မြန်မာနိုင်ငံတွင် တခြား အာဆီယံ နိုင်ငံများနည်းတူ စားသုံးသူ အခွင့်အရေး ကာကွယ်သည့် ဥပဒေတရပ် ပြဌာန်း အတည်ပြု ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာပြည်သူ့ ဖိုရမ်တွင် တိုက်တွန်း ဆွေးနွေးခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ ကျင်းပပြုလုပ်သည့် ဖိုရမ်တွင် ယင်းသို့ တိုက်တွန်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိပြဌာန်းထားသော အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၃၄ သည် ယခင် စစ်အစိုးရ လက်ထက် ကတည်းက ပြဌာန်းထားသည့် ဥပဒေ တရပ်ဖြစ်ပြီး ယနေ့ခေတ် ကာလနှင့် လျော်ညီမှု မရှိတော့ကြောင်း သူက ပြောသည်။
ယင်းဥပဒေ၏ ပြစ်မှုနှင့် ပြစ်ဒဏ်ခန်းတွင် ပါဝင်သည့် “ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ တမျိုးမျိုး ချမှတ်နိုင်သည်” ဆိုသည့် ပြဌာန်းချက်အား “မဖြစ်မနေ ထောင်ဒဏ်ချမှတ်ရန်” ဟု ပြင်ဆင်သင့်ကြောင်း မြန်မာပြည်သူ့ဖိုရမ်၏ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်ရှိဥပဒေဟာ လုပ်ငန်းရှင်တွေ၊ ခရိုနီတွေကိုသာ ကာကွယ်ပေးတဲ့ ဥပဒေတွေ ဖြစ်နေတယ်။ ဒီတော့ စားသုံးသူကို ကာကွယ်ပေးတဲ့ ဥပဒေကို ဖြစ်ဖို့အတွက် အမျိုးသား အစားအသောက် ဥပဒေထဲမှာလည်း ဒီအချက်ကို ထည့်သွင်း ပြင်ဆင်ရမယ်” ဟု ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြည်သူအားလုံး ယုံကြည်စိတ်ချ အားထားရသော နိုင်ငံတကာ အဆင့်မီ အမျိုးသား ဓာတ်ခွဲခန်းများကို မဖြစ်မနေ တည်ထောင်ရန် လိုအပ်ကြောင်း ဖိုရမ်သို့ တက်ရောက်လာသည့် လူမှုအဖွဲ့အစည်း များက တောင်းဆိုလိုက်သည်။
ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သည် အဂတိတရား ကင်းရှင်းပြီး မိမိတို့ဌာနမှ ထောက်ခံချက် ပေးထားသော စားသောက်ကုန် ပစ္စည်းများကို အနည်းဆုံး သုံးလ တကြိမ် စစ်ဆေး၍ မသင့်သော စားသောက်ကုန် ပစ္စည်းများကို မီဒီယာများမှ အသိပေးကြေညာချက်များ ထုတ်ပြန်ပေးရန်လည်း တောင်းဆို ခဲ့သည်။
“ဌာနကို နမူနာတင်တဲ့ အစားအသောက်တွေတင် မဟုတ်ဘဲ ဈေးကွက်ထဲမှာ ရှိတဲ့ အစားအသောက်တွေ ကိုပါ စစ်ဆေးပြီး ပြည်သူလူထုကို မစားသုံးသင့်တာတွေ ကိုလည်း သတင်းပြန်ကြား သင့်တယ်။ နယ်စပ်ဂိတ်ပေါက် တွေမှာလည်း ရုံးခွဲတွေ ထားရှိပြီး ဝင်လာတဲ့ ဟာတွေကို ကြိုတင် စစ်ဆေးပြီးမှ ခွင့်ပြုသင့်တယ်” ဟု ဦးဗအုပ်ခိုင်က ထုတ်ပြန်တောင်းဆိုသည့် အချက်ကို ရှင်းပြသည်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုများကို လျှော့ချပြီး သဘာဝ မြေသြဇာနှင့် ဇီဝပိုးသတ်ဆေးများကို ပြောင်းလဲ အသုံးပြုရန်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
“အသီးအနှံတွေမှာ ကြီးထွားမြန်နှုန်းဆေးတွေ၊ ပိုးသတ်ဆေးတွေ အစရှိတဲ့ ဓာတုဗေဒဆေးတွေကို လွန်လွန်ကဲကဲ သုံးတာတွေကြောင့် အခုနောက်ပိုင်းမှာ အရက်၊ ဆေးလိပ် မသောက်သုံးပဲနဲ့ အသည်းကင်ဆာ ဖြစ်တဲ့သူတွေ၊ ကျောက်ကပ်၊ နှလုံး အစရှိတဲ့ ရောဂါဖြစ်ပွားသူတွေ တနေ့တခြား ပိုပိုများလာတယ်” ဟု အမည်မဖော်လိုသူ အသည်းရောဂါ အထူးကု ဆရာဝန်တဦးက ပြောသည်။
