ယခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်မြောက် အဖြစ် ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး “ဧရာဝတီ” နိုင်ငံတကာ စာပေပွဲတော်သို့ မြန်မာနိုင်ငံဘွား အမေရိကန်စာရေးဆရာမ ဝင်ဒီလောရုံ တက်ရောက်မည်ဟု သိရသည်။
ဝင်ဒီလောရုံသည် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် နိုင်ငံတကာတွင် လူသိများသည့် မြန်မာ စာရေးဆရာများ ဖြစ်သော သန့်မြင့်ဦး၊ Pascal Khoo Thwe နှင့် ကိုကိုသက်တို့ အပါအဝင် မြန်မာ စာရေးဆရာ ၁၀၀ နီးပါးခန့်နှင့် အတူ တက်ရောက်လာမည် ဖြစ်သည်ဟု စာပေပွဲတော်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ဝင်ဒီလောရုံ တက်ရောက်ဖို့ သေချာသွားတာ ကျမတို့အတွက် အရမ်း ကံကောင်းပါတယ်။ သူက ထူးချွန်ပြီး စာပေတွေ အများကြီး ရေးသားနိုင်ခဲ့တဲ့ စာရေးဆရာမ တယောက် ဖြစ်ရုံတင်မကပါဘူး၊ ပုဂ္ဂိုလ်ရေး သမိုင်းကြောင်း အရလည်း မြန်မာနိုင်ငံနဲ့ ဆက်စပ်မှုတွေ ရှိနေတဲ့အတွက် သူတက်ရောက်ခြင်းဟာ စာပေပွဲတော်ကို နှစ်ဆတိုးပြီး ထူးခြားစေမှာ ဖြစ် ပါတယ်” ဟု စာပေပွဲတော်၏ ဒါရိုတ်တာ Jane Heyn ကပြောသည်။
မန္တလေးမြို့တွင် ကျင်းပမည့် “ဧရာဝတီ” စာပေပွဲတော်သို့ တက်ရောက်ရန် ဝင်ဒီလောရုံအနေဖြင့် စိတ်လှုပ်ရှားမှု၊ စူးစမ်းချင်စိတ်နှင့် စိုးရွံ့မှု အနည်းငယ် ဖြစ်နေကြောင်းလည်း သိရသည်။
“စာပေပွဲတော်တွေက စိတ်ပင်ပန်းစရာ ပွဲတွေဖြစ်နိုင်တယ်။ ဘာကိုမျှော်လင့်ထားရမလဲ ဆိုတာ ဘယ်တော့မှ မသေချာဘူး” ဟု ဝင်ဒီလောရုံက ဆိုသည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ဝင်ဒီလောရုံသည် အသက် ၂၀ အရွယ်တွင် နိုင်ငံကို စွန့်ခွာပြီး အမေရိကန်ပြည်ထောင်စုသို့ သွားရောက် အခြေချခဲ့သည်။ လက်ရှိ အချိန်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နေထိုင် လျှက်ရှိသည်။ ယခုအချိန်အထိ ဝတ္ထု ၃ အုပ်ရေးသား ထုတ်ဝေခဲ့ပြီး သူ့မိသားစု အမှတ်တရများ အကြောင်း ရေးသားထားသည့် “ရွှေထီး” (Golden Parasol) အမည်ရှိ စာအုပ်သည် ယမန်နှစ်က ထွက်ရှိခဲ့သည်။
ဖခင်ဖြစ်သူ အဖမ်းခံရပြီးနောက် ဝင်ဒီလောရုံကို အစိုးရက ကျောင်းတက်ခွင့် မပြုတော့ပေ။ မြန်မာပြည်မှ ထွက်ခွာရန် ကြိုးစားမှုကြောင့် ထောင် ၂ ပတ် ကျခဲ့သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုသို့ ၁၉၇၃ ခုနှစ်တွင် ရောက်ရှိခဲ့သည်။
