ဒီနှစ် ၂၀၁၃ ခုနှစ် အမျိုးသား စာပေဆုပေးပွဲမှာ တသက်တာ စာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရသူတွေ ကတော့ ဆရာကြီး သိပ္ပံမှူးတင်၊ ဆရာကြီး အောင်သင်းနဲ့ ဆရာမကြီး ခင်ဆွေဦးတို့ ဖြစ်ပါတယ်။ အဲဒီအထဲကမှ စာရေးဆရာကြီး မဟာဆွေရဲ့ မျိုးဆက်ဖြစ်ပြီး တခေတ်တခါက လူကြိုက်များ အောင်မြင်ခဲ့ကာ ဒီနေ့ထက်တိုင် ပရိသတ် နှစ်ခြိုက်လက်ခံကြဆဲ ရသဝတ္ထုတွေကို ရေးသားခဲ့သူ တဦးဖြစ်တဲ့ ဆရာမကြီး ခင်ဆွေဦးကို သူ့ရဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထုတွေအကြောင်း အပါအဝင် သူရရှိခဲ့တဲ့ တသက်တာ စာပေဆု အကြောင်းတွေနဲ့ ပတ်သတ်ပြီး ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ တသက်တာစာပေဆု ချီးမြှင့်ခံရခြင်းအပေါ် ဆရာမကြီးရဲ့ ခံစားချက်ကို ပြောပေးပါဦး။
ဖြေ။ ။ အဲဒါကတော့ ကိုယ်ကလည်း ၁၂ နှစ်သမီးကစပြီး စာရေးခဲ့တာကိုး။ … ဆိုတော့ စာရေးသက်က ၇၀၊ တို့တိုင်းဌာနီ ထွက်တော့ ၂၈ နှစ်။ အဲဒီတုန်းကတော့ မျှော်ခဲ့တာပေါ့၊ အမျိုးသားစာပေဆုကို။ အဲဒီ နောက်ပိုင်းတော့ မမျှော်တော့ပါဘူး။ အခုလိုအချိန်မှာ ရလာတော့လည်း ဝမ်းသာပါတယ်။
မေး။ ။ ဆရာမကြီး ခုနက ပြောတဲ့အထဲမှာ “တို့တိုင်းဌာနီ” ကိုရေးတော့ ၂၈ နှစ်တဲ့။ အဲဒီလိုမျိုး အသက်ငယ်စဉ်မှာပဲ အဲဒီခေတ် အခါက အတော်လေး ဂယက်ရိုက်ခတ် စေခဲ့တဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထုကြီးကို ဇာတ်အိမ် အခိုင်အခံ့နဲ့ ရေးနိုင်ခဲ့တယ်။ ကျမတို့ ဒီဘက်ခေတ် ကာလမှာကျတော့ အဲဒီလို ဝတ္ထုမျိုးကို အမျိုးသမီး စာရေးဆရာမ ငယ်ငယ်တွေ ရေးတာ၊ ထွက်လာတာ မတွေ့ရတော့ဘူး။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ ခေတ်နဲ့လည်း ဆိုင်မယ်၊ စိစစ်ရေး အပိတ်အဆို့တွေ ကြောင့်လည်း ပါမယ်။ ဟိုခေတ်တုန်းကတော့ ဒေါ်ခင်မျိုးချစ်တို့က ရေးတယ်၊ ဒေါ်ဒေါ်မာ (လူထုဒေါ်အမာ) ကတော့ ဆောင်းပါးပေါ့။ ဒေါ်ခင်နှင်းယုလည်း သူ့ရဲ့ ဖဆပလ အတွေ့အကြုံတွေကို ဆောင်းပါးတွေ ရေးတယ်။ အခုနောက်ပိုင်းတော့ ဟုတ်တယ်၊ မရှိတော့ဘူး။ မရေးဖြစ် ကြတော့ဘူး။
