ကယားပြည်နယ် ဒေသတချို့တွင် အမျိုးသမီးများ အဓမ္မ ပြုကျင့် စော်ကား ခံရပါက တရား ဥပဒေအရ ဖြေရှင်းခြင်းမရှိဘဲ ရိုးရာ ဓလေ့ဖြင့်သာ ကျေအေးနေရဆဲ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်များတွင် အဓမ္မပြုကျင့် ခံရသော အမျိုးသမီးများကို ရွာမှ ဖိအားပေးကာ ရွာ၏ ထုံးစံအတိုင်း ကျူးလွန် စော်ကားသူက ဝက်၊ ကြက် များကို အိမ်များသို့ လိုက်ဝေငှခြင်းဖြင့် ရွာဆေးခြင်းကို ပြုလုပ်ဆဲဖြစ်ကြောင်း၊ တရားဥပဒေအရ ဖြေရှင်းမှု မပြုသဖြင့် အမျိုးသမီးများအတွက် နစ်နာမှုများစွာရှိနေကြောင်း ကယန်း အမျိုးသမီးအဖွဲ့၏ တာဝန်ခံ ဒေါ်မူအန်းဂျေလာက ဧရာဝတီသို့ ပြောသည်။
“ရွာနာမည် ပျက်တယ်ဆိုပြီး ဝက်တကောင်သတ်ပြီး လျော်ပေးခိုင်းတယ်။ အမျိုးသမီးတွေက ဝက်တကောင် တန်ဖိုးနဲ့ပဲ တူသွားတာပေါ့”ဟု ဒေါ်မူအန်းဂျေလာက ပြောပြသည်။
ပြစ်မှု ကျူးလွန်သူများသည် မူးယစ် ဆေးသုံးစွဲသူများနှင့် ယင်းနယ်မြေတွင် မြန်မာအစိုးရ၏ စစ်အင်အား တိုးချဲ့မှု များလာခြင်းကြောင့် ကယား ဒေသအတွင်းရှိ ကျေးရွာများ၌ အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု များလာခြင်း ဖြစ်ကြောင်း၊ ပြစ်မှုများတွင် ရိုးရာ နည်းအရ ကျေအေးမှုသည် အမျိုးသမီးများအပေါ် မျှတခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာတွေ ပြန်ပြုပြင်ပေးသလို သူတို့ရဲ့ ကျန်းမာရေးကိုလည်း လက်လှမ်း မှီသလောက် လုပ်ပေးတယ်။ ပြီးတော့ ရွာတွေမှာလည်း ဒီလိုဖြစ်လာရင် ဥပဒေအရ တိုင်ဖို့၊ ဥပဒေ အတိုင်း သွားဖို့ ပညာပေးမှုတွေ လုပ်တယ်။ ရှေးလူကြီးတွေက သိပ်လက်မခံချင်ကြဘူး”ဟု ကယန်း အမျိုးသမီးအဖွဲ့မှ ဒေါ်မူချယ်ရီကလည်း ပြောသည်။
တိုင်းရင်းသား အများစုသည် သက်ဆိုင်ရာ ဓလေ့ ထုံးတမ်းများကို ကျင့်သုံးနေဆဲဖြစ်ပြီး အသိပညာပေးမှုများကို ရှေးလူကြီးများက နှစ်သက်လက်ခံမှု မရှိကြောင်း သိရသည်။ အဓမ္မ ကျူးလွန်ခြင်းခံရသူကို လျော်ကြေးပေး ကျေးအေးနေသည်မှာ ခေတ်နှင့် မညီညွတ်ကြောင်း၊ ထိုဓလေ့များကို မကျင့်သုံးရန် အသိပညာပေးမှုများ ပြုလုပ်နေရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးငိုဆင်ပ် က ဧရာဝတီသို့ ပြောသည်။
“ရွာဓလေ့ အတိုင်း ဝက်တကောင်နဲ့ ကျေအေးပေးရတဲ့ အမှုက တရားဥပဒေအရ ထောင်ဒဏ် တသက်တကျွန်း ပေးနိုင်တဲ့ ပြစ်မှုပါ။ အခုလို ပြစ်ဒဏ် ကွာဟနေတော့ ရေရှည်မှာ ဥပဒေကို ထိခိုက်နိုင် ပါတယ်”ဟု ဦးငိုဆင်ပ်က ဆိုသည်။
၂၀၁၂ ခုနစ် မတ်လအတွင်း လားရှိုးမြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် လက်ရှိ မြန်မာ အစိုးရ စစ်အင်အား တိုးချဲ့မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်ခံရမှု မြင့်တက်လာသည့် အခြေနေများကို တင်ပြ ဆွေနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အထက်ပါ အခြေနေများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် လျော့နည်း သွားစေရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်မူတွင် အမျိုးသမီးနှင့် ကလေးအတွက် အခန်းကဏ္ဍ သေချာရေးဆွဲပေးရန် တက်ရောက်သည့် အမျိုးသမီးများ အဖွဲ့အစည်းမှ သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
“အမျိုးသမီးတွေကို အဓမ္မကျင့်ပြီး ရိုးရာနည်းနဲ့ ဖြေရှင်းတာကတော့ လက်ရှိ အနေအထားမှာ ရှိသေးတယ်။ တကယ်တော့ ဥပဒေ နည်းအတိုင်း သွားတာ ကောင်းပေမယ့် ကျေးရွာတွေက ဥပဒေကို နားမလည်တော့ ခက်တာပေါ့။ ကျနော်တို့ အဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပညာပေးဖို့တော့ ရှိပါတယ်”ဟု ကယန်း စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ ဦးပေါလုချမ်းကလည်း ဧရာဝတီသို့ ပြော သည်။
အဓမ္မ ကျင့်ခံရသည့် အမျိုးသမီးနှင့်ကလေးငယ်များ အတွက် ရှေ့နေ ငှားရမ်းရန် ငွေကြေး ခက်ခဲမှုနှင့် တိုင်းရင်းသားများသည် ပြ ဌာန်းထားသည့် ဥပဒေများကို နားလည်မှု အားနည်းနေခြင်းတို့က အဓိက အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ယင်းဖြစ်ရပ်များသည် ကယားပြည်နယ်၌ သာမက တခြားသော တိုင်းရင်းသား ဒေသတချိူ့တွင်လည်း ယနေ့အချိန် အထိ ကြုံတွေ့ နေကြရဆဲ ဖြစ်ကြောင်း သိရသည်။