အကြွင်းမဲ့တန်ဖိုးစံ - ဒီမိုကရေစီ (၃)

အမတြာ ဆင်း

This article has been converted from Zawgyi One to Unicode

ကျနော့်အနေနဲ့ အခုအချိန်အထိ ဒီစာတမ်းရဲ့ အစီအစဉ်အပေါ် ဒီမိုကရေစီဆိုင်ရာ ဝေဖန်ချက်တွေ၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ဝေဖန်ချက်တွေနဲ့ ပုံဖော်လာခဲ့ပါသည်။ အခုအချိန်မှာတော့ အထူးသဖြင့် ယဉ်ကျေးမှုဆိုင်ရာ ဝေဖန်ချက်တွေနဲ့ ငြင်းခုံဆွေးနွေးမှုကို ပြန်လည် စတင်ပါတော့မည်။ ဒီမိုကရေစီ၏ လုပ်ဆောင်ချက်အပေါ် အကောင်းမြင် ပိုင်းခြားစိတ်ဖြာဖို့ အချိန်ကျပါပြီ။အကြွင်းမဲ့ တန်ဖိုးစံအဖြစ် ဘာကြောင့် အခိုင်အမာပြောနိုင်တာလဲ ဆိုတာအပေါ် နောက်ထပ် ပိုင်းခြားစိတ်ဖြာဖို့လည်း အချိန်ကျပါပြီ။ ဘယ်အရာက ဒီမိုကရေစီ သေချာပေါက်ဖြစ်သလဲ။ ကျနော်တို့အနေနဲ့ အများစုကြီး စိုးအုပ်ချုပ်မှုနဲ့ ဒီမိုကရေစီကို အတူတူ သဘောထားလို့ မရနိုင်ပါ။

ဒီမိုကရေစီစနစ်မှာ ရှုပ်ထွေးတဲ့ တောင်းဆိုမှုတွေထဲမှာ မဲဆန္ဒပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရေးတို့တော့ သေချာပေါက် ပါဝင်ပါသည်။ သို့နှင့်တိုင် လွတ်လပ်ရေးနှင့် လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးရေး၊ ဥပဒေအရ ခံစားပိုင်ခွင့်တွေကို လေးစားလိုက်နာရေး၊ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံခွင့်ကို အာမခံချက်ပေးရေးနဲ့ မျှတတဲ့ ဝေဖန်သုံးသပ်ချက်နဲ့ သတင်းတွေကို ဆင်ဆာစိစစ်ဖြတ်တောက်ခြင်း မရှိဘဲ ဖြန့်ဝေနိုင်ရေးတို့လည်း လိုအပ်ပါသည်။

ပြိုင်ဘက်ထောက်ခံသူများ အမြင်များကို စဉ်းစားရန်နှင့် သတင်းအချက်အလက် ရရှိရန် လွတ်လပ် ခွင့်အပေါ်တွင် မဲဆန္ဒရှင်များအနေဖြင့် စိတ်ဝင်စားမှုမရှိဘဲ ဒါမှမဟုတ် နှစ်ဖက်စလုံးမှ သူတို့၏အမြင်များကို တင်ပြရန်လုံလောက်သော အခွင့်အရေးတရပ် မရရှိနိုင်ဘဲ ကျင်းပသော ရွေးကောက်ပွဲများဖြစ်ပါက အဆိုပါ ရွေးကောက်ပွဲများပင်လျှင် အပြစ်အနာအဆာ ချို့ယွင်းချက်တွေ တလှေကြီးနှင့် ဖြစ်နေနိုင်ပါသည်။ ဒီမိုကရေစီ ဆိုသည်မှာ ကျွမ်းကျင်မှု၊ စိတ်ရှည်မှု၊ အားထုတ်မှု စသည်တို့ကို လိုအပ်သော စနစ်တစ်ရပ်ဖြစ်ပါသည်။ ဒီမိုကရေစီဟူသည် သီးသန့်တခုချင်း အများစု ကြီးစိုးအုပ်ချုပ်မှုကဲ့သို့ လည်ပတ် လှုပ်ရှားနေသော အခြေအနေ တရပ်မျှသာ မဟုတ်ပေ။