၁၉၆၇ ခုနှစ်တွင် သူ၏ ဖခင် ကို ယခင် အာဏာရှင်ဟောင်း ဦးနေဝင်းက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပြီးနောက် ဝင်ဒီ လောရုံ မြန်မာနိုင်ငံကို စွန့်ခွာခဲ့သည်။ ဦးလောရုံဟု လူသိများသော သူ၏ ဖခင် အက်ဒွပ် မိုက်ကယ် လောရုံသည် ထိုအချိန်က လူသိများ၍ အရှိန်အဝါကြီးသော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည့် “The Nation” သတင်းစာတိုက်ကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။
နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြည်လည် လာရောက်ခွင့်ရခြင်းကြောင့် စာပေပွဲတော် သည် သူ့အတွက် အလွန် အရေးပါထူးခြားသည်ဟု ဝင်ဒီလောရုံက ဧရာဝတီသို့ အီးမေးလ်မှ တဆင့် ပြောကြားခဲ့သည်။
“ကျမမှာ ထူးခြားမှုတွေ ရှိနေလို့ အခုလို ဖိတ်ကြားခံခဲ့ရတယ်လို့ ထင်ပါတယ်။ ကျမကို မြန်မာနိုင်ငံမှာ မွေးတယ်။ မြန်မာနိုင်ငံမှာ ကျမ လူလားမြောက်ခဲ့တယ်။ ကျမရေးခဲ့တဲ့ စာအုပ်တိုင်းမှာ မြန်မာနိုင်ငံကို နောက်ခံထားပြီး ရေးဖွဲ့ခဲ့တယ်” ဟု သူက ဆိုသည်။
စာပေပွဲတော်သို့ မဖြစ်မနေ တက်ရောက်ရန် ဖြစ်လာရခြင်းသည် မြန်မာနိုင်ငံတွင် မြန်မာ စာရေးဆရာများ၊ စာဖတ်သူများနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးကြောင့် ဖြစ်သည် ဟုလည်း အသက် ၆၆ နှစ် အရွယ်ရှိပြီဖြစ်သော ဝင်ဒီလောရုံက ပြောသည်။
“ကျမ ဘဝရဲ့ အချိန်အများစုမှာ ကျမနိုင်ငံရဲ့ စာပေလောကနဲ့ ကင်းကွာနေခဲ့ရတယ်။ စာရေးသူတယောက် အနေနဲ့ရော၊ စာဖတ်သူ တယောက်အနေနဲ့ပါ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု ဖြစ်ပါတယ်။ အဲဒါတွေကို အခုမှစပြီး ပြန်လည် အမီလိုက် ချင်ပါတယ်” ဟုလည်း သူကဆိုသည်။
စာပေပွဲတော်၏ အစီအစဉ်များကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သူ၏ နောက်ဆုံးထုတ် စာအုပ် Golden Parasol နှင့် ပတ်သက်၍ ဆွေးနွေးခြင်း အပါအဝင် ကဏ္ဍ အတော်များများတွင် ပါဝင်နိုင်လိမ့်မည်ဟု ဝင်ဒီလောရုံက ယုံကြည် ထားသည်။ ထို စာအုပ်သည် ပါလီမန် ဒီမိုကရေစီ ခေတ်နှင့် စစ်အာဏာရှင် စနစ်သို့ ပြောင်းလဲသွားခဲ့သော ၁၉၆၀ အစောပိုင်း နှစ်များ အတွင်းတွင် သတင်းစာဆရာနှင့် နိုင်ငံရေးသမားအဖြစ် ကျင်လည်လှုပ်ရှားခဲ့သော သူ့ဖခင်၏ အကြောင်းများကို အမှတ်တရ ရေးဖွဲ့ထားခြင်းလည်း ဖြစ်သည်။
