တပ်မတော်နှင့် လက်ရှိအစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေပြီး၊ ယင်းကိစ္စအား မိမိတို့နှင့် မဆိုင်သကဲ့သို့ မသိချင်ဟန်ဆောင်နေ၍ မရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ ယနေ့ ကျင်းပခဲ့သော ၆၆ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မကြာမီ ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးတွင် တပ်မတော်ဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ အချို့ အချက်များကို ပြန်လည် ပြုပြင်မည်ဟု ထုတ်ပြန်ထားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
“တပ်မတော်ရဲ့ ကဏ္ဍဟာ မပါသလိုလို၊ ပါသလိုလို လုပ်နေလို့ မဖြစ်ပါဘူး။ အင်မတန်မှ အရေးပါ ပါတယ်။ နောက်ပြီး ပြည်သူပြည်သား အားလုံးနဲ့ ဆိုင်တဲ့ကိစ္စဟာ အစိုးရနဲ့ မဆိုင်ဘူး ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တကယ်ဖြစ်ပေါ်ဖို့ ဆိုရင် ရှိနေတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား ရင်ဆိုင်ရပါလိမ့်မယ်။ ပြဿနာမရှိချင်ယောင် ဆောင်နေခြင်းအားဖြင့် တိုးတက်မှု ဘယ်လိုမှ မရနိုင်ပါဘူး”ဟု ၎င်းကဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် အရေးကြီးသော ကိစ္စဖြစ်ပြီး တပ်မတော်နှင့် ပြည်သူများ အားလုံးသိရန် လိုအပ်ကြောင်း၊ တပ်မတော်သည် မိမိတို့ နိုင်ငံ၏ အစိတ်အပိုင်းတခု ဖြစ်သည်ကိုလည်း အားလုံးက မသိချင်ယောင် ဆောင်နေ၍ မရပဲ အသိအမှတ် ပြုရမည်ပင် ဖြစ်ကြောင်း သူကပြောသည်။
ထို့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပိုင်းတွင် လက်ရှိအစိုးရ၏ ကဏ္ဍကလည်း ပါဝင်ပြီး မဆိုင်သလို နေနေ၍မရကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို အခြေပြုမည်ဆိုလျှင် ပြောသင့်သည်များကို ပြောဆိုရမည်ပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သော ၆၆ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းက ပြောကြားလိုက်သည်။
လွှတ်တော်အတွင်းအင်အားအကြီးဆုံးပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ ဒီဇင်ဘာ ၂၇ မှ ၃၀ အထိ ကျင်းပခဲ့သော ဗဟိုကော်မတီအဆင့် အစည်းအဝေးတွင် သမ္မတ အရည်အချင်း ပြင်ဆင်သတ်မှတ်ခြင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိစေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာဝန်ပေးဆောင်ရွက်ရန် ဆိုသော အချက်များ အပါအဝင် ၅၁ ချက်ကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တရားမျှတသလိုလို၊ တရားမမျှတ သလိုလို လုပ်နေ၍ မရကြောင်း၊ တရားမျှတမှု မရှိ၊ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီ၊ နိုင်ငံ၏ အနာဂတ်အတွက် ကောင်းသောဖွဲ့စည်းပုံ မဟုတ်ကြောင်းကို ပွင့်လင်း ပြတ်သားစွာ လက်ခံရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ထို့နောက် ယနေ့ကျရောက်သော ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းမှ မိမိတို့ထံ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ကို မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နှုတ်ခွန်းဆက်စကား ပြန်လည် ပါးလိုက်ပါကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ရင်း မိမိတို့နိုင်ငံအတွက် ပူးပေါင်း ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် လွတ်လပ်ရေး ရရှိရန်အတွက် တပ်မတော်နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့သလို လွတ်လပ်ရေး တည်တံ့ခိုင်မြဲပြီး လွတ်လပ်သော နိုင်ငံတနိုင်ငံနှင့် ထိုက်တန်သော စနစ်တခု ထူထောင်ရန် ပြည်သူနှင့် တပ်မတော်
ပူးပေါင်းဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
“၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကျမပြောချင်တာက ဒီနှစ်အတွက် အရေးကြီးတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက် အရေးကြီးတဲ့ကိစ္စ အမျိုးသား ရင်ကြားစေ့ရေးကို မျက်ခြေပြတ်လို့ မဖြစ်ပါဘူး။ ကျမတို့ရဲ့ခေတ်မှာ နောင်လာ နောက်သားတွေအတွက် စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုရဲ့ အုတ်မြစ်ကိုတော့ ခိုင်ခိုင်မာမာ ချသွားချင်တယ်။ နောင်လာတဲ့ခေတ်ရောက်ရင် ၂၁ ရာစုအတွင်းမှာ ကျမတို့ ဒီမိုကရေစီ ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာ ချခဲ့နိုင်တယ် ဆိုတာကို သမိုင်းမှတ်တမ်း တင်နိုင်မယ် ဆိုရင်တော့ ကျမတို့အားလုံးဟာ လူဖြစ်ရကျိုး နပ်ခဲ့တယ်လို့ ကြွေးကြော်နိုင်မှာပါ”ဟု သူက ပြောကြားလိုက်သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အကျဉ်းသားများကို လွှတ်ပေးခဲ့မှုနှင့် ပက်သက်ပြီး ကောင်းမွန်သော လုပ်ရပ်အဖြစ် ရှုမြင်ကြိုဆိုပါကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ၆၆ နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ၏ သဘာပတိ အဖွင့်မိန်းခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် မိမိတို့နိုင်ငံအတွက်သေရေးရှင်ရေးဖြစ်ပြီး လက်ရှိအနေအထားမှ လိပ်ခဲတည်းလည်းဖြင့် လမ်းဆုံလမ်းခွ ရောက်နေကြောင်း၊ မိမိအနေဖြင့် ဒေသတွင်း နိုင်ငံများကဲ့သို့ အမျိုးသမီး သမ္မတများ ဖြစ်ခဲ့ပုံကို ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်သည်အထိ ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက အထိမ်းအမှတ်ပွဲ နိဂုံးချုပ်အနေ ဖြင့် ပြောကြားခဲ့သည်။
ထို့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရည်ရွယ်၍ “ရဲဘော်ကြီး၊ ဘာမှ မတွေး ပါနဲ့တော့။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကဆို တပ်မတော်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘဝနဲ့ ဖြတ်သန်းခဲ့တာပါ။ ခင်ဗျားလဲ အဲဒီ လိုဖြစ်ချင်တယ် ဆိုရင် လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို မဖယ်ပေးတာဟာ ဆိုးရွားနေမယ့် အခြေအနေဆိုတာကို မြင်ပြီး သတ္တိရှိရှိ ဖယ်ရှားပေးပါလို့ ပြောချင်တယ်” ဟု ဦးတင်ဦးက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပခဲ့သော ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ကမန်အမျိုးသား ဒီမိုကရေစီပါတီ၊ ၇၄၊ ၇၅၊ ၇၆ခုနှစ် နိုင်ငံရေး အင်အားစုများ၊ ၈၈ မျိုးဆက်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ လူငယ်အစည်းအရုံးတို့မှ ပေးပို့ခဲ့သော သဝဏ်လွှာများကိုလည်း အခမ်းအနားတွင် မှတ်တမ်းတင်ခဲ့သည်။