မေး။ ။ ကျောင်းသားသမဂ္ဂ အဆောက်အအုံအကြောင်း နောက်ခံထားပြီးရေးတဲ့ “နှင်းဆီကမွှေး” ဝတ္ထုနဲ့ ပတ်သတ် ပြီးတော့လည်း စိစစ်ရေး ပြဿနာနဲ့ အမှတ်တရတွေ ရှိခဲ့တယ်လို့ ကြားမိပါတယ်။ အဲဒီကိစ္စကိုလည်း ပြောပါဦး။
ဖြေ။ ။ အဲဒီဖြစ်ရပ်ဟာ ၁၉၆၂ မှာဖြစ်တာ။ အဲဒါကို ၁၉၇၀ မှာ ထုတ်လိုက်တာ ထူးဆန်းစွာပဲ ပရိသတ် လက်ထဲကို ရောက်သွားတယ်။ ပရိသတ်က ခဏခဏ တောင်းဆိုတယ်။ စောင်ရေ ၃၀၀၀ ပြိုက်ကနဲကုန်သွားတယ်။ ဒါပေမယ့် နောက်ထပ် ထပ်ရိုက်ခွင့် ထုတ်ခွင့် မရတော့ဘူး။ အဲဒါ ဒီနေ့ ပွင့်လင်းကာလ ရောက်လာသည် အထိပဲ။ အတော်ကြာတာပဲ၊ ပိတ်ခဲ့တာ။ ဒီဝတ္ထုက တော်တော် ကံမကောင်းဘူး။ တွက်ကြည့်ရင် ၁၉၇၀ ကနေ ဒီနေ့ခေတ်အထိ ဆိုတော့။ မနှစ်ကမှ ပြန်ထုတ်ဝေခွင့် ရခဲ့တယ်။
မေး။ ။ ဆရာမကြီး ရေးခဲ့တဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထုတွေအကြောင်းနဲ့ တခြား အမှတ်တရတွေ အကြောင်းလည်း ပြောပြပါဦး။
ဖြေ။ ။ အခုပြောတဲ့ နှင်းဆီကမွှေးပေါ့။ ပြီးတော့ နေခြည်ဖြာတော့ နွေးလိမ့်မည်။ အဲဒါကတော့ ပုံစံတမျိုး ဆိုတော့ ထုတ်လို့တော့ ရခဲ့တယ်။ ဒါပေမယ့် နည်းနည်းတော့ အဖြတ်ခံရတယ်။ အဲဒါလည်း စိတ်တော့ မကောင်းဘူးပေါ့။ ပြီးတော့ “နှင်းဆီကမွှေး” မတိုင်ခင် တအုပ်က “အင်ကြင်းရဂုံ” ပေါ့။ သူက ကိုကိုးကျွန်း အကြောင်းလည်း ပါတယ်။ ဦးလေးလှ (လူထုဦးလှ) တို့ လူထုဒေါ်ဒေါ်မာတို့ရဲ့ ဘဝတစိတ်တဒေသပေါ့၊ ပါတယ်။ အဲဒါကို စိစစ်ရေး ရှိတုန်းက၊ ထုတ်တုန်းက ထုတ်ခွင့်တော့ ရမယ်၊ ဒါပေမယ့် အဖြတ်ခံရမယ်တဲ့။ ဒါနဲ့ … ဒီကိစ္စက နည်းနည်းတော့ ရယ်စရာကောင်းတယ်။ ရန်အောင် စာပေက ကိုညီညီအောင်က ကိုကိုကျွန်း အခန်းကို ကြားထဲကို ရွှေ့လိုက်တယ်။ မေဦးက ဖြတ်ရမယ် ဆိုရင်တော့ မထုတ်ပါနဲ့ တော့ပေါ့၊ နှမျောစရာကြီးလေ။ သူက အဲဒါကို တိုင်ပင်ကြပြီးတော့ ရှေ့က ဇာတ်ဝင်ခန်းကို အလယ်ကို ထည့်လိုက်တယ်။ ရှေ့မှာတော့ အပျိုးလေးပေါ့။ သူ့ယောက်ျားက သူ့မိန်းမကို လွမ်းတယ်ဆိုတဲ့ ဟာပေါ့။ နောက်တခုဖြစ်တဲ့ နှင်းဆီကမွှေး ကတော့ ဘယ်လိုမှ မလွတ်နိုင်တဲ့အချိန်၊ ၁၉၇၀ မှာပေါ့။ အဲဒါလည်း အမှတ်တရပဲ။