ဤအမြင်မှကြည့်လျှင် ဒီမိုကရေစီစနစ်၏ ကောင်းမြတ်မှုနှင့် အကြွင်းမဲ့တန်ဖိုးအဖြစ် အခိုင်အမာဆိုနိုင်မှုသည် ၎င်း၏ အကန့်အသတ်မရှိ ကျင့်သုံးနိုင်သော တချို့အားသာချက်များနှင့် သက်ဆိုင်နိုင်ပါသည်။ ဒီမိုကရေစီစနစ်သည် နိုင်ငံသားတို့၏ လူနေမှုဘဝကို တန်ဖိုးတက်စေသည်ဟု ဆိုရာတွင် ကျနော်တို့အနေဖြင့် မတူညီတဲ့ နည်းလမ်းသုံးသွယ်ကို ခွဲခြားသိမြင်နိုင်ပါသည်။ ပထမအနေဖြင့် နိုင်ငံရေးလွတ်လပ်မှုသည် လူသားလွတ်လပ်ခွင့်၏ တစိတ်တပိုင်းအဖြစ် ယေဘုယျပြောနိုင်ပြီး နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးခြင်းသည် လူမှုရေး သတ္တဝါများဖြစ်သော လူသားတဦးခြင်းဘဝများ ချမ်းမြေ့ သာယာစေရေးအတွက် အလွန်တရာ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် လူမှုရေးတွင် ပါဝင်ဆောင်ရွက်ခြင်းသည် လူ့ဘဝနှင့် ထိုလူ့ဘဝတွင် ချမ်းသာသုခတို့ ပြည့်စုံရေးအတွက် တန်ဖိုးရှိသလို မရှိမဖြစ်လည်း လိုအပ်ပါသည်။

ယင်းသို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခွင့်ကို တားဆီးခြင်းသည် ကြီးစွာသော ပိတ်ပင်တားဆီးမှု တရပ်ဖြစ်ပါသည်။ ဒုတိယ အချက်အနေဖြင့် (ဒီမိုကရေစီစနစ်သည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် အားပြိုင်သော သဘောရှိသည်ဟူသော အဆိုကို ငြင်းခုံခဲ့ရာတွင် ကျနော်ဆွးနွေးသကဲ့သို့ပင်) ပြည်သူတွေ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆိုခြင်း (စီးပွားရေး လိုအပ်ချက်များကို တောင်းဆိုမှုများ အပါအဝင်) ကို အာဏာရှိသူများက ဂရုတစိုက် နှင့် အကြိမ်အရေအတွက် ပိုများများ နားထောင်လာအောင် လုပ်ပေးရာတွင် ဒီမိုကရေစီစနစ်၌  အရေးကြီးသော အခရာတန်ဖိုးတရပ် ရှိပေသည်။

တတိယ အချက်အနေဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းသည် နိုင်ငံသားများကို တဦးထံမှတဦး လေ့လာနိုင်သော အခွင့်အရေးတရပ်ကို ပေးထားပြီး လူ့အဖွဲ့အစည်းတရပ်ကို သူ၏တန်ဖိုး နှင့် ဦးစားပေးမှုများအား တည်ဆောက်ရန် ကူညီပံ့ပိုးပေးပါသည်။ စီးပွားရေး လိုအပ်ချက်များကို သိမြင်နားလည် စေခြင်းအပါအဝင် “လိုအပ်ချက်” အယူအဆဟူသည်ပင် အများပြည်သူ ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်၊ အမြင်နှင့် သုံးသပ်ချက်များကို အပြန်အလှန် ဖလှယ်နိုင်ရေးတို့ လိုအပ်ပေသည်။ ဤအမြင်အရ နိုင်ငံသားတိုင်း၏ ဘဝအတွက် မူလပင်ကို အရေးပါမှုတရပ်ဖြစ်ခြင်းနှင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အခရာကျသော အရေးပါမှု ရှိခြင်းတို့အပြင် ဒီမိုကရေစီ စနစ်သည် အပြုသဘော အရေးပါမှုလည်း ရှိပါသည်။ အကြွင်းမဲ့ တန်ဖိုးစံတရပ်အဖြစ် ဒီမိုကရေစီ၏ ရပိုင်ခွင့်များသည် ဆိုခဲ့ပါ အမျိုးမျိုးသော သုံးသပ်ချက်များကို အလေးထား ဂရုပြုရပေမည်။

“စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ” အပါအဝင် “လိုအပ်ချက်များ” အဖြစ် ထည့်သွင်းစဉ်းစားရမည့် အရာများကို စိတ်ကူးတွင် ပုံဖော်ကြည့်ခြင်း၊ ပြောရလျှင် သဘောပေါက် နားလည်စွမ်းသည်ပင်လျှင် နိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများကို လက်ကိုင်ပြုရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်ပါသည်။ အကြောင်းအရာနှင့် စွမ်းပကားအရ မည်သည့်အရာများသည် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်သည်ကို သင့်တင့်လျောက်ပတ်စွာ သိမြင်နားလည်ရန်အတွက် ဆွေးနွေးငြင်းခုံခြင်းနှင့် အပြန်အလှန် အမြင်ချင်းဖလှယ်ခြင်းတို့ လိုအပ်မည် ဖြစ်ပါသည်။ အမြင်ကျယ်ကျယ်နှင့် ချင့်ချင့်ချိန်ချိန် စဉ်းစားရွေးချယ်မှုများကို ဖြစ်ပေါ်စေသောဖြစ်စဉ်တွင် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့် အများပြည်သူ ရပိုင်ခွင့်များသည် အဓိကကျပါသည်။

အဆိုပါရပိုင်ခွင့် အခွင့်အရေးများသည် အထူးသဖြင့် ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ငြင်းခုံခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် သဘောထား ကွဲလွဲမှုများအပေါ် အာမခံပေး နိုင်ခြင်းနှင့် ဆက်နွှယ်ပတ်သက်နေပါသည်။ ယင်းဖြစ်စဉ်များသည် တန်ဖိုးစံများနှင့် ဦးစားပေးမှုများ တည်ဆောက်ရာတွင် သေရေးရှင်ရေးတမျှ အရေးပါပါသည်။ ပွင်ပွင့်လင်းလင်း အမြင်ဖလှယ်မှု နှင့် ငြင်းခုံမှုများကို ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ ယေဘုယျအနေဖြင့် ကျနော်တို့သည် ပြည်သူတို့၏ လိုအင်ဆန္ဒများကို အားလုံးရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းမပြုဘဲ လွယ်လင့်တကူလက်ခံ၍ မဖြစ်ပါ။

ထို့ကြောင့် ပွင့်လင်းသော ဆွေးနွေးမှုများ၏ လက်လှမ်းမီသောနေရာနှင့် ထိရောက်မှုတို့ကို လူမှုရေးနှင့် နိုင်ငံရေးပြဿနာများကို ချင့်ချိန်ဆုံးဖြတ်ရာတွင် မကြာခဏဆိုသလို လျှော့လျှော့ပေါ့ပေါ့သာ ထည့်သွင်းစဉ်းစားတတ်သည်။ ဥပမာ – ဖွံ့ဖြိုးဆဲနိုင်ငံ အမြောက်အများ၏ ဓလေ့ဖြစ်သော မွေးဖွားနှုန်းမြင့်မားမှုကို လျှော့ချရာတွင် အများပြည်သူ၏ ဆွေးနွေးငြင်းခုံမှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ပြည်သူများအနေဖြင့် မွေးနှုန်းမြင့်မားခြင်းသည် လူ့အဖွဲ့အစည်းအပေါ် မကောင်းသောအကျိုးရလဒ်များ ကြီးမားစွာ ဖြစ်ပေါ်စေတတ်ကြောင်းနှင့် အထူးသဖြင့် ငယ်ရွယ်သော အမျိုးသမီးများအပေါ် မကောင်းသော အကျိုးရလဒ်များ ဖြစ်စေတတ်ကြောင်း ဆွေးနွေးကြခြင်းက အိန္ဒိယ၏ စာတတ်မြောက်မှု ပိုမိုမြင့်မားသော ပြည်နယ်များတွင် မွေးဖွားမှန်း သိသိသာသာ ကျဆင်းသွားသည့်အပေါ် သြဇာလွှမ်းမိုးမှုရှိကြောင်း သက်သေ အထောက်အထား အများအပြား ရှိပါသည်။

