန်းစိန်၏ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်လိုက်သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် အတူ ထောက်လှမ်းရေး နှင့် အကောက်ခွန်ဝန်ထမ်း တချို့ပါ ပြန်လည်လွတ်မြောက်လာကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား များ စိစစ်ရေးကော်မတီမှ ကိုဘိုကြည်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
လတ်တလောစာရင်းများအရ သမ္မတ၏ လွတ်ငြိမ်းခွင့်အမိန့်ကြောင့် လွတ်မြောက်လာသူများတွင် အကောက်ခွန်ဝန်ထမ်း ၂ ဦး၊ ထောက်လှမ်းရေး ၂ ဦး လွတ်မြောက်လာသည်ဟု ကိုဘိုကြည်က ဆိုသည်။
“ကျနော်တို့ တင်ပြထားတဲ့ အထဲမှာ ၄၆ ယောက် လွတ်ဖို့ ကျန်သေးတယ်။ မကြာခင်ရက်ပိုင်းအတွင်း ထပ်လွှတ်ပေးမယ်လို့ ထင်ပါတယ်။ ကျနော်တို့ စာရင်းအတိအကျ မသိရသေးဘူး။ အစိုးရပိုင်းက ထုတ်ပြန်ပေးသွားဖို့ ကျနော်တို့ တိုက်တွန်းမှာပါ။ စာရင်း အတိ အကျ ရရင်လည်း ကျနော်တို့ ထုတ်ပြန် ပေးပါမယ်”ဟု ကိုဘိုကြည်က ပြောဆိုသည်။
ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသော သတင်းအချက်အလက်များအရ နိုင်ငံရေးအကျဉ်းသား ၄၀ ဝန်းကျင်ခန့် လွတ်မြောက်လာပြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသော နိုင်ငံရေး လှုပ်ရှားသူ ၁၂၀ ဝန်းကျင်ခန့် တရားစွဲမှုမှ လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အထွေထွေ အတွင်းရေမှူး ကိုတိတ်နိုင်ကလည်း ပြော သည်။
“သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကိုတော့ ကြိုဆိုပါတယ်။ အခုဆို နိုင်ငံရေး အမှုအနေနဲ့တော့ ကုန်ပါပြီ။ နိုင်ငံရေး အကျဉ်းသား တွေတော့ လွတ်ဖို့ ကျန်ပါသေးတယ်။ ကျနော်တို့အနေနဲ့လည်း ဆက်လက် ကြိုးစားသွားပါမယ်။ နောက်ပြီး တခြားအမှုတွေနဲ့ စွဲချက် တင် ထောင်ချထားတဲ့ သူတွေကိုလည်း ဆက်လက်လွှတ်ပေးဖို့ ဆောင်ရွက်သွားပါမယ်”ဟု ကိုတိတ်နိုင်က ဆိုသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲဆိုခံနေရသော ကိုရဲမင်းဦး၊ ဒေါ်နော်အုန်းလှ၊ ကိုထင်ကျော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ တချို့ အပါအဝင် ၇ ဦး ခန့် ပြန်လည်လွတ်မြောက်ခဲ့သည်။
ကိုရဲမင်းဦးက“နိုင်ငံရေးအမှုဆိုတာမျိုးက မစွဲသင့် မစွဲထိုက်တဲ့ ဥပဒေတွေပါ။ အခုလို နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး ထောင်ချတယ်ဆိုတာကလည်း နိုင်ငံရေးအရ လက်နက်သဖွယ် အသုံးချတယ်လို့ပဲ မြင်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ ပုဒ်မ အမျိုးမျိုးနဲ့
ထောင်ချထားတဲ့ တိုင်းရင်းသားတွေ ကျန်ပါသေးတယ်။ ဘယ်သူတွေကို နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ပာယ်တပ်ရမှန်း မသိပေ မယ့် မတရားဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချထားသူတွေကိုတော့ လွတ်စေချင်ပါတယ်”ဟု ပြောသည်။
ဒေါ်နော်အုန်းလှသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် တရားရင်ဆိုင်နေရသော ပုဒ်မ ၅၀၅(ခ)အမှု သုံးခု၊ ပုဒ်မ ၁၈ အမှု ၂၁ ခု ပယ်ပျက်သွားသော်လည်း ၂၀၀၇ ခုနှစ် ရွှေတိဂုံဘုရား ပေါ်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်း မှု အတွက် ဆက်လက် တရား ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“မနေ့ကတော့ အဲဒီ တမှု ကျန်သေးလို့ ကိုယ်ပိုင်ခံဝန်ကတိ လက်မှတ်ထိုးပြီးမှ လွတ်လာခဲ့တာပါ။ သမ္မတအနေနဲ့ အခုလို လွှတ်ပေး လိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် မတရားတဲ့ ပုဒ်မ ၄၂၇ ၊ ၄၄၇ တွေ နဲ့ တရားစွဲခံထားရတဲ့ လယ်သမားတွေလည်း ကျန်နေ ပါသေးတယ်။ ကျမအနေနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ပုဒ်မ ၁၈ ကို ရအောင် ဖျက်သိမ်းသွားဖို့ ကြိုးစားမှာပါ”ဟု ဒေါ်နော်အုန်းလှက ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းခွင့်အမိန့်တွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ မတရားအသင်း အက် ဥပဒေ ပါ ပြစ်မှုများ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံများအား အမှုမှ ချက်ချင်း လွှတ် ရမည်ဖြစ်ပြီး စုံစမ်းအရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်ဟုလည်း ဖော်ပြထား သည်။