မေး။ ။ အခုဆို စာအုပ်ဆိုင်တွေ သွားလိုက်ရင် နိုင်ငံရေးစာအုပ်တွေက အရောင်းရဆုံး စာရင်းမှာ ထိပ်ဆုံးကပဲ။ ဆိုတော့ … ရသစာပေ၊ ရသစာအုပ်တွေ Top- Ten စာရင်းမှာ ပါနိုင်ဖို့က ဘာတွေလုပ်ဖို့ လိုအပ်မလဲ။
ဖြေ။ ။ ရသ စာပေကတော့လေ၊ ကိုယ့်ရဲ့ အသည်းနှလုံးပဲ။ ဒါနဲ့ပဲ ပရိသတ်နဲ့ နီးစပ်မှု ရှိခဲ့တာလေ။ ဒါပေမယ့် နောက်ပိုင်း ကျတော့ လူတွေက စာ သိပ်မဖတ်နိုင် ကြတော့ဘူးလေ။ ရသစာပေရဲ့ သဘောတရားတွေကို သိပ်နားမလည်ကြတော့ တာလည်း ပါတယ်။ ဒီတော့ ဖတ်တဲ့သူတွေ များများဖတ်အောင် ရေးတဲ့သူတွေကလည်း များများရေးပေါ့။ ဖြစ်တော့ ဖြစ်လာမှာပါ။ ကိုယ်က အကောင်းမြင်သမား ဆိုတော့ ဒီလိုပဲမြင်ပါတယ်။
မေး။ ။ အမျိုးသမီး စာရေးဆရာမတွေရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ Gender ကတော့ မေဦးက သိပ်မခွဲတတ်ဘူး။ ပြီးတော့ မေဦးရေးတဲ့ စာတွေကို အမျိုးသား ပရိသတ်ကလည်း လက်ခံကြတယ် ဆိုတော့ ဘယ်လိုပြောရမလဲ၊ ယောက်ျား ဆန်နေတယ်ပဲ ပြောရမှာပေါ့။ အဲဒီလိုဆိုတော့ ကိုယ်ကတော့ ခွဲတာ သိပ်မကြိုက်ဘူး။ အမျိုးသမီး စာရေးဆရာ၊ အမျိုးသား စာရေးဆရာဆိုပြီး ခွဲခြားခံစားမိတာ မရှိဘူး။
မေး။ ။ မဂ္ဂဇင်းတွေ အကြောင်းလည်း မေးချင်ပါသေးတယ်။ ဆရာမကြီးက စံပယ်ဖြူမဂ္ဂဇင်းကို တကယ့်ကိုပဲ အခက်အခဲတွေ ကြားက အရင်းအနှီး ကြီးမားစွာနဲ့ ထုတ်ဝေခဲ့တဲ့သူ ဆိုတော့။ ဆရာမကြီး ထုတ်တဲ့အချိန်တုန်းက မဂ္ဂဇင်း တစောင်ဖြစ်ဖို့ ခက်ခဲသလို ဒီနေ့ မဂ္ဂဇင်းတွေရဲ့ ကျန်းမာရေးကလည်း မကောင်းသေးပါဘူး။ အဲဒီ အပေါ်ရော ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကိုယ်တိုင်လည်း ဟိုး ၁၂ နှစ်၊ ၁၃ နှစ် သမီးကတည်းက မဂ္ဂဇင်းတွေမှာ ရေးလာတာလေ။ အဲဒီတုန်းကတော့ ရှုမဝ၊ သွေးသောက်၊ ငွေတာရီ၊ မြဝတီပေါ့။ သူ့ဟာနဲ့သူ ဟုတ်နေတာပဲ၊ လည်ပတ်နေတာပဲ။ ရှုးံတယ်လည်း မဟုတ်ဘူး၊ မြတ်တယ်လည်း မဟုတ်ဘူး၊ ဝါသနာအရပဲပေါ့။ မေဦးတို့ ခေတ်မှာကျတော့ အရှုံးအမြတ် တွေလည်း ကွဲလာတယ်။ တော်တော် များများကလည်း မဂ္ဂဇင်းတွေ ထုတ်လာကြတဲ့အတွက် ပရိသတ်က အားမပေးရင် အများကြီး ဆုံးရှုံးတယ်။ စီးပွားဖြစ်၊ စီးပွားပျက်ပေါ့။ ပြီးတော့ ဒီဘက်ပိုင်းမှာ အလှအပ လေးတွေကလည်း ကြိုက်လာကြပြီ။ ပြီးတော့ မဂ္ဂဇင်းမှာ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ ထည့်ရာမှာတောင် မတူကြဘူး။ ပေါ့ပေါ့ပါးပါး ဖတ်တဲ့သူ ရှိတယ်။ လေးလေးနက်နက် ဖတ်တဲ့သူ ရှိတယ်။ စံပယ်ဖြူကို ကျတော့ မေဦးက ကိုယ့်အိုင်ဒီယာနဲ့ လုပ်တဲ့အခါကျတော့ မဂ္ဂဇင်းက လှပါတယ်။ အကျိုးအမြတ်လည်း ရှိပါတယ်။ ဒါပေမယ့် စာကိုနားလည်ပေမယ့် လုပ်ငန်း နားမလည်တဲ့ အခါကျတော့ ဒုက္ခရောက်တာပေါ့။ ပြီးတော့ အဲဒီခေတ်က ဆရာကြီးတွေ ကလည်း ပြောတယ်။ ကိုယ်ကလည်း စာတွေကဖတ်တော့ စံပယ်ဖြူမှာ ပါတဲ့စာတွေက သိပ်ကို Advanced ဖြစ်နေတယ်။ ဒီတော့ အများက သိပ်လက်မခံနိုင်ဘူး။ အများစုက ချစ်တယ်၊ မုန်းတယ်၊ သနားတယ် … အဲဒီလိုတွေ ပေါ့ကွယ်။
မေး။ ။ အခုခေတ်ရော အဲဒီလိုပဲ မဟုတ်ဘူးလား။
ဖြေ။ ။ အခုခေတ်ကတော့ကွယ်၊ ကြည့်ရပါဦးမယ်။ တော်ကြာ ကိုယ့်ဝိုင်းပြီး ပြောနေကြဦးမယ်။
မေး။ ။ နောက်တခု ကျမ လေ့လာမိသလောက် ဆရာမကြီးက ၁၉၆၃ ခုနှစ် မှာ အမျိုးသား စာပေဆုကို ဝတ္ထုတိုပေါင်းချုပ်နဲ့ စတုတ္ထဆု ရခဲ့တယ်ဆိုတာ သိရတယ်။ အဲဒါ ဟုတ်ပါသလား။ တခြား နာမည်တူ တဦးလား။
ဖြေ။ ။ ဟုတ်တယ်။ ဝတ္ထုတို ပေါင်းချုပ်နဲ့ဆို ဟုတ်တယ်။ “ငြိမ်းချမ်းပါစေ” ဝတ္ထုတိုပေါင်းချုပ်။
မေး။ ။ ဆရာမကြီး အနေနဲ့ အမျိုးသားစာပေဆုကို နှစ်တွေ ဒီလောက်အများကြီးကြာပြီးမှ တခါ ထပ်ရတဲ့အပေါ်၊ ဒါကလည်း ကြားထဲမှာ ဆုစာရင်း ဝင်နိုင်တဲ့ ပရိသတ် လက်ခံတဲ့၊ အောင်မြင်တဲ့ ဝတ္ထုတွေအများကြီး ရှိခဲ့လျက်နဲ့ အခုအချိန်မှ တသက်တာ စာပေဆု ဆိုပြီး ရခဲ့တဲ့အပေါ်ရော ဘယ်လို ခံစားချက်ရှိလဲ။ နောက်ပြီး ဆရာမကြီးနဲ့ ပူးတွဲရတဲ့ ဆရာကြီး နှစ်ဦး စလုံး ဟာလည်း သူ့သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှာ နှစ်ပေါင်းများစွာ ကတည်းက သူ့သမိုင်းကြောင်းနဲ့သူ အခိုင်အမာ ရှိနေခဲ့ကြသူတွေ ဆိုတော့ ဆရာမကြီး အနေနဲ့ ဒီဆုဟာ ထိုက်ထိုက်တန်တန်လို့ ခံစားမိလား။ အင်မတန်ပဲ နောက်ကျ နေတယ်လို့ ခံစားမိလား။