အိန္ဒိယရှိ ကီရာလာနှင့် တမီနာဒူ ပြည်နယ်များတွင် တိုးတက်သောခေတ်တွင် သာယာပျော်ရွှင်သော မိသားစုဆိုသည်မှာ သေးငယ်သော မိသားစုတရပ် ဖြစ်သည်ဆိုသော အမြင်တရပ် ပေါ်ထွက်လာခဲ့လျှင် မြောက်များစွာသော ဆွေးနွေး ငြင်းခုံမှုများကြောင့် ထိုသို့အမြင်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ယခုအချိန်အထိ ကီရာလာပြည်နယ်၌ မွေးဖွားနှုန်းမှာ ၁ ဒသမ ၇ သာရှိသည်။ ၎င်းမွေးဖွားနှုန်းမှာ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများ နှင့် တူညီပြီး တရုတ်နိုင်ငံ၏ ၁ ဒသမ ၉ ထက် များစွာ နိမ့်ကျပေသည်။ ဤသို့ မွေးဖွားနှုန်း ကျဆင်းမှုမှာ အတင်းအကျပ် ခိုင်းစေမှုမှ ရရှိသော အောင်မြင်မှုမဟုတ်ဘဲ အဓိကအားဖြင့် တန်ဖိုးစံအသစ်များ ပေါ်ထွက်လာသောကြောင့် ဖြစ်ပေသည်။ ဤဖြစ်စဉ်တွင် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုသည် အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်သည်။ (တရုတ်နိုင်ငံ၏ ပြည်နယ်တိုင်းထက်မြင့်မားသော) ကီရာလာပြည်နယ်၏ စာတတ်မြောက်မှုှုနှုန်း၊ အထူးသဖြင့် အမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းသည် ယင်းကဲ့သို့ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်စေရေးတွင် ကြီးကြီးမားမား ထည့်ဝင်ပံ့ပိုးခဲ့သည်။

ကံဆိုးမိုးမှောင်ကျမှုများနှင့် ချို့တဲ့ခြင်းများသည် အမျိုးမျိုးရှိနိုင်ပြီး အချို့မှာ လူမှုရေးဆိုင်ရာ ပြန်လည် ကုစားပေးမှုများကို ပို၍ လက်ခံနိုင်ပေသည်။ လူသား၏ အကျပ်အတည်း ပြဿနာတရပ်လုံးသည် ကျနော်တို့၏ “လိုအပ်ချက်” များအပေါ် ရွေးချယ်ခြင်းအတွက် အခြေခံတရပ်ဖြစ်သည်။ ဥပမာ – ကျနော်တို့အနေဖြင့် တန်ဖိုးထားရန် အကြောင်းပြချက် ကောင်းကောင်းပေးနိုင်သော အရာများ ရှိပေသည်။ ယင်းအရာများကို ဖြစ်နိုင်သည်ဟု ယူဆလျှင် “လိုအပ်ချက်များ” အဖြစ် မှတ်ယူနိုင်သည်။ ကျနော်တို့အနေဖြင့် ထာဝရရှင်သန်ခြင်း အမတ သဘောကိုပင် လိုလားတောင့်တကြပါသည်။ သို့ရာတွင် ယင်းသည် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိပြီးဖြစ်သောကြောင့် “ထာဝရရှင်သန်ခြင်း” ကို လိုအပ်ချက်အဖြစ် မမြင်ကြပေ။

ကျနော်တို့၏ လိုအပ်ချက်အပေါ် စိတ်ကူးကြံစည်ခြင်းသည် ချို့တဲ့မှုအပေါ် တားဆီးနိုင်သော သဘာဝကို နားလည်မှုနှင့် ယင်းတို့နှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်နိုင်သည်ကို နားလည် သဘောပေါက်ခြင်း နှင့် ဆက်နွှယ်ပတ်သက်ပါသည်။ ဖြစ်နိုင်ခြေရှိခြင်း (အထူးသဖြင့် လူမှုရေးဆိုင်ရာဖြစ်နိုင်ခြေ ရှိခြင်း) နှင့် ပတ်သက်သော ယုံကြည်မှုနှင့် နားလည် သဘောပေါက်မှုများကို တည်ဆောက်ရာတွင် အများပြည်သူ ဆွေးနွေးမှုများသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဆွေးနွေးခွင့်များ အပါအဝင် နိုင်ငံသား အခွင့်အရေးများသည် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို တုန့်ပြန်ရန် တွန်းအားပေးခြင်း၌သာ အရေးပါသည် မဟုတ်ဘဲ၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို စိတ်ကူးကြံစည်ပုံဖော် ခြင်းတွင်လည်း အဓိကကျပေသည်။

ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးစံများ

အထက်ပါ စိစစ်တွေ့ရှိချက်များ မှန်ကန်သည်ဆိုပါက ဒီမိုကရေစီ၏ အဖိုးထိုက်တန်ကြောင်း တောင်းဆိုမှုသည် သီးခြား ထိုက်တန်မှုတခုအပေါ်တွင်သာ အခြေပြုထားခြင်း မဟုတ်ဘဲ ကောင်းကျိုးအထွေထွေရှိပါသည်။ ယင်းတို့မှာ ပထမအနေဖြင့် လူသား၏ဘဝတွင် နိုင်ငံရေးဆိုင်ရာခပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်မှု၏ ပင်ကိုမူအရေးပါမှု၊  ဒုတိယအနေဖြင့် အစိုးရများ၏ တာဝန်ရှိမှုနှင့် တာဝန်ခံမှုတို့ကို ထိန်းသိမ်းရာတွင် နိုင်ငံရေးမက်လုံးများ၏ အခရာကျသည့် အရေးပါမှုနှင့် တတိယအနေဖြင့် လိုအပ်ချက်၊ အခွင့်အရေးနှင့် တာဝန်များကို သဘောပေါက် နားလည်စေရေးနှင့် တန်ဖိုးစံများ တည်ဆောက်ခြင်းတွင် ဒီမိုကရေစီ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍတို့ဖြစ်သည်။ ဆိုခဲ့ပါ တွေ့ရှိချက်များအရ ကျနော်တို့အနေဖြင့် ယခုအချိန်တွင် ဤစာတမ်း၏ အရင်းခံပုစ္ဆာကို ကိုင်တွယ်ရပါတော့မည်။ အတိအကျဆိုတော့ ဒီမိုကရေစီကို လောကလုံးဆိုင်ရာ အကြွင်းမဲ့ တန်ဖိုးစံတရပ်အဖြစ် ရှုမြင်သည့်ရပ်တည်ချက် ဖြစ်ပေသည်။

ဤတောင်းဆိုမှုကို အငြင်းပွားရာတွင် ဒီမိုကရေစီစနစ်သည် အဆုံးအဖြတ် ပေးနိုင်လောက်အောင် အရေးကြီးသည်ဟု လူတိုင်းက သဘောမတူဟု တခါတရံ ငြင်းခုံပြောဆိုတတ်ပါသည်။ အထူးသဖြင့် ကျနော်တို့၏ စိတ်အာရုံကို ဆွဲဆောင်ပြီး  စွဲလမ်းမှုကို ဖြစ်စေသော တခြားနှစ်သက်ဖွယ်ရာများ နှင့် ယှဉ်လိုက်သောအခါတွင် ဒီမိုကရေစီ၏ အရေးကြီးမှုကို ပိုလို့တောင် သဘောမတူကြပါ။ ဤသို့ အမှန်ဖြစ်၍ သဘောထားအားလုံး တညီတညွတ်တည်း ထပ်တူမရှိကြပေ။ ဤသို့ ညီညွတ်မှု မရှိကြခြင်းကိုပင် အချို့က ဒီမိုကရေစီသည် လောကလုံးဆိုင်ရာ အကြွင်းမဲ့တန်ဖိုးစံ တရပ်မဟုတ်ကြောင်း လုံလောက်သည့် သက်သေအထောက် အထားအဖြစ် ယူဆကြပါသည်။

ကျနော်တို့အနေဖြင့် ပညာရပ်ဆိုင်ရာ မေးခွန်းတရပ်နှင့် ပတ်သက်၍ စတင်ရှင်းလင်းပါမည်။ လောကလုံးဆိုင်ရာ အကြွင်းမဲ့ တန်ဖိုးစံဟူသည် အဘယ်နည်း။ တန်ဖိုးစံတရပ်ကို လောကလုံးဆိုင်ရာ အမြင်ဖြင့် စဉ်းစားရန်အတွက် လူတိုင်း၏ သဘောတူညီမှု ရှိရပါမည်လား။ ဤသို့ဖြစ်ရန် လိုအပ်သည်ဆိုပါက လောကဆိုင်ရာ အကြွင်းမဲ့ တန်ဖိုးစံများဟူ၍ မရှိနိုင်တော့ပေ။ မည်သူတဦးတယောက်ကမှ ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ဖူးသော တစုံတရာသော တန်ဖိုးစံဟူ၍ မရှိပေ။ တစုံတရာကို အကြွင်းမဲ့ တန်ဖိုးစံတရပ်ဖြစ်စေရန်အတွက် တလောကလုံး၏ သဘောတူညီချက် မလိုအပ်ဟု ကျနော် စောဒကတက် ငြင်းခုံဆွေးနွေးလိုပါသည်။ အတိအကျပြောရလျှင် လောကလုံးဆိုင်ရာ အကြွင်းမဲ့ တန်ဖိုးစံတရပ်ဟူသည် နေရာတိုင်းက လူတို့အနေဖြင့် ထိုအရာသည် အဖိုးထိုက်တန်သည်ဟု နားလည်ရန် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။

