နှစ်ပေါင်း ၂၀ ကျော် လွတ်လပ်သော စာနယ်ဇင်းအတွေ့အကြုံများဖြင့် ရပ်တည်ခဲ့သော ဧရာဝတီ သတင်းဌာနက မြန်မာ ဘာသာဖြင့် ရိုက်နှိပ်သော “The Irrawaddy” အပတ်စဉ်ထုတ် ဂျာနယ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် မြန်မာ တနိုင်ငံလုံးသို့ စတင်ဖြန့်ချိခဲ့ရာ ရန်ကုန်နှင့် မန္တလေး ဂျာနယ်ဈေးကွက်တွင် အရောင်းသွက်လျှက် ရှိကြောင်း စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့တွင်း ဂျာနယ် အရောင်းဆိုင်များတွင် The Irrawaddy ဂျာနယ်ကို တစောင် ၅၀၀ ကျပ်ဖြင့် ရောင်းချသည့် ယနေ့ နံနက်ပိုင်းတွင်ပင် ရောင်းကုန်သွားပြီး ဂျာနယ်အသစ်များ ထဲတွင် ချက်ချင်းရောင်းကုန်သော ဂျာနယ်ဖြစ်သည်ဟု အရောင်းဆိုင် များက မှတ်ချက်ပြုသည်။
“သိတဲ့သူတွေကျတော့ မနေ့ကတည်းက ကြိုပြီး လာမှာထားတယ်။ ဧရာဝတီထွက်ရင် ငါတို့အတွက် ချန်ထားတဲ့။ ကျနော် တို့တောင် ဒီနေ့ထွက်မယ်ဆိုတာ မသိဘူး။ ဆင်တောင်ကြီးကလည်း ကြိုပြီးတော့ စာရင်းမကောက်ဘူး။ ဂျာနယ်အသစ်ဆိုမှ ဧရာဝတီဆိုတာ သိပြီး ၁၄ စောင်ယူလိုက်တာ။ အခု ရောင်းကုန်သွားပြီ ” ဟု ဆူးလေတွင် ဂျာနယ်ရောင်းသူ ကိုဖြိုးက ပြောသည်။
ဂျာနယ်ဈေးကွက်တွင် Eleven၊ 7 Day နှင့် The Voice ဂျာနယ်တို့မှာ ရောင်းအားကောင်းလျှက် ရှိပြီး နောက်ပိုင်းတွင် သူရိယအလင်းနှင့် မြန်မာသံတော်ဆင့် ဂျာနယ်တို့မှာ ရောင်းအား သိသိသာသာ မြင့်တက်လာကြောင်း၊ နေ့စဉ် သတင်းစာတွင် Eleven နှင့် စံတော်ချိန် သတင်းစာတို့ ဖြစ်ကြောင်း၊ စံတော်ချိန်မှာ ၂၀၀ ကျပ်ဖြင့် ရောင်းချနိုင်သောကြောင့် ယင်း သတင်းစာ
ရောင်း အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တွင်း ဂျာနယ်အရောင်းဆိုင် တချို့မှ စုံစမ်း သိရှိရသည်။
“ဂျာနယ်က ရောင်းလို့ ကုန်သွားပြီ။ လူတွေက လာမေးနေကြတုန်းပဲ။ ဧရာဝတီ ထွက်မယ်ဆိုတာ သူတို့က သိနေတယ်။ ဧရာဝတီက ဝက်ဘ်ဆိုက် ရှိပြီးသားဆိုတော့ Brand က ပေါက်ပြီးသား။ အသစ်ဆိုပေမယ့် လူသိများတဲ့ အသစ်ဖြစ်နေတယ်” ဟု ရန်ကုန် ၃၂ လမ်းထိပ်တွင် ဂျာနယ်ရောင်းသူ ကိုအကြီးကောင်က ပြောသည်။
မန္တလေးမြို့တွင်လည်း ဧရာဝတီ ဂျာနယ်ရောင်းအား ကောင်းသည်ဟု ပြောနိုင်ပြီး ဂျာနယ် ၇ စောင်ဝယ်လျှင် တီရှပ်တထည် လက်ဆောင် ပေးသောကြောင့် မှာယူထားသော ဂျာနယ်အားလုံး ရောင်းထွက်ခဲ့သည်ဟု မန္တလေးမြို့ ထွန်းဦးစာပေမှ
အရောင်းတာဝန်ခံ အမျိုးသမီးက ဆိုသည်။
“အသစ်မှာ ဒီလောက်ရောင်းရတယ်ဆို မဆိုးဘူးပေါ့။ တီရှပ်လည်း လက်ဆောင် ပေးလိုက်တော့ အကုန်ကုန်သွားတယ်။ ဂျာနယ် အခြေအနေကတော့ နောက်တပတ်ကျမှ သိရမှာ” ဟု ယင်း အမျိုးသမီးက ဆက်ပြောသည်။