“စာပေပွဲတော်ရဲ့ အစီအစဉ်တွေထဲက “ကျေးကျွန်နဲ့ လူကုန်ကူးမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခု မှာလည်း ကျမ ပါဝင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကြောင်းအရာက ကျမရေးခဲ့တဲ့ “The Road to Wanting” ဆိုတဲ့ ဝတ္ထုရဲ့ အဓိက အကြောင်းအရာ ဖြစ်နေလို့ပါ” ဟု ဝင်ဒီလောရုံက ပြောသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက ရန်ကုန်တွင် ပထမအကြိမ် ကျင်းပခဲ့သော ဧရာဝတီ စာပေပွဲတော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နာယက အဖြစ်ပါဝင်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်မည့် နိုင်ငံတကာစာပေပွဲတော်၏ ဒုတိယနေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဧရာဝတီ စာပေပွဲတော်တွင် ကမ္ဘာ အနှံ့အပြားမှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာရေးဆရာများဖြစ်သော Louis de Bernieres၊ Jung Chang၊ Ben Okri၊ Caroline Moorehead၊ Sudha Shah နှင့် နိုင်ငံတကာ အတိုင်းအတာအရ ထင်ရှား ကျော်ကြားသော စာရေးဆရာများ တက်ရောက်မည် ဖြစ်သည်။
၃ ရက်ကြာကျင်းပရန် စီစဉ်ထားသည့် ယင်းစာပေပွဲတော်၏ ရည်ရွက်ချက်မှာ ကမ္ဘာတလွှားမှ ထင်ရှား ကျော်ကြားသော စာရေးဆရာများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး ပြည်တွင်း စာရေးဆရာများ၊ စာဖတ်ပရိသတ်များနှင့် တွေ့ဆုံပေးရန် ဖြစ်သည်။
အခမ်းအနား၏ အဓိက ဦးတည်ချက်မှာ မြန်မာစာရေးဆရာများနှင့် ယနေ့ခေတ်တွင် အင်္ဂလိပ်ဘာသာဖြင့် အကောင်းဆုံး ရေးသားနေသည့် စာရေးဆရာများ၊ အထူးသဖြင့် မြန်မာနိုင်ငံ အကြောင်း ရေးသားနေသည့် စာရေးဆရာများ အကြား ခေတ်သစ် စာပေ အတွေးအခေါ် အယူအဆများ ဖလှယ်ခွင့်ကို မြှင့်တင်နိုင်ရေး ဖြစ်သည်ဟု ဝင်ဒီလောရုံက ဧရာဝတီသို့ ပြောသည်။
ဝင်ဒီ လောရုံသည် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီးနောက် ၂ ကြိမ်သာ ပြန်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်က တကြိမ်နှင့် ၂၀၁၁ ခုနှစ် အကုန်ပိုင်းက တကြိမ်ဖြစ်သည်။ ယခု တကြိမ် စာပေပွဲတော်သည် မန္တလေးမြို့တွင် ကျင်းပမည် ဖြစ်သောကြောင့် ဝင်ဒီလောရုံ၏ ဤခရီးမှာ ၎င်း၏ ဇာတိမြေသို့ ပြန်ရောက်ခြင်းဟုလည်း ဆိုနိုင်သည်။
“ဒါက ကျမရဲ့ တတိယ အကြိမ် အလည်အပတ်ခရီး ဖြစ်ပါလိမ့်မယ်။ တတိယမြောက်ခရီး၊ တတိယအကြိမ် ကံကောင်းမှု၊ နိမိတ်ကောင်း တခုလို့ ကျမမျှော်လင့်ပါတယ်။ နောက်ပြီး ကျမက မန္တလေးမှာ မွေးတာလေ။ နောက်ထပ် မင်္ဂလာရှိတဲ့ နိမိတ် တခုလို့ ကျမယူဆပါတယ်” ဟု သူက ပြောသည်။
ကျော်ဖြိုးသာ ရေးသည့် Burma-Born English Novelist to Attend Second Irrawaddy Literary Festival ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။