၂၀၁၃ နှစ်ကုန် ၂၀၁၄ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်း အမှုပေါင်း ၃၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁ ဦးအထိ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများအရ သိရသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သော အမှုများမှာ ယာဉ်မတော်တဆမှု ၉ မှု၊ သေမှုသေခင်း ဖြစ်စဉ် ၇ မှု၊ လူသတ်မှု ၁ မှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ၁ မှု၊ နာကျင်စေမှု ၃ မှုတို့ ဖြစ်ပြီး သေဆုံးသူ ၁၄ ဦး၊ အတွင်းလူနာအဖြစ် ဆေးရုံတက်ရသူ ၁၂ ဦးရှိသည်ဟု သိရသည်။
ယခုကဲ့သို့ နှစ်သစ်ကူးကာလ ညများတွင် ယာဉ်တိုက်မှု၊ လုယက်မှုများ နှစ်စဉ် ဖြစ်လေ့ရှိသဖြင့် မည်မျှပင် ဝင်ငွေ ကောင်းစေကာမူ ထိုညတွင် စီးပွားမရှာကြောင်း အငှားယာဉ်မောင်း တဦးက ဆိုသည်။
“ကျနော်ကတော့ ည ၇ နာရီလောက် ကတည်းက ကားသိမ်းထားလိုက်တယ်။ အိမ်မှာပဲ နားတယ်။ အန္တရာယ်များလွန်းလို့။ တက္ကစီ သမားတွေတောင် ဓားထောက်လုတာ ခံရတယ်” ဟု အသက် ၂၅ နှစ် ဝန်းကျင်အရွယ် အထက်ပါ အငှား ယာဉ်မောင်းက ပြောသည်။
ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အမှုများမှာ ယာဉ်မတော်တဆမှု ၆ မှု၊ သေမှုသေခင်း ဖြစ်စဉ် ၂ မှု၊ လူသတ်မှု ၁ မှု၊ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ၁ မှု၊ နာကျင်စေမှု ၃ မှု၊ ခိုးမှု ၁ မှု၊ လောင်းကစားမှု ၁ မှု၊ ဆဲဆိုခြိမ်းခြောက်မှု ၁ မှု၊ အကျိုးဖျက်ဆီး၍ သာသနာညှိုးနွမ်းအောင် ပြုလုပ်မှု ၁ မှု နှင့် သစ်တောပုဒ်မဖြင့် အရေးယူမှု ၁ မှု တို့ဖြစ်ပြီး သေဆုံးသူ ၇ ဦး၊ အတွင်း လူနာအဖြစ် ဆေးရုံတက်ရသူ ၆ ဦးရှိသည် ဟုသိရသည်။
အမှု ဖြစ်ပွားခဲ့သော မြို့နယ်များမှာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ ဆိပ်ကမ်း၊ ပုဇွန်တောင်၊ ဒေါပုံ၊ အင်းစိန်၊ လှိုင်၊ တွံတေး ၊ ဗဟန်း၊ မှော်ဘီ၊ ပန်းဘဲတန်း၊ မရမ်းကုန်း၊ သန်လျင်၊ လသာ၊ ရွှေပြည်သာ၊ ကမာရွတ်၊ ဒလ၊ တောင်ဒဂုံ၊ လှော်ကားနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများအရ သိရသည်။