ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်း ပျောက်ဆုံးမှုများ ဖြစ်ပွားနေသဖြင့့် မော်တော်ယာဉ် ထားသိုရာ နေရာများတွင် ဧရိယာအလိုက် CCTV Camera များ တပ်ဆင်ပြီး၊ လုံခြုံရေး ကင်းမျှော်စင်များ တည်ဆောက်ကာ လုံခြုံရေးအင်အား လုံလောက်စွာ ချထားသွားမည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။
မော်တော်ယာဉ်များအား ဆိပ်ကမ်းမှ ထုတ်ယူရာ၌ ပစ္စည်းများ ပျက်စီးမှု၊ ပျောက်ဆုံးမှု၊ လျော့နည်းနေမှုများရှိ၍ ပိုင်ရှင်များအကြား သံသယဖြစ်ပွားနေမှုများ ဖြစ်ပေါ်နေခြင်းကြောင့် တာဝန်ရှိသူများက မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံး၌ ဇန်နဝါရီလ ၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပစ္စည်းပျောက်မှုများ လျော့နည်း ပပျောက်ရေး အတွက် မူလတင်သွင်းသည့် နိုင်ငံ၌ သင်္ဘောပေါ်သို့ တင်ဆောင်ရာတွင် မော်တော်ယာဉ်၏ အခြေအနေ၊ ပါရှိသော စာရင်းများအား စနစ်တကျ ပြုစု၍ သင်္ဘောမှ တာဝန်ရှိသူများအား အပ်နှံခြင်း၊ စာရင်းများအား မော်တော်ယာဉ် ရောက်ရှိချိန်တွင် တိုက်ဆိုင် စစ်ဆေးပြီး ကိုက်ညီမှု မ ရှိပါက သင်္ဘောလိုင်းမှ ချက်ချင်း အကြောင်းကြား ဖြေရှင်းပေးစေခြင်းတို့အား ဆောင်ရွက် သွားမည်ဟု ဝန်ကြီးဦးညာဏ်ထွန်းအောင်က ဆက်လက် ပြောသည်။
ထို့အပြင် မော်တော်ယာဉ် တင်သွင်းသူများသည် ၎င်းတို့မော်တော်ယာဉ်များ တင်ဆောင်လာသည့် သင်္ဘော ဆိုက်ကပ်မည့် ရက်အား ကြိုတင်သိရှိ နိုင်ရန်အတွက် အကြောင်းကြားမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းသို့ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးရခြင်း အကြောင်းအရင်းများမှာ သင်္ဘောဆိုက်ကပ်ချိန် ကတည်းက ပစ္စည်းများ လျော့နည်းနေခြင်း၊ သင်္ဘောပေါ်မှ ယာဉ်ထားသိုရာ ဂိုဒေါင်ဝင်းသို့ ပို့ဆောင်စဉ် ယာဉ်မောင်း သူကြောင့် ပျက်စီး ပျောက်ဆုံးခြင်း၊ မော်တော်ယာဉ် ထားသိုရာ နေရာ၌ ပျက်စီးပျောက် ဆုံးခြင်း၊ မော်တော်ယာဉ် လာရောက် ထုတ်ယူသူများက ယာဉ်ပါပစ္စည်း မပြည့်စုံသဖြင့် အခြားယာဉ်မှ ပစ္စည်းများ ခိုးယူခြင်း စသည့် အချက်များ ကြောင့် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က သုံးသပ်သည်။
မူလတင်သွင်းမှုပြုချိန်၌ သင်္ဘောဖြင့် သယ်ဆောင် လာသည့်ကာလအတွင်း ပစ္စည်းများ လျော့နည်း ပျောက်ဆုံးမှု
ပမာဏသည် ၅၀ ရာခိုင်နှုန်းရှိပြီး၊ ဆိပ်ကမ်းတံတားများသို့ ရောက်ချိန် ပျောက်ဆုံးမှုသည် ၁၅ ရာခိုင်နှုန်းရှိကာ၊ ဆိပ်ကမ်းမှ ထုတ်ယူပြီးချိန် ပျောက်ဆုံးမှု ပမာဏမှာ ၃၅ ရာခိုင်နှုန်း ရှိကြောင်းလည်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
