မြန်မာနိုင်ငံသားတိုင်း နိုင်ငံ၏ နိုင်ငံရေး ဦးဆောင်ခွင့်ကို ကန့်သတ်တားမြစ်ခြင်းမျိုး မရှိလိုကြောင်း အပါအဝင် သမ္မတ ဦးသိန်း စိန် ၏ ရေဒီယိုမှ ပြောကြားသော ၂၀၁၄ ခုနှစ် ပထမဆုံး နှစ်သစ်ကူး မိန့်ခွန်းကို နိုင်ငံရေး အသိုင်းအဝိုင်း၌ ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“ကျနော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေး အရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တဘက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်”ဟု ဇန်နဝါရီ ၂ ရက်က ပြောသော မိန့်ခွန်းတွင် ဦးသိန်းစိန်က ထည့်သွင်း ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ပြောကြားမှုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဖြစ်ခွင့် ကန့်သတ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ကို ရည်ရွယ်သကဲ့သို့ ရှိသော်လည်း ရှင်းလင်းမှု မရှိကြောင်း နိုင်ငံရေး သမားများက ပြောဆိုသည်။
NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက သမ္မတ ဦးသိန်းစိန် ပြောဆိုသွားသည့် စကားလုံးသည် နိုင်ငံ့ခေါင်းဆောင် ဖြစ် မည့် အရည်အချင်းကိစ္စဟု ယူဆသော်လည်း စကားလုံးအားဖြင့် မထူးခြားကြောင်း၊ စကားလုံး လှပြီး အသုံးပြုမည့်အပေါ် မူ တည်နေ၍ ရှင်းလင်းသဲကွဲမှု မရှိကြောင်း ဧရာဝတီကို ပြောသည်။
“သူပြောသွားတာက လိုရာကို သုံးလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ မရှင်းမလင်း ဖြစ်နေတယ်”ဟု သူက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း အဆိုပါ ပြောဆိုချက်သည် အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံသားတိုင်းသည် နိုင်ငံရေးအရ ကန့်သတ်ချက် မရှိဟုသာ ပြောဆိုလိုရင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“အခုပြောတဲ့ ပုံစံက ပုဒ်မ ၅၉(စ)ကို ပြင်မယ်လို့ ပြောတာလည်း မဟုတ်ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)၌ သမ္မတ အရည်အချင်းတွင် ကိုယ်တိုင် သို့မဟုတ် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး တဦးဦး၊ ထိုသားသမီး တဦးဦး၏ ဇနီး၊ ခင်ပွန်းသည် နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာ ခံယူစောင့်ရှောက် ရိုသေသူ၊ အခွင့်အရေးများနှင့် ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ ဟု ပါရှိသည်။
ရန်ကုန်မြို့နေ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ရန်မျိုးသိန်းကလည်း သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း တခုလုံးသည် အလွန် ယေဘုယျဆန်ပြီး တိကျသဲကွဲသည့် သဘောမဆောင်ကြောင်း၊ ပွင့်လင်းမြင်သာမှု အားနည်း နေသေးကြောင်း ပြောသည်။
“သမ္မတ မိန့်ခွန်းက အရမ်း ယေဘုယျဆန်နေတာ သတိထားမိကြပါလိမ့်မယ်။ သူက အရမ်းသတိထားပြီး ပြောဆိုနေတာတွေ့ရတယ်။ ဒီတော့ ပွင့်လင်းမှုအပိုင်း အားနည်းနေတယ်”ဟု သူက ဆိုသည်။
ဦးသိန်းစိန် မိန့်ခွန်းတွင် လွှတ်တော်တွင်းရှိ ပါတီစုံက လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် “အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် လေ့လာ သုံးသပ်ရေး ကော်မတီ”ကိုလည်း ဖွဲ့စည်းပြီး ဆန္ဒသဘောထား ရယူ ဆောင်ရွက် နေသည်ဟုလည်း ပြောဆိုသည်။
“လက်ရှိ ကျနော်တို့ ကြိုးပမ်း တည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့် သဘော တူညီချက်များ အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်း ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။