မဟတ္တမဂန္ဒီသည် အကြမ်းမဖက်ရေးမူကို လောကလုံးဆိုင်ရာ အကြွင်းမဲ့တန်ဖိုးစံအဖြစ် ထောက်ခံပြော ဆိုသောအခါ ဤသို့ တန်ဖိုးရှိသည်နှင့်အညီ နေရာတိုင်းမှ လူများကိုသည်အတိုင်း ပြုမူနေထိုင်နေကြပြီဟု ရည်ညွှန်းနေခြင်း မဟုတ်ပေ။ တကယ်တမ်းတော့ လူများအနေဖြင့် အဆိုပါ အကြမ်းမဖက်ရေးမူကို အဖိုးထိုက်တန်သည်ဟု နားလည်ရန် အကျိုးသင့် အကြောင်းသင့် စဉ်းစားနိုင်ကြောင်း ရည်ညွှန်းနေခြင်းသာဖြစ်သည်။ အလားတူပင် ရာဗင်ဒြာနတ်တဂိုးက စိတ်၏လွတ်လပ်မှုကို အကြွင်းမဲ့ တန်ဖိုးစံတရပ်အဖြစ် ထောက်ခံပြောဆိုသောအခါ သူ့အနေဖြင့် ဤအဆိုကို အားလုံးက လက်ခံသည်ဟု ပြောနေခြင်းဖြစ်သည်။ ၎င်းသည် သူအနေနှင့် ဖော်ထုတ်တင်ပြပြီး အများလက်ခံလာအောင် ဖြန့်ချိခဲ့သော ကြောင်းကျိုး ဆင်ခြင်မှုတရပ် ဖြစ်ပေသည်။ ဤသို့ နားလည်ထားမည်ဆိုပါက တစုံတရာသည် အကြွင်းမဲ့ တန်ဖိုးစံဖြစ်ကြောင်း မည်သည့်တောင်းဆိုချက်မဆို တန်ပြန် စိစစ်သုံးသပ်မှုများ ပါဝင်ရပါမည်။ အထူးသဖြင့် သူတို့ အနေဖြင့် လုံလောက်စွာ စဉ်းစားဆင်ခြင်ထားခြင်း မဟုတ်သော တောင်းဆိုမှုများတွင် အခိုင်အမာ ပြောဆိုမှုများတွင်  တန်ဖိုးတစုံတရာကို မြင်မမြင် လေ့လာသုံးသပ်ရမည် ဖြစ်သည်။  အကြွင်းမဲ့တန်ဖိုးစံအဖြစ် တောင်းဆိုမှုအားလုံး၊ ဒီမိုကရေစီ သာမကတွင် ယင်းသို့ သွယ်ဝိုက်ကြိုတင် မှတ်ယူခြင်း သဘောရှိသည်။

ဒီမိုကရေစီဆီသို့ ဦးတည်သော အကြီးမားဆုံးသော သဘောထား အပြောင်းအရွှေ့ကြီး ၂၀ ရာစုတွင် ပေါ်ပေါက်လာခြင်းသည် ယင်းသို့ မကြာခဏ အခြေခံ ကြိုတင်မှတ်ယူခြင်းသဘောနှင့် ဆက်နွှယ်ပတ်သက်နေကြောင်း ကျနော့်အနေနှင့် ပြောဆိုဆွေးနွေးလိုပါသည်။ ဒီမိုကရေစီမရှိသော တိုင်းပြည်နှင့် ယင်းတိုင်းပြည်တွင် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးဖို့ စဉ်းစားရန်ပင် အခွင့်အလမ်း မရှိသေးသော လူများကို စဉ်းစားကြည့်ပါမည်။ ဒီမိုကရေစီသည် သူတို့ဘဝတွင် တကယ့်အရှိတရား ဖြစ်လာသည်နှင့် တပြိုင်နက် ဒီမိုကရေစီကို သူတို့ နှစ်သက်သဘောကျကြကြောင်း ယူဆ၍ရပါသည်။ ၁၉ ရာစုတွင်မူ ဤသဘောထား ယူဆချက်များကို ထုံးစံအတိုင်း မဖန်တီးထားနိုင်ခဲ့ပါ။ သို့သော် (အထက်တွင် “မူလကနဦး အခင်းအကျင်း” ဟု ကျနော်ဖော်ပြခဲ့သောအရာ) သဘာဝကျကျ ကြိုတင်တွေးဆချက်များသည် ၂၀ ရာစုအတွင်း အရင်းအမြစ်/အခြေခံကျကျ ပြောင်းလဲသွားခဲ့ပါသည်။