“The Irrawaddy က နွားခြေရာခွက်ထဲက ထွက်ပြီး ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တယ်” ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကိုယ်တိုင် သုံးသပ်ထားသော ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်တွင် ကိုအောင်ဇော်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရ အပြောင်းအလဲတွင် ပြည်တွင်းသို့ ဝင်ရောက် လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။
The Irrawaddy ဂျာနယ် ထုတ်ဝေရခြင်း အကြောင်းကို ဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ဇော်က “ဂျာနယ်ထုတ်ဖို့က အခုမှ စိတ်ကူးရတာ မဟုတ်ပါဘူး။ ဧရာဝတီကို အင်္ဂလိပ် Version နဲ့ ပြည်ပ ထိုင်းနိုင်ငံမှာ ထုတ်ကတည်းက မြန်မာပြည် မှာလည်း ပြန်ထုတ်ချင်တယ် ဆိုတဲ့ စိတ်ဆန္ဒ ရှိပြီးသား။ ကျနော်တို့ ပြင်ခဲ့တာ ၂၅ နှစ်လောက် ရှိသွားပါပြီ။ မြန်မာပြည်ကို ၂၀၁၁၊ ၂၀၁၂ ပြန်လာခွင့်ရတဲ့ အချိန်က စပြီးတော့ ဂျာနယ်ထုတ်ဝေနိုင်ဖို့ကို ဆာလောင်နေခဲ့တာ” ဟု ပြောသည်။
ပြည်တွင်းတွင် လက်ရှိ အောင်မြင်လျှက်ရှိသော ဂျာနယ်၊ မဂ္ဂဇင်း အများအပြား ရှိသော်လည်း The Irrawaddy ဂျာနယ်ကို အရည်အချင်း ပြည့်ဝသော သတင်းတင်ဆက်မှု၊ အချက်အလက်ပေါ်တွင် အခြေခံသော သတင်းစာ ပညာတို့ဖြင့်
ထုတ်ဝေ သွားမည် ဖြစ်ကြောင်း ကိုအောင်ဇော်က ပြောဆိုပြီး ထိုကဲ့သို့ ထုတ်ဝေမည့် ဂျာနယ်ကို စောင့်ဖတ်လိုသော
စာဖတ် ပရိသတ် မြန်မာနိုင်ငံတွင် ရှိသည်ဟု ၎င်းက ယုံကြည်နေသည်။
“နှစ်ပေါင်း ၂၀ ကျော်လောက် အမှောင်ခေတ်မှာ နေခဲ့တဲ့ မြန်မာလူမျိုးတွေက တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သုံးသပ်တင်ပြ ထားတာတွေကို သိချင်တယ်။ သူတို့မှာ အဲဒီ ဆာလောင်မွတ်သိပ်မှု ရှိတယ်။ အဲဒီ ကွက်လပ်ကို ကျနော်တို့ ဖြည့်ပေးနိုင်မယ်လို့ ထင်တယ်။ နောက်တခုက မြန်မာပြည်က အခုမှ တံခါးပွင့်တဲ့ အဆင့်ပဲ ရှိသေးတယ်။ အဲဒီအတွက် အခု တကယ် ကျုံးရုန်းပြီးအလုပ်လုပ်ရမှာ။ အဲဒီထဲမှာ မီဒီယာလည်း ပါတယ်။ နိုင်ငံတကာ မှာရော၊ ဒေသတွင်းမှာပါ အစဉ်အလာရှိခဲ့တဲ့ ဧရာဝတီအနေနဲ့ ဒီကွက်လပ်တွေကို ဖြည့်ပေးနိုင်မယ်လို့ ကျနော်တော့ ယုံတယ်” ဟု သူက ဆိုသည်။
The Irrawaddy ဂျာနယ်သည် အရည်အသွေး ကောင်းမွန်ပြီး ဖတ်စရာ အချက်အလက် များစွာ ပါဝင်သည့်အတွက် သဘောကျသော်လည်း ပြုပြင်ပြောင်းလဲမှု များစွာလိုသေးကြောင်း မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်ကလည်း ပြောသည်။
“Layout Design ကို ဒီထက်ပိုပြီး လုပ်နိုင်ရင် ကောင်းမယ်။ ဓာတ်ပုံသုံးတာလည်း နည်းတယ်၊ ဆောင်းပါးနဲ့ လိုက်တဲ့ ဓာတ်ပုံတွေ ထည့်နိုင်ရင် ပိုကောင်းမယ်။… ကောင်းတာက ယောက်ကျာ်တွေ လူပျိုစစ်ဖို့ ဘာကြောင့် မလိုတာလဲဆိုတာ ခေါင်းစဉ်မိုက်တယ်။ အဲဒီလို စိတ်ဝင်စားအောင် ပေးရမှာ” ဟု မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က သုံးသပ်သည်။