ရန်ကုန်မြို့၏ အချက်အခြာကျသော နေရာ ၁၅ ခုတွင် လေထု သန့်ရှင်းရေး လုပ်ငန်းများအတွက် ဂျာမန် နည်းပညာ ပူးပေါင်းရေး အဖွဲ့German International Co-operation(GIZ)နှင့် ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေး ဌာနတို့ ပူးပေါင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့ပြ အင်္ဂါရပ်ဖြင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်ပြီး လေထုညစ်ညမ်းမှု များပြားလျက်ရှိသော နေရာများကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) ၏ စံချိန်စံညွှန်းများအတိုင်း ရှိလာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ တာဝန်ရှိ ပုဂ္ဂိုလ် တဦးက ဧရာဝတီသို့ ပြောသည်။
“ကားတွေ အသွားများတဲ့ နေရာတွေ၊ စက်မှုလုပ်ငန်းတွေ ရှိတဲ့နေရာတွေလို အဓိကကျတဲ့နေရာ ၁၅နေရာမှာ အရင်ဆုံး တပ်ဆင် သွားမယ်။ အဓိက လေထုညစ်ညမ်းမှု ဘယ်လောက် ရှိနေပြီလဲ၊ ဘယ်အဆင့်အထိ ရောက်နေပြီလဲ ဆိုတာကို စက်က ထုတ်ပြန် ပေးသွားမှာ။ အဲ့ဒီလို စက်ကနေ သတိပေးချက် ထုတ်ပြန်ရင်တော့ ဒီနေရာက လေထု ညစ်ညမ်းမှုရှိတဲ့ နေရာလို့ သတ်မှတ်ပြီး လေ ထု သန့်ရှင်းအောင် ပြုပြင်မှုတွေ လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ လေထု အရည်အသွေး စောင့်ကြည့် လေ့လာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဂျာမန် နည်း ပညာ ပူးပေါင်းအဖွဲ့ German International Co-operation (GIZ) မှ အဓိက ကူညီ ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း သည် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများတွင် စက်များတပ်ဆင်ပြီး ကူညီပေးခဲ့ကြောင်း သိရသည်။
“စက်တွေက ပြည်ပကနေ မှာထားတာ။ ထိုင်းနယ်စပ်ကို ရောက်နေပြီ။ အခုက နှစ်သစ်ကူး ရုံးပိတ်ရက်တွေ ခွင့်ကာလ ရက်ရှည် တွေ ရှိနေတယ်လေ။ ပြောရရင် သယ်ရုံပဲ ရှိတော့တယ်။ စက်တွေကို လာမယ့် နှစ်ဆန်းပိုင်းလောက်မှာ စပြီးတပ်ဆင်သွားဖို့ စီစဉ် နေ ပါပြီ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်မြို့တွင် WHO ၏ စံချိန်စံညွှန်း တိုင်းတာမှုအရ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသည့် နေရာများကို ပြည်သူများသို့ ထုတ်ပြန် အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မူလ သတ်မှတ်ထားသည့် ၁၅ နေရာအပြင် အခြားနေရာများ၌ စက်များ တိုးချဲ့တပ်ဆင်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါ ၁၅ နေရာသည် မည်သည့် နေရာများ ဖြစ်သည်ကို ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ တာဝန်ရှိ ပုဂ္ဂိုလ်က ဆိုသည်။
ရန်ကုန်မြို့အတွင်း လေထု အရည်အသွေး တိုင်းတာရေး စက်ပစ္စည်း ကိရိယာများ တပ်ဆင်ခြင်း အပြင် စွန့်ပစ်အမှိုက်များ အတွက် စီမံခံခွဲမှု ဆိုင်ရာ လုပ်ဆောင်ချက်များ၊ စွန့်ပစ်အမှိုက်များအား လျှပ်စစ်နှင့် သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်ရန် ဆောင်ရွက်မှုများ အပြင် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ခိုင်မာစွာ ပေါ်ပေါက်လာရေး အတွက် ပြည်ပနိုင်ငံများဖြင့် ပူးပေါင်း ဆောင်ရွက်မှုများလည်း ရှိကြောင်း ၎င်းက ပြောဆိုသည်။
၂၀၁၂ခုနှစ် မတ်လ အတွင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်တွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး ဦးစီးဌာန တခုအဖြစ် ထည့်သွင်း ဖွဲ့စည်းကာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ (Enviromental Conservation Law) အသစ်ကို ပြဌာန်းခဲ့သည်။
ထို့အပြင် အဆိုပါ လုပ်ငန်းများ အတွက် ဂျပန်အစိုးရနှင့် ဂျပန်နိုင်ငံ၏ နည်းပညာ အကူအညီ ထောက်ပံ့မှုများကို ရယူဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများကို ယခင် အစိုးရ လက်ထက်က ပြည်သူသို့ အသိပညာ ဖြန့်ဝေပေးမှု အားနည်းချက်များ ရှိခဲ့သည်ဟု ပညာရှင် တချို့က ဝေဖန် ပြောကြားမှုများ ရှိခဲ့ပြီး၊ အစိုးရသစ် လက်ထက်တွင် သဘာ၀ ပတ်ဝန်း ကျင် ဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင် လာသည်ကို တွေ့ရသည်။