ဤအပြောင်းအလဲသည် ကြီးမားသည့် အတိုင်းအတာရှိသည့်အလျောက် ၂၀ ရာစု၏ သမိုင်းကို လေ့လာရာတွင်  ယင်းကို အခြေခံရမည် ဆိုသည်ကို သတိပြုရပါမည်။ ဒီမိုကရေစီ သဘောတရားများ ပျံ့နှံ့ကျယ်ပြန့်သွားသည့် အလျောက် ထောက်ခံသူများ ပိုမိုကြီးမား များပြားလာပြီး နောက်တွန့်သွားသည်ဟူ၍ မရှိပေ။ ဒီမိုကရေစီကို အုပ်ချုပ်မှု စနစ်တရပ် အနေဖြင့် ဥရောပနှင့် အမေရိကမှ စတင် တာလွှတ်လိုက်သည်မှာ ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများစွာသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ရောက်လေရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်ခံကြိုဆိုခြင်းများနှင့် ကြုံတွေ့ရပါသည်။ ထို့ပြင် ရှိပြီးသား ဒီမိုကရေစီ စနစ်တစ်ရပ် နန်းကျသွားလေသောအခါ ရက်ရက်စက်စက် ဖိနှိပ်မှုများ ရှိသည့်ကြားကပင် ဆန့်ကျင်ကန့်ကွက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါသည်။ မြောက်မြားစွာသော လူတို့သည် ဒီမိုကရေစီ ပြန်လည် ထွန်းကားလာစေဖို့ သူတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာ ဆောင်ရွက်ရန် ဆန္ဒရှိနေကြပါသည်။

အကြွင်းမဲ့ တန်ဖိုးစံတရပ်အဖြစ် ဒီမိုကရေစီ၏ ရပ်တည်မှုအပေါ် ငြင်းချက် ထုတ်လိုက်သူ တချို့အနေဖြင့် သူတို့၏ ငြင်းခုံဆွေးနွေးမှုကို သဘောထား တထပ်တည်းကျမှု မရှိခြင်းအပေါ် အခြေမခံဘဲ၊ ဒေသဆိုင်ရာ ဆန့်ကျင်ကွဲလွဲမှု ရှိခြင်းအပေါ် အခြေခံ၍ ဆွေးနွေးကြပါသည်။ အဆိုပါ ဆန့်ကျင်ကွဲလွဲမှု ဆိုသည်များမှာ တခါတရံ နိုင်ငံအချို့၏ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်သက်နေပါသည်။ အဆိုပါ ငြင်းခုန်ဆွေးနွေးချက်အရ ဆင်းရဲသား ပြည်သူများအဖို့ ဒီမိုကရေစီထက် ပေါင်မုန့်အပေါ်တွင်သာ ပိုမိုစိတ်ဝင်းစားကြ၊ ပိုမိုစိတ်ဝင်စားရန် အကြောင်း ရှိသည်ဟု ဆိုလိုသည်။ ဤသို့ မကြာခဏ ထပ်ကာထပ်ကာ ငြင်းခုံဆွေးနွေးမှုသည် မတူညီနိုင်သော အဆင့်နှစ်ရပ်တွင် ယုတ္တိအမြင် မှားယွင်းနေခြင်းဖြစ်ပေသည်။

ပထမအနေဖြင့် အထက်တွင် ဆွေးနွေးခဲ့သလိုပင် ဒီမိုကရေစီ၏ အကာအကွယ်ပေးနိုင်သော အခန်းကဏ္ဍသည် ဆင်းရဲသား ပြည်သူများအတွက် အထူးတလည် အရေးကြီးပါသည်။ ငတ်မွတ်မှုဘေးဒုက္ခနှင့် ရင်ဆိုင်နေရသော ပြည်သူများက သိသိသာသာ အကျိုးသက်ရောက်စေပါသည်။

ဘဏ္ဍာရေး အကျပ်အတည်းကြောင့် စီးပွားရေးဆိုင်ရာ လှေကားထစ် အဆင့်ဆင့်မှ လွင့်စင်ကျလာသော ခိုကိုးရာမဲ့သူများကိုလည်း အထောက်အကူ ပြုပေးနိုင်ပါသည်။ စီးပွားရေး လိုအပ်ချက်များ ရှိနေသော ပြည်သူများ အနေဖြင့် နိုင်ငံရေးအရ ဖွင့်ဟ ဖော်ထုတ်နိုင်ဖို့လည်း လိုအပ်ပါသည်။ ဒီမိုကရေစီဟူသည် အရပ်ရပ်အထွေထွေသော ကြွယ်ဝချမ်းသာမှုတို့ ရောက်ရှိလာခြင်းကို အသင့်စောင့်ကြိုနေနိုင်သော ဇိမ်ခံပစ္စည်းတခု မဟုတ်ပေ။

