မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ဥပဒေ ပုဒ်မကို တိတိကျကျ သတ်မှတ်ရန် လိုအပ်ပြီး နိုင်ငံရေး အကျဉ်းသားများကို မတရား ထောင်ချခဲ့သည့် တာဝန်ရှိသူများက ပြန်လည် တောင်းပန်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က ပြောကြားလိုက်သည်။
“သမိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တောင်းပန်မှ ရှေ့ဆက်နိုင်မယ်။ အဲဒီလိုမှ မဟုတ်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတာ ဂျာနယ်တွေ ရေဒီယိုတွေ လေပေါ်မှာပဲ စကားလုံး အဖြစ်နဲ့ ရှိနေဦးမှာပါ”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့က ဦးစီး၍ ယမန်နေ့က ပြုလုပ်ခဲ့သည့် ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနား တွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဦးကိုကိုကြီးက“ဒီနေ့ ဒီအချိန်အထိ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘယ်ပုဒ်မတွေ ဆိုတာကို တရားဝင် မသတ်မှတ် နိုင်သေးပါဘူး။ တရားဝင်သတ်မှတ်မှ အဲဒီပုဂ္ဂိုလ်ဟာ အကျဉ်းထောင်ထဲမှာ ဘယ်လိုနေမယ်၊ ဘယ်လိုစားမယ် ဆိုတာတွေကို သတ်မှတ်ရမှာပါ”ဟု ပြောသည်။
သူက ဆက်လက်၍ တချိန်က သမိုင်းရေးခွင့်မရ၊ မှတ်တမ်းတင်ခွင့် မရသော အမှောင်ခေတ်ကို ဖြတ်သန်းခဲ့ရရာမှ ယခုကဲ့သို့ နိုင်ငံ ရေး အကျဉ်းသား စိစစ်ရေး ကော်မတီဟု တရားဝင် ပြုလုပ်လာခြင်းသည် တိုးတက်သော ခြေလှမ်းတခု ဖြစ်ကြောင်းလည်း ပြော ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရာတွင် ဥပဒေပုဒ်မ ကိုကြည့်၍မရကြောင်း၊ ထောင်ထဲတွင် ဖြတ်သန်းခဲ့ရမှုများဖြင့်သာ နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်သည်ဟုလည်း ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်၊ ကျဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၅၄ ဦး၏ မိသားစုဝင်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ပြီး အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဦးမင်းကိုနိုင်ကလည်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်တချို့သည် တခါတရံ အကျဉ်းထောင်ထဲတွင် ဖြတ်သန်းရသော လူထက် ဆိုးဝါးကြောင်း၊ လူ့အသိုင်းအဝိုင်းတွင် အနှိမ်ခံရ၊ အပယ်ခံရကြောင်း၊ တဦးနှင့်တဦး အားပေးရင်း လက်တွဲ ညီညီဖြင့် ဖြတ်သန်း လာခဲ့ပြီးမှသာ ယခုကဲ့သို့ ဂုဏ်ပြုပွဲ ပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ပြောသည်။
“မိသားစုတွေ ဒီနေ့အထိ ပြန်ပြီးတော့ စုစည်းလို့ မရတာတွေ ကြွေပန်းကန် ကျကွဲသလို ကွဲသွားကြတာတွေ အများကြီးပါ။ ဒါတွေကို ဖြတ်သန်းလာပြီးတော့မှ ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုနိုင်တဲ့အချိန် ရောက်လာတာပါ”ဟု ဦးမင်းကိုနိုင် က ပြောဆိုသည်။
၎င်းက“သူတို့က စစ်ကြောရေးမှာ အမှန်တရားအတွက် အရှုံးမပေးဘဲ အသက်ပေးသွားတဲ့သူတွေပါ။ ကျနော်တို့ အတွက်တော့ ဘယ် တော့ မှ မကြွေတဲ့ ကြယ်တွေပါ၊ သူတို့က ခေတ်စကားနဲ့ဆိုရင် ဒီလူတွေကို ဆက်သွယ်မှု ဧရိယာ ပြင်ပအထိ ပို့ချင်နေတာ။ ဒါပေမယ့် ဘယ်တော့မှ မရောက်ဘူး”ဟုလည်း ဆက် ပြောသည်။
ကျဆုံးသွားသော နိုင်ငံရေး အကျဉ်းသားများသည် တရားမျှတမှု အတွက် ကိုယ်ယုံကြည်ရာ ကိုယ် ရပ်တည်ရင်း အသက်ပေးသွားကြ သူများ ဖြစ်ကြောင်း၊ ၎င်းတို့၏ ပေးဆပ်ခဲ့မှုများကို မှတ်တမ်းတင်ထားကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။
ထို့နောက် ကျဆုံး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြု မှတ်တမ်းလွှာများကို မိသားစုဝင်များထံသို့ ပေးအပ်သည်။