သတင်း

တရုတ် ဆာလ်ဖာ ကုန်သေတ္တာအတွင်း သဲများ တွေ့ရှိဟု အကောက်ခွန် ပြော

This article has been converted from Zawgyi One to Unicode

ထင်သီဟ ထရေးဒင်း ကုမ္ပဏီလီမိတက်က တရုတ်နိုင်ငံရှိ ကုမ္ပဏီတခုသို့ ကုန်သေတ္တာ ယာဉ်တစီးစာ မှာယူ တင်သွင်း ထားသော စက်ရုံသုံး ဆာလ်ဖာ (Sulphur Black) များ ဆိုသည်မှာ သဲများ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန က ပြောသည်။

ရန်ကုန် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်းသို့ ရောက်ရှိလာသည့် ထင်သီဟ ထရေးဒင်း ကုမ္ပဏီ က မှာယူထား သည် ဟူသော စက်ရုံသုံး ဆာလ်ဖာ ကုန်သေတ္တာယာဉ်ကို အကောက်ခွန် ဦးစီးဌာနက စစ်ဆေးရာ ယာဉ် တစီးလုံးတွင် ဆာလဖာ များအစား သဲများပါလာသည်ကို ဇန်နဝါရီ ၃ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာန လေဆိပ် ရေဆိပ်များတွင် သွင်းကုန်ပို့ကုန် ပစ္စည်းများအပေါ် စစ်ဆေးအရေးယူမှု ဆိုင်ရာ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ကုမ္ပဏီက တဘက်က ဝယ်ယူခဲ့တဲ့ နေရာနဲ့ တရားဝင်စာချုပ် ချုပ်ထားတယ်ဆိုရင်တော့ ပစ္စည်းတွေကို ပြန်လျော်ပေးမယ့် အနေ အထားမှာရှိပေမယ့် ခိုင်မာမှုမရှိရင်တော့ ပြန်ရမှာမဟုတ်ဘူး၊ ဒါမျိုးတွေက ဈေးပေါတာကို ကြည့်ပြီး ဝယ်တဲ့အခါမျိုးမှာလည်း ဖြစ် တတ်တယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ကားအရောင်းစင်တာ၊ ကုန်စည် ရောင်းဝယ်ရေး၊ ပြည်ပ ပညာရေးလုပ်ငန်းနှင့် ဆေးဝါးသုံးပစ္စည်းများ ရောင်းချရေး စသည့်
ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သည့် ထင်သီဟ ထရေးဒင်း ကုမ္ပဏီ လီမိတက်က တရုတ်နိုင်ငံရှိ Wuhan Wangliyuan Chemical Co;ltd မှ ကုန်သေတ္တာယာဉ် တစီးစာ အရေအတွက်ရှိ စက်ရုံသုံး ဆာလ်ဖာများ(Raw for Industry
Sulphur Black) ကို မှာယူတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ် ကုမ္ပဏီက စင်ကာပူဆိပ်ကမ်းမှတဆင့် ထီးတန်းဆိပ်ကမ်းသို့ ရေလမ်းကြောင်းမှတဆင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က မူဆယ် နယ်စပ်ဂိတ် ကုန်းလမ်းမှ တဆင့် တင်သွင်းမှုများရှိခဲ့သော်လည်း ယခုကဲ့သို့ ပစ္စည်းမှားယွင်းခြင်း မဖြစ် ဘူးဟု ထင်သီဟ ကုမ္ပဏီက ပြောကြောင်း အကောက်ခွန် ဦးစီးဌာန၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။

ထင်သီဟ ထရေးဒင်းကုမ္ပဏီသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ တိကျသည့် အဖြေမရပေ။

ပြည်ပနိုင်ငံမှတဆင့် ကုန်စည်များ မှာယူတင်သွင်းမည်ဆိုပါက စာချုပ်စာတမ်း သေချာစွာပြုလုပ်ထားသင့်ကြောင်း၊ တချို့ပြည်တွင်း ကုမ္ပဏီများမှာ ဈေးနှုန်းသက်သာခြင်းကို ကြည့်ပြီး ဝယ်ယူခြင်း၊ ကြားပွဲစားဝယ်လက်မှ တဆင့် ဝယ်ယူခြင်းများကြောင့်လည်း
ကုန်စည် အလိမ်ခံရသည့် ပြဿနာရှိနေကြောင်း လေဆိပ်ရေဆိပ်များတွင် သွင်းကုန်ပို့ကုန် ပစ္စည်းများအပေါ် စစ်ဆေး အရေးယူမှု ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

Wuhan Wangliyuan Chemical Co;ltdသည် တရုတ်နိုင်ငံ ဝူဟမ်မြို့ ဝူချွမ်ဒေသတွင် တည်ရှိပြီး ဓာတုဗေဒ ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို နိုင်ငံတကာသို့ တင်ပို့နေသည့် အတွေ့အကြုံ ၂ နှစ်ကျော်ရှိပြီး ကုမ္ပဏီသက်တမ်းမှာ ၁၃ နှစ် ကျော်ရှိပြီဖြစ်ကြောင်း ၎င်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်အတွင်းကလည်း ပြည်တွင်း ကုမ္ပဏီတခုမှ တရုတ်နိုင်ငံရှိ ကုမ္ပဏီတခုသို့ ပလတ်စတစ် ကော်စေ့များ မှာယူတင်သွင်းခဲ့ ရာတွင်လည်း လမ်းခင်းရာတွင် အသုံးပြုသည့် ဗြုံးကျောက်မှုန့်များ ဖြစ်နေသည့်အတွက် သက်သေခံ ပစ္စည်းနှင့်တကွ တရုတ် ကုမ္ပဏီ သို့ ပြန်လည် ပို့ထားကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

Loading