ထို့အပြင် တင်သွင်းလာသော မော်တော်ယာဉ်များအား တင်ဆောင်လာစဉ် ဆက်စပ် ပစ္စည်းများ ပါရှိကြောင်း အထောက်အထားများ မပြနိုင်ခြင်းကလည်း ဆိပ်ကမ်းသို့ ရောက်ချိန်၌ ပစ္စည်းများ ပျောက်ဆုံး လျော့နည်းခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ထောက်ပြသည်။
သူက “ကားတစီး လေလံအောင်ပြီး တင်သွင်းလိုက်တယ် ဆိုရင် လေလံအောင်စဉ်က အခြေအနေအတိုင်း ဒီကားမှာ ပစ္စည်း အစုံပါရှိခြင်း၊ မပါရှိခြင်းကို အထောက်အထား စာရွက်တွေ မပါတော့ ပစ္စည်းဘယ်မှာ လျော့ခဲ့၊ ပျောက်ခဲ့လဲ ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ မသိနိုင်ဘူး ဖြစ်နေတယ်”ဟု ပြောကြားသည်။
သူက ဆက်လက်၍ “ဒီကားမှာတော့ ဘာပစ္စည်းတွေပါလဲ ဆိုတဲ့ Inspection Sheet လို အထောက်အထား စာရွက် စာတမ်းတွေ မပါဘူး။ ပြီးတော့ အမိုးကိုင်းတို့၊ ကားရှေ့က ဘန်ဘာတို့က သတ်မှတ် ကီလိုထက် ကျော်နေရင် သူတို့ တွေက ဖြုတ်လိုက်တာပဲ။ ဖြုတ်ပြီး တချို့က ပြန်ထည့်ပေး လိုက်ကြတယ်။ တချို့က မထည့်ပေးဘူး။ ဒီရောက်လို့ အဲဒီ ပစ္စည်းတွေက လျော့နေတော့၊ ဒီဘက်ဆိပ်ကမ်း ရောက်မှပဲ ပျောက်သလို၊ ပစ္စည်းချပြီးမှ ပျောက်သလို ဖြစ်နေတယ်”ဟု ပြောသည်။
ထို့ပြင် ကားအသင်း ဗဟိုအလုပ်မှုဆောင် ဦးအောင်ဇော်ဦးက ကားတင်သွင်းမှု ပြုလုပ်ရာ၌ လုပ်ငန်းပိုင်းဆိုင်ရာ နားလည်မှု အားနည်းသော အေးဂျင့်များ ကြောင့်လည်း ပြဿနာ ကြုံတွေ့ရသဖြင့် ကျွမ်းကျင်သော အေးဂျင့်များကို ရွေးချယ်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားသည်။
“တင်သွင်းတဲ့ လူကလည်း နားလည်တတ်ကျွမ်းတဲ့ အေးဂျင့်ကို ရွေးချယ်တတ်ဖို့ လိုအပ်တယ်။ ရွေးချယ်လိုက်တဲ့ အေးဂျင့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှု အခြေအနေကို လည်းသိထားရမယ်။ ပစ္စည်းပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဟိုမှာ ပျောက်တာလား၊ ဒီဘက် မှာပျောက်တာလား ဆိုတာကို ဖြေရှင်းပေးနိုင်မယ့် လူမျိုးကို ရွေးချယ်တတ်ဖို့ လိုအပ် တယ်”ဟု ၎င်းက ပြောကြားသည်။
သို့သော် ယခုအချိန်ထိ တင်သွင်းခဲ့ပြီးသော ကားအစီးရေ စုစုပေါင်း ၂ သိန်းကျော်အနက် ပစ္စည်းပျောက်ဆုံးမှု အခြေအနေမှာ ရာခိုင်နှုန်းနှင့် တွက်ချက်ပါက ၁ ရာခိုင်နှုန်းအောက် နည်းခြင်းခြင်းကြောင့် ရာခိုင်နှုန်းအရ တွက်ချက်လျှင် အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း သူက ဆက်လက်ပြောသည်။
ယခုကဲ့သို့ ပစ္စည်းလျော့နည်း ပျောက်ဆုံးမှုများသည် နိုင်ငံတကာ ဆိပ်ကမ်းများ၌လည်း ဖြစ်ပွားလေ့ ရှိကြပြီး စင်ကာပူ ဆိပ်ကမ်း၌ နည်းပညာတိုးမြှင့် ဆောင်ရွက်လိုက်ခြင်းကြောင့် လျော့နည်း ပပျောက်ခဲ့သော်လည်း၊ မလေးရှား ဆိပ်ကမ်း တွင် ယခုတိုင် ယင်းပြဿနာနှင့် တွေ့ကြုံနေသေးကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးက က ပြောကြားသည်။