ရန်ကုန် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးဖြစ်သည့် ဒေါ်စန်းစန်းမြင့်က “ကျမရဲ့ အမျိုးသားဆို အရက်၊ ဘီယာ၊ ဆေးလိပ် လုံးဝမသောက်ဘဲ အသည်းရောဂါဖြစ်လို့ အရမ်းအံ့သြနေတာ။ ဆရာဝန်ရဲ့ ပြောပြချက်အရ အပြင်စာတွေ၊ ဓာတု ဗေဒ အချိုရည်တွေ၊ အရန်သင့် ခေါက်ဆွဲခြောက်တွေ အရမ်းစားလို့ ဖြစ်တာဆိုပြီး သိရတယ်။ ဈေးထဲကဝယ်တဲ့ ဟင်းသီး ဟင်းရွက်တွေကိုတောင် ရေအထပ်ထပ်ဆေးပြီး ချက်ပြုတ်စားသောက် နေရတယ်။ တပိုင်တနိုင် Organic စိုက်ပျိုးရေး တခြံစိုက်ပြီးတောင် စားရမလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အာဆီယံ ဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသည် အစားအသောက် ဘေးကင်လုံခြုံမှု အနိမ့်ဆုံးနိုင်ငံ တနိုင်ငံ ဖြစ်သည်ဟု သုံးသပ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးသည် မြန်မာနိုင်ငံ၏ အမျိုးသားရေး အခွင့်အရေးတရပ် အဖြစ် အဆိုပါအသင်းမှ ရှုမြင် သုံးသပ်မိကြောင်း ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ ဖြစ်ပွားနှုန်း အဆမတန်မြင့်တက်လာတဲ့ ကင်ဆာအန္တရာယ်က လူကြီးပိုင်းတွေသာ မကဘူး၊ ကလေးသူငယ်တွေရယ် အလုပ်လုပ်နိုင်တဲ့ လူလတ်ပိုင်း အရွယ်တွေပါ ဖြစ်နေတဲ့အတွက် နိုင်ငံတော်အနေနဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးတယ်။ နောက်ပြီး ဆေးကုသ စရိတ်တွေ ဟာလည်း နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာမယ်။ ဒါဟာအမျိုးသားရေး အန္တရာယ် တခုလို့ သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အာဆီယံ အစိုးရများအား မြန်မာနိုင်ငံသို့ တင်သွင်းမည့် စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများအား လုံခြုံစိတ်ချမှု ရှိမှသာ တင်သွင်းပေးရန် တောင်းဆိုထားပြီး အာဆီယံ ပြည်သူ့ဖိုရမ်တွင် တက်ရောက်လာမည့် အစိုးရများ ထံသို့လည်း မြန်မာ တနိုင်ငံလုံး၏ စားသုံးသူများ ကိုယ်စား ထပ်မံတောင်းဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သည့်အခါ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပျက်စီးစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုးများ လုံးဝမလုပ်ဖို့ သက်ဆိုင်ရာ အာဆီယံ အစိုးရအသီးသီး အနေဖြင့် ၎င်းတို့နိုင်ငံ၏ လုပ်ငန်းရှင်များအား ကြီးကြပ်သင့်သည်ဟု အကြံပြုထားကြောင်း ဦးဗအုပ်ခိုင်က ဆိုသည်။
မြန်မာ ပြည်သူ့ဖိုရမ်တွင် မြန်မာနိုင်ငံရှိ အရပ်ဖက် လူ့အဖွဲ့အစည်း ပေါင်း ၁၆၅ ဖွဲ့၏ အသံများကို စုစည်း ဖော်ထုတ်ပြီး နိုင်ငံတော် အစိုးရထံ တင်ပြမည်ဖြစ်ကာ၊ ၂၀၁၄ တွင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ ဖိုရမ်အတွက် ကြိုတင်ပြင်ဆင် နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဖွဲ့အစည်း အသီးသီးမှ လူဦးရေ ၆၅၀ တက်ရောက်ခဲ့သည့် ယင်းဖိုရမ်တွင် တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ခေါင်းစဉ် ၄ ခုဖြင့် အလုပ်ရုံပေါင်း ၁၈ ခု ကျင်းပ ပြုလုပ်ခဲ့သည်။