ယင်းသို့ ပြောဆိုခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေချိန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာ အောင်မြင်နိုင် မည်ကို သိသည့် အတွက်ဟု ယူဆကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
“အခြေခံ ဥပဒေကတော့ ပြင်မှာပဲ၊ ပြင်တဲ့အခါမှာ ဖြစ်နိုင်ခြေ ရှိတာတွေပေါ့၊ လတ်တလောမှာ ပြောင်းလို့ ပြင်လို့ လွယ်မယ့် ဟာ တွေပဲ ပြင်လိမ့်မယ် ထင်တယ်။ အခြေခံ ဥပဒေဟာ နောင်လည်း ပြင်ရမှာပဲဆိုတော့ ပြင်တော့ ပြင်မယ်ပေါ့။ ဘယ်လောက် ပြင်မလဲ ဆိုတာတော့ မပြောတတ်ဘူး”ဟုလည်း ၎င်းက ဆိုသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) မှ နိုင်ဟံသာ ကမူ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းဖြင့် ဆွေးနွေးအဖြေရှာမည်ဟူသည့် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို ထောက်ခံပြီး အားပေးကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ထားရှိသည့် သဘောထားကို သဘောကျကြောင်း ပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲကို ရောက်နိုင်ဖို့ကိစ္စက တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စ ဘယ်လိုလာမလဲလို့တော့ မပြောတတ် သေးဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် သမ္မတရဲ့ အခြေခံ သဘောထားကိုတော့ သဘောကျတယ်”ဟု သူက ဆိုသည်။
သို့သော် အပစ်အခတ် ရပ်စဲရေးအတွက် ဇန်နဝါရီလအတွင်း ကျင်းပမည့် ဘားအံ ဆွေးနွေးပွဲသည် မြစ်ကြီးနားဆွေးနွေးပွဲကဲ့သို့ မဖြစ်စေလိုကြောင်း၊ လိုင်ဇာတွင် တိုင်းရင်းသားများဘက်က သဘောတူထားခဲ့သည်များ အပြင် အစိုးရဘက်က အသစ်ထပ်မံတိုးလာသည့် အချက်အလက်များအပေါ် မြစ်ကြီးနား ဆွေးနွေးပွဲတွင် ၂ ဘက် သဘောတူညီမှု တစုံတရာ မရခဲ့ကြောင်းလည်း နိုင်ဟံသာက ပြောသည်။
“အခု ကျနော်တို့နဲ့ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတာက တော်တော်လေးတော့ နီးစပ်လာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် တကယ့် ဘားအံပွဲကျရင် မြစ်ကြီးနားပွဲမှာလို ဖြစ်မှာစိုးတယ်”ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း၌ ယခုအခါ NLD အပါအဝင် နိုင်ငံရေးအင်အားစုများ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင် ရေး ဆိုင်ရာ ပြည်သူလူထုအကြား လွတ်လပ်ပွင့်လင်းစွာ ဟောပြော ဆွေးနွေးမှုများ ရှိလာခြင်းသည် နိုင်ငံရေး ယဉ်ကျေးမှု ရေချိန်မြင့်တက် လာနိုင်ခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်။
အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်က ကျင်းပခဲ့သည့် ဗဟို ကော် မတီ အစည်းအဝေး၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ကန့်သတ်ချက် ၅၉(စ) အပါအဝင် အချက် ၇၀ ကျော်ကို ပြင်ဆင် ဖြည့်စွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် မတူညီသည့် နိုင်ငံရေး အင်အားစုများအကြား ထိပ်တိုက်တွေ့မှုမျိုးကို ရှောင်ရှားနိုင်သည့် နိုင်ငံရေး ဝန်းကျင် သစ်ကို ထူထောင်နိုင်ပြီး လပေါင်း ၃၀ ကျော်ကြာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် အားကောင်း လာစေခြင်းသည် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပြီး ယခင်က ကြီးကြီးမားမား ရှိခဲ့သည့် သံသယများနှင့် မယုံကြည်မှုများ လျှော့ချ နိုင်သည်ဟု ဦးသိန်းစိန်က ဆက်ပြောသည်။
သို့သော် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးဦးဆောင်မှုနှင့် ပတ်သက်သော ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ တဆင့် နိုင်ငံ ရေး အကြပ်အတည်း တခုဆီသို့ ဦးတည်မသွားစေရန် နိုင်ငံရေး ရွေးချယ်မှု မှန်ကန်ရေးသည် အင်အားစု အားလုံး တာဝန်ရှိကြောင်းလည်း ရေဒီယိုမိန့်ခွန်း မှတဆင့် ဦးသိန်းစိန်က သတိပေး ပြောဆိုသည်။
“အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့် ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေး အကြပ်အတည်းတခု ဖြစ်ပေါ်ပြီး လက်တွေ့ ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။
ထိုသို့ ပြောဆိုမှုသည် အစိုးရဘက်က စည်းတခု ထားရှိလိုသည်ကို ပေါ်လွင်စေပြီး အဆိုပါ စည်းကိုလည်း မထိရ၊ မကျော်ရဟု ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း၊ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ယခုအချိန်အထိ နိုင်ငံရေး ဆွေးနွေးပွဲများ လည်း မဖြစ်ထွန်းသေးသကဲ့သို့ နိုင်ငံရေး အဖြေရှာမှုမျိုးလည်း မတွေ့ရသေးကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“ဒီလိုအခြေအနေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေး အဖြေရှာမှုမျိုးတွေ တကယ်ရှိလာဖို့ ကြားခံ အဖွဲ့အစည်း၊ နိုင်ငံ ဒါမှ မဟုတ် အဘက်ဘက်က ယုံကြည်ရတဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေ လိုအပ်နေပြီလို့ တွေးမိတယ်”ဟု သူက ဆိုသည်။
ဆက်လက်ပြီး ဒေါက်တာ ရန်မျိုးသိန်းက“နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ဖို့၊ နိုင်ငံရေးအဖြေရှာမှုတွေ ရှိစေဖို့က အစိုးရ၊ စစ်တပ်၊ အတိုက်အခံ အင်အားစု အားလုံးက Formal(တရားဝင်) ရော၊ Informal(အလွတ်သဘော) ပါ တွေ့ဆုံ စကားပြောသင့်နေပြီလို့ ကျနော်မြင်တယ်”ဟု ပြောဆိုသည်။
ဦးခင်မောင်ဆွေကလည်း “စကားလုံးကို အကြမ်းဖျင်း ပြောသွားတာ၊ ဒိုးဒိုးဒေါက်ဒေါက် ပြောတာမဟုတ်ဘဲ ကွေ့ပတ်ပြီး ပြော သွားတာပါ။ သဘောကတော့ နိုင်ငံရေးဟာ ဖြစ်နိုင်ခြေရှိတာမျိုးကို လုပ်သင့်တယ်။ ပိုမိုမျှော်လင့်ပြီး လုပ်တာမျိုး၊ ဖြစ်နိုင်ခြေ မရှိ သေးတာကို လုပ်တာမျိုးဟာ ပြဿနာတွေ တက်လာနိုင်တယ်ဆိုတဲ့ သဘောကို ပြောသွားပုံ ပေါ်ပါတယ်”ဟု ပြောသည်။
သမ္မတ၏ ယင်းသို့ သတိပေးပြောဆိုမှုသည် တိုင်းရင်းသားများ၏ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး တင်ပြချက်အပေါ် ရည်ရွယ်ပြော သည်ဟု ယူဆမည်ဆိုလျှင် ယူဆနိုင်ကြောင်း နိုင်ဟံသာက ပြောသည်။
“ကျနော်တို့ တဘက်ကတောင်းဆိုနေတဲ့ ပြည်ထောင်စုတပ်မတော်ကို ပြုပြင်ပြောင်းလဲသွားဖို့ဆိုတဲ့ ကိစ္စအပါအဝင် ဖြစ်မှာပေါ့၊ ဖွဲ့စည်းပုံကို အသစ်ရေးတာကတော့ ပိုပြီးတော့ သဘာဝ ကျတယ်၊ ပြင်မယ်ဆိုရင် ပြင်ဖို့ မလွယ်တဲ့ အနေအထားမျိုး ကျနော် တို့ မြင်တယ်။ ဒါကြောင့် အသစ်ရေးဆွဲရေး ကျနော်တို့ဘက်က တင်ပြတာပါ”ဟု သူက ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်း စေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကိုလည်း အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများလည်း ဖြစ်လာ စေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
ထို့အပြင် ဦးသိန်းစိန်က “အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်”ဟု ပြောဆိုသည်။
၂၀၁၄ နှစ်သစ်ကူးအကြို နောက်ဆုံး ထုတ်ပြန်သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ် ပေးမည် ဆိုသည်နှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအဝင် နိုင်ငံခြား တိုင်းပြည် တချို့က ကြိုဆိုကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
သို့သော် ဒေါက်တာ ရန်မျိုးသိန်းကမူ“နိုင်ငံရေး အကျဉ်းသား ဆိုတာကို မိန့်ခွန်းတွေ၊ အခြားပြောဆိုချက်တွေမှာသာ ထည့်သုံးပြီး ထွက်လာသမျှ အမိန့်တွေမှာ အကျဉ်းသား ဆိုတဲ့သဘောပဲ သူတို့ ထုတ်ပြန်လေ့ရှိတယ်”ဟု သူက ဆိုသည်။