ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ၁၉၈၃ ခုနှစ်က မြောက်ကိုရီးယား ဗုံးခွဲသူများ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ကြသော တောင် ကိုရီးယား နိုင်ငံသားများ အတွက် အထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် အမှတ်အသားတခုကို ဆောက်လုပ်ရန် စီစဉ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က မြောက်ကိုရီးယား ကွန်မန်ဒိုများက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ်ကို ဗုံးခွဲလုပ်ကြံသည့် ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများအတွက် ရည်ရွယ်၍ အထိမ်းအမှတ် တခုဆောက်လုပ်ရန် အတွက် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူတို့အကြား သဘောတူထားပြီး ဖြစ်ကြောင်း သိရ သည်။
“အထိမ်း အမှတ်အနေနဲ့ အမှတ်အသား တခု ထားဖို့ နှစ်နိုင်ငံ သဘော တူထားပြီးပြီ၊ အဆောက် အအုံ ပုံစံနဲ့ နေရာကိုတော့ ဆွေးနွေးဆဲပဲ”ဟု ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
အာဇာနည်ဗိမာန် အနီးတဝိုက်တွင် ဆောက်လုပ်ရမည်ဖြစ်သည့်အတွက် အာဇာနည်ဗိမာန်နှင့် လိုက်လျောညီထွေ ရှိနိုင်မည့် အဆောက်အအုံ ပုံစံကို ညှိနှိုင်းနေကြဆဲဖြစ်၍ အဆောက်အအုံ ဒီဇိုင်း၊ မြေနေရာနှင့် အကျယ်အဝန်း စသည့် အသေးစိတ်အချက် အလက်များကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံ့ရေးရာ ဌာနသို့ ဧရာဝတီ က ဆက်သွယ်မေးမြန်းရာတွင်လည်း အဆိုပါ အထိမ်းအမှတ် ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ပြောကြား၍ မရသေးသော်လည်း နောက်ပိုင်းတွင် တရားဝင် သတင်း ထုတ်ပြန်ပေးရန်ရှိသည်ဟု တာဝန်ရှိသူ တဦးက ပြောသည်။
သို့သော် ကိုရီးယား သတင်းဌာနတခု ဖြစ်သည့် Chosun မီဒီယာတွင်မူ အထိမ်းအမှတ် ကျောက်တိုင်ဆောက်လုပ်ရန် မြေနေရာကို အာဇာနည်ဗိမာန် ဧရိယာအတွင်း မြေဧရိယာ ၂၆၀ စတုရန်း မီတာ အကျယ်အဝန်း ဆောက်လုပ်ရန် မြန်မာအစိုးရဘက်က
သဘောတူညီထားကြောင်း ဖော်ပြထားသည်။
အဆိုပါအစီအစဉ်ကို သမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက သွားရောက်ခဲ့သည့် တောင် ကိုရီးယား ခရီးစဉ် အတွင်း တောင်ကိုရီးယား အစိုးရ၏ တောင်းဆိုမှုကို သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလပိုင်းအတွင်း တောင် ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ တဖွဲ့ကိုလည်း ရန်ကုန်သို့စေလွှတ်မည်ဖြစ်ကြောင်း၊ ကျောက်တိုင် ဆောက်လုပ် မည့်မြေနေရာသည် ဗုံးခွဲခံခဲ့ရသည့်နေရာကို လှမ်းမြင်နိုင်သည့် အနေအထားတွင်ရှိသည်ဟုလည်း
Chosun သတင်းတွင် ရေးသားထားသည်။
၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ ချန် ဒူးဝမ်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မြောက်ကိုရီးယားနိုင်ငံမှ လုပ်ကြံသူများက အာဇာနည်ဗိမာန်တွင် ဗုံးခွဲ လုပ်ကြံခဲ့ရာ တောင် ကိုရီးယား ဒု ဝန်ကြီးချုပ် Suh Suk-Joon နှင့် နိုင်ငံခြားရေးဝန်ကြီး Lee Bum-Suk အပါအဝင် စီးပွားရေး နှင့် စက်မှုရေးရာ ဝန်ကြီး၊ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာဝန်ကြီး၊ တောင်ကိုရီးယား သမ္မတလုံခြုံရေး အရာရှိ၊ အတွင်းရေးမှူးနှင့် သတင်းသမားတဦး အပါအဝင် ၁၇ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့ကြောင်း သိရ သည်။