ကယား (ကရင်နီ) ပြည်နယ်တွင် လောပိတ ရေအားလျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်း ရှိသော်လည်း ဒေသခံများမှာ လက်ရှိ အချိန် အထိ လျှပ်စစ်မီး မရသေး၍ အခက်အခဲ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးမရရှိသဖြင့် ဒေသဖွံ့ဖြိုးမှု၌ များစွာဆုံးရှုံး နေရကြောင်း၊ ပညာရေးနှင့် ကျန်း မာရေး အရေးပေါ် ကိစ္စများတွင် အခက်အခဲ ကြုံနေရကြောင်း၊ လျှပ်စစ်မီး အထောက်အကူပြု အသုံးပြုနေရသည့် လုပ်ငန်းများ အတွက် အဆင်မပြေကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂအဖွဲ့မှ ကိုခွန်းအာသန်း က ဧရာဝတီသို့ ပြောသည်။
“မီးမရတဲ့ အတွက် ကျန်းမာရေးမှာ အရေးပေါ်ဆိုရင် တော်တော် ဒုက္ခရောက်တယ်။ လမ်းမီးမရှိတဲ့ အတွက် သွားလာမှု ခက်ခဲပြီး ဘာမှ လုပ်လို့မရဘူး။ မီးမရှိတော့ ဒေသဖွံ့ဖြိုးမှုက ၉၅ ရာခိုင်နှုန်းလောက် ဆုံးရှုံးတယ်”ဟု ကိုခွန်းအာသန်း က ဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် လျှပ်စစ်မီး ရရှိရန် နှင့် ပြည်နယ်အတွင်းက ထွက်ရှိသော သယံဇာတ ကို ဒေသခံ တိုင်းရင်း သား များပါ ခွဲဝေသုံးစွဲရန် အတွက် သက်ဆိုင်ရာကို တောင်းဆိုထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ကယား ဒေသခံ အမျိုးသမီး မူအန်ဂျေကလည်း“မီးမရတဲ့ အတွက် ကလေးတွေ ဖယောင်းတိုင်နဲ့ စာကြည့်ရတယ်။ တချို့ဆို စာ ဖတ်ရင်း အိပ်ပျော်သွားလို့ အိမ်မီးလောင်တယ်။ ဆေးခန်းဆိုရင် အရေးပေါ်မှာ မီးမရရင် ဖယောင်းတိုင်တို့၊ ဓာတ်မီးတို့နဲ့ပဲ ပြဿနာ ကို ဖြေရှင်းရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ကယားပြည်နယ် တခုလုံး မီးရရှိစေရန် နည်းစနစ်သည် အဓိက ကျကြောင်း၊ ကျေးရွာအားလုံးကို ၂၀၁၅ ခုနစ်အတွင်း မီးလင်းစေရန် အတွက် ဆောင်ရွက်နေကြောင်း၊ မီးရရှိရန် နိုင်ငံတကာ အကူအညီ ရရှိရေး အတွက် လုပ်ဆောင်နေကြောင်းနှင့် အမှတ်(၃) လောပိတ ရေအားလျှပ်စစ် စက်ရုံအသစ် မကြာမီပြီးစီးတော့မည် ဖြစ်ကြောင်း ပြော ဆိုသည်။
“လောပိတ အမှတ် (၃) စက်ရုံထုတ် လျှပ်စစ်မီးက ထိုင်းနိုင်ငံနဲ့ စာချုပ် မချုပ်ပါဘူး။ ပြည်တွင်းကိုပဲ ဖြန့်မှာပါ။ ကုမ္မဏီ သုံးခုတောင် တင်ဒါ ရသွားပြီ။ တယူနစ် ဘယ်လောက် ဖြစ်မယ် ဆိုတာတော့ မသိသေးဘူး”ဟု ဦးစောဟူးဟူးက ဆိုသည်။
လက်ရှိတွင် လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့နယ်၌ လျှပ်စစ်မီး တိုင်လိုင်းများ ဆွဲထားကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် မြို့နယ်နှင့် ကျေးရွာပေါင်း ၃၀၀ ကျော် ရှိနေကြောင်း သိရသည်။ ကယားပြည်နယ် တခုလုံး၌ တရားဝင် စာရင်းများအရ မြို့ ၇ ခု၊ မြို့နယ်ခွဲ ၁ ခု၊ ကျေးရွာ ၅၂၁ ရွာ ရှိကြောင်း သိရသည်။