ဒုတိယ အချက်အနေဖြင့် ပေးအပ်ထားသော ရွေးချယ်မှုတရပ်မှ ဆင်းရဲသားပြည်သူများအဖို့ ဒီမိုကရေစီကို ငြင်းပယ်လိုကြောင်း အထောက်အထား လုံလုံလောက်လောက် မရှိပေ။ ၁၉၇၅ ခုနှစ် ကာလများတွင် ယခင်အိန္ဒိယအစိုးရက ၎င်းတို့ ကြေညာထားခဲ့သော “အရေးပေါ်အခြေအနေ”  ဆိုသည်ကို (နိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများအပေါ် ဖိနှိပ် ချုပ်ချယ်ထားခြင်းကို) ကြောင်းကျိုး ညီညွတ်ကြောင်း ဆင်ခြေပေးရန် အလားတူ ငြင်းခုံမှုတရပ်ကို စမ်းသပ်ကြည့်ခဲ့ပါသည်။ ကျင်းပပေးခဲ့သော ရွေးကောက်ပွဲက ဤပြဿနာအပေါ်တွင် မဲဆန္ဒရှင်များ၏ သဘောထားကို တိတိကျကျ ခွဲခြားပေးခဲ့ပါသည်။ အခြေခံနိုင်ငံရေးနှင့် အများပြည်သူ အခွင့်အရေးများ ဖိနှိပ်ချုပ်ချယ်ထားမှုများကို ပြတ်ပြတ်သားသား ငြင်းပယ်ဖြစ်သည့် အရေးပါသော အကြောင်းအရာ တရပ်အပေါ်တွင် အဓိကထား ယှဉ်ပြိုင်ရသည့် အဆိုပါ ကြမ္မာငင်သော ရွေးကောက်ပွဲတွင် ကမ္ဘာ့အဆင်းရဲဆုံးသော အိန္ဒိယ မဲဆန္ဒရှင်များသည် စီးပွားရေးဆိုင်ရာ ချို့ငဲ့မှုများအပေါ် မကျေမနပ် ပြောဆိုကြခြင်းထက် အခြေခံလွတ်လပ်ခွင့်နှင့် အခွင့်အရေးများ ငြင်းပယ်ခံနေကြရခြင်းအပေါ် စိတ်အားထက်သန်မှု လျော့ကျမှု မရှိကြောင်းကို ပြသခဲ့ကြပါသည်။

ဆင်းရဲသား ပြည်သူများအနေဖြင့် အများပြည်သူ အခွင့်အရေးများနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ အလေးအနက်ထားမှု မရှိဟူသည့် အဆိုပြုချက်အပေါ် အတိုင်းအတာ တရပ်အထိ စမ်းသပ်စစ်ဆေးမှုများအရ ယင်းအဆိုကို လုံးဝဆန့်ကျင်သော သက်သေ အထောက်အထားများရှိသည်။ တောင်ကိုရီးယား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် တခြား အာရှနိုင်ငံများရှိ ဒီမိုကရေစီ လွတ်မြောက်မှုရရှိရေး ရုန်းကန်လှုပ်ရှားမှုများကို လေ့လာပါက အလားတူ ဆိုလိုချက်များကိုသာ ရရှိနိုင်မည်ဖြစ်သည်။ ထို့နည်းတူ အာဖရိကတွင် နိုင်ငံရေး လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ငြင်းပယ်ခံထားရချိန်တွင် ယင်းဖိနှိပ်မှုများကို ဆန့်ကျင့်သော လှုပ်ရှားမှုများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြုမှုများသည် အခြေအနေ ပေးသည့်အခါတိုင်း ဖြစ်ပွားခဲ့သည်။

(ဆက်လက် ဖော်ပြပါမည်)

(အမတြာ ဆင်း (Amartya Sen) ၏ ဆောင်းပါး “Democracy as a Universal Value” ကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဒေါက်တာ အမတြာ ဆင်းသည် နိုဗဲလ်ဆုရ စီးပွားရေးပညာရှင်ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Loading