ဖြေ။ ။ အဲဒါအပေါ်ပဲ မေဦးက ဆုပေးပွဲအပြီးမှာ စကားပြောရတုန်းက ပြောခဲ့သေးတယ်။ ရတဲ့အချိန်က တော်တော်နှောင်း နေပြီ။ အမှန်တော့ ပေးမယ်ဆိုရင် “တို့တိုင်းဌာနီ” ကတည်းက ရချင်တာပေါ့။ ဒါပေမယ့် မရဘူး။ ဒါတွေက ကိုယ့် ခေတ်ရဲ့ အခြေအနေ၊ တိုင်းပြည်ရဲ့ အခြေအနေတွေလည်း ပါသေးတာပေါ့။ ဒီကိစ္စက စာရေးဆရာတွေ အနေနဲ့ ကိုယ့်သဘောနဲ့ ကိုယ်လည်း မပြီးဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် စိစစ်ရေး ကိစ္စတွေ ပါလာတယ်။ ဒါကြောင့် “ပွင့်လင်း ရိုးသားစွာ ဆက်လက် ရေးပါရစေ …” လို့ ဆုတောင်း ပေးခဲ့တယ်လေ၊ အဲဒီနေ့က။
မေး။ ။ “တို့တိုင်းဌာနီ” လို ဝတ္ထုတွေကိုရော ထပ်ရေးချင်စိတ် မရှိခဲ့ဘူးလား။
ဖြေ။ ။ ရေးချင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်အရ အလုပ်များတာရော၊ ကိုယ်တိုင်က စိစစ်ရေးကို ကြောက်တာ ပါတယ်။ ဟန့်တာပေါ့ … လက်က တွန့်တယ်။ အခု စိစစ်ရေး မရှိတော့တဲ့ အချိန်ကျတော့လည်း ဇရာက ဖြစ်လာပြီလေ။
မေး။ ။ အမျိုးသမီး စာရေးဆရာမတွေ စုပြီးလုပ်ကြတဲ့ ဆရာမကြီးနဲ့ ဆရာမ ခင်မြဇင်တို့ကို ဂုဏ်ပြုပွဲနေ့က ပြောခဲ့သလို လူထုဒေါ်အမာ မရှိတော့တဲ့နောက်၊ နောက်နှစ်တွေမှာ ဆရာမကြီးရဲ့ မွေးနေ့ပွဲကို လူထုဒေါ်အမာ မွေးနေ့ပွဲလိုမျိုး လုပ်ကြဖို့ စီစဉ်ကြမယ် ဆိုတဲ့အပေါ် ကာယကံရှင်ဖြစ်တဲ့ ဆရာမကြီးရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တခုတော့ ရှိတာပေါ့ သမီးရယ်။ အဆင့်ပေါ့ …။ ဒေါ်အမာဆိုရင် အမေအရွယ် ဖြစ်တယ်။ ပြီးတော့ ပညာ အားဖြင့်လည်း အဖွားအရွယ်လို ဖြစ်သွားတယ်။ ဆိုတော့ အဲဒီလို လုပ်မယ်ဆိုရင်လည်း ဒေါ်ဒေါ်မာ လောက်တော့ ဖြစ်မလာ နိုင်ဘူး။ ဖြစ်လာရင်တောင် ကိုယ်က ပြန်ပြီး အားနာနေရမယ်နော်။ ဆိုလိုတဲ့ သဘောက … ဒူးနေရာဒူး တော်နေရာတော် ပေါ့ကွယ်။ ကိုယ်က နာမည်ကြီးတာတော့ မှန်ပါတယ်။ စာကိုလည်း ပရိသတ်က ကြိုက်ကြပါတယ်။ ဒါပေမယ့် ဒေါ်ဒေါ်နဲ့မှ မတူတာ။ တချို့ကတော့ ကိုယ့်ကို ချစ်လို့ ပြောကြပါတယ်။ မန္တလေးမှာ လူထုဒေါ်အမာ၊ ရန်ကုန်မှာ ဒေါ်ခင်ဆွေဦးပေါ့။ အဲဒီလိုဆို တောင်းပန်ရတယ်၊ အဲဒီလိုတော့ မပြောကြပါနဲ့လို့။ ဒေါ်ဒေါ်မာဟာ ကိုယ့်ဆရာ အရင်းလည်း ဖြစ်တယ်။ ဒေါ်ဒေါ်မာ ကြောင့်လည်း စာရေးဆရာ ဖြစ်လာတာ။ ၁၂ နှစ် ၁၃ နှစ် ကတည်းက ဒေါ်ဒေါ်မာ့ စာတွေ ဖတ်ခဲ့တာ။ ဒေါ်ဒေါ်မာလို ပွဲမျိုး ဖြစ်တယ်လို့တော့ မပြောနိုင်ပါဘူးလို့ …။