နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊ အရေးယူမှုများကို ရပ်တန့်စေရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီ ၅ ရက်နေ့တွင် တရားဝင် ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ စသည့် ပုဂ္ဂိုလ်များလည်း ပါဝင်ကြမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများ၊ ကန့်သတ်မှု၊ အရေးယူမှုများကို ရပ်တန့် လာစေရန်အတွက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမာကီးက ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအတွင်း ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ၈၈ မျိုးဆက်များ ဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီနှင့် ကိုမာကီး အစရှိသည့် ပုဂ္ဂိုလ်များ အပါအဝင် လူအင်အား ၂၀၀ ကျော်က ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ကြမည်ဟု သိရသည်။
“အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ် ဆိုပေမယ့် လယ်ယာမြေ ကိစ္စမှာ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲ ခံထားရတဲ့ သူတွေ ပြန်မလွတ်ကြသေးဘူး။ ကျနော်တို့ မှန်းထားတာကတော့ ဆန္ဒပြတဲ့ နေရာမှာ လူ ၁၀၀၀ လောက်တော့ ပါလာလိမ့်မယ် ထင်တယ်” ဟု ကိုမာကီးက ပြောသည်။
ယင်းသို့ တရားဝင် ဆန္ဒဖော်ထုတ်ရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ ၈၈ အဖွဲ့အစည်းက တင်ပြထားသည့် လူအင်အား ၃၀၀ အစား လူအင်အား ၂၀၀ သာ ဆန္ဒပြခွင့် ပြုထားကြောင်း၊ ဆန္ဒထုတ်ဖော်မည့် နေ့ကို ဇန်နဝါရီ ၄ ရက်အစား ၅ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီကျော်တွင် အကြောင်းပြန်လာသည်ဟု ၎င်းက ဆိုသည်။
ယင်းနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သော ကိုပြုံးချို၊ ကိုမာကီးနှင့် ဒေါ်မီးမီးတို့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ အပါအဝင် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများနှင့် ကန့်သတ်မှု၊ အရေးယူမှုများ အကြောင်းကို ဟောပြောသွားမည်ဟု သိရသည်။
အလားတူ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီ ၄ ရက်တွင် ပုဒ်မ ၁၈ ဖျက်သိမ်းရေး အတွက် ဆန္ဒထုတ်ဖော်ခွင့် တင်ပြခဲ့သော်လည်း မြို့နယ်ရဲစခန်းက ချက်ချင်းပယ်ချ လိုက်ကြောင်း အဆိုပါ အဖွဲ့အစည်းမှ ဦးလှမောင်က ဧရာဝတီသို့ ပြောသည်။
“၈ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခွင့့် ရဖို့ ဒီနေ့ပဲ ထပ်တင်လိုက်တယ်။ ပထမတခါ တင်ပြတုန်းက နေရာနဲ့ အချိန်ကြောင့် ခွင့်မပြုခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
ဆန္ဒထုတ်ဖော်ခွင့် ရပါက မြိတ်မြို့နယ် ပုလဲရတနာ ခန်းမတွင် လာမည့် ဇန်နဝါရီ ၈ ရက်တွင် ပုဒ်မ ၁၈ ဖျက်သိမ်း ပေးရေးအတွက် မြိတ်မြို့နယ် ၈၈ မျိုးဆက်များက တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။