“၈၈ က လွှတ်တော်နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်မယ့် သူတွေ ပေါ်လာမယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အစိုးရဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မှုကို မူအားဖြင့် သဘောတူထားပြီး အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ပြန်လည်ပြင်ဆင် နိုင်ရေး အတွက် ဆောင်ရွက် နေကြောင်း တွေ့ရသည်။

လက်ရှိတွင်လည်း တပ်မတော် အပါအဝင် အစိုးရ ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေ သည့် နိုင်ငံရေး လမ်းကြောင်း၊ တိုင်းရင်းသား နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဝင်ရောက်မယ့် လွှတ်တော် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးကိုကိုကြီး ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မသူဇာက တွေ့ဆုံ မေးမြန်းထားသည်။

မေး။  ။ ၈၈ မျိုးဆက် ကျောင်းသားတွေ အခုအထိ ပါတီ မထောင်သေးဘူးလားလို့ မေးနေကြတယ်။ အဲဒီအခြေအနေကို ပြောပြပေး ပါ။

ဖြေ။  ။ စပြီးတော့ နိုင်ငံရေး နယ်ပယ်ထဲကို ရောက်လာကတည်းက ကိုယ် ဘယ်ကွက်လပ်ကို ဝင်ဖြည့်ရမလဲ ဘာလုပ်ရမလဲလို့ စဉ်းစားနေတာ။ စဉ်းစားတော့ အခုလည်းပဲ ၈၈ ကနေပြီးတော့ လွှတ်တော်နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်မယ့်သူတွေလည်း ပေါ်လာလိမ့်မယ်။ နောက် ဒီအရပ်ဘက် အဖွ့ဲအစည်း အားကောင်းအောင် ဆက်လက်ပြီး လုပ်ဆောင်မယ့်သူတွေလည်း ဆက် လုပ် လိမ့်မယ်။ ပုံစံနှစ်မျိုးနဲ့ သွားမှာပေါ့။

မေး။  ။ ပါတီ အနေနဲ့ မသွားဘူးလား။

ဖြေ။  ။ လွှတ်တော် နိုင်ငံရေးဆိုတာက အမျိုးမျိုးရှိနိုင်တယ်။ အခုအချိန်ထိကတော့ ဘာမှ တိတိကျကျ တရားဝင်ထုတ်ပြောတာမျိုး မရှိသေးဘူး။ တကယ် တိတိကျကျ ဆုံးဖြတ်ပြီ ဆိုရင်တော့ အားလုံးကို အသိပေးမှာပါ။

မေး။  ။ ဦးကိုကိုကြီးတို့ ၈၈ အနေနဲ့က လူ့ဘောင်သစ် အဖွဲ့အစည်းနဲ့လည်း အဆက်အသွယ် ရှိခဲ့တယ်ဆိုတော့ အခု လူ့ဘောင် သစ် က ပါတီထောင်မယ်ဆိုတော့ အဲဒီပါတီနဲ့ရော နိုင်ငံရေးလုပ်ငန်းတွေကို ဆက်သွယ်ဆောင်ရွက်ဖို့ ရှိသလား။

ဖြေ။  ။ အခုအချိန်မှာ ပုံသဏ္ဌာန်အနေနဲ့တော့ ကွဲသွားပြီပေါ့။ ကာလအားဖြင့်လည်း အနှစ် ၂၀ ကျော်သွားပြီ။ ၈၈ တုန်းကတော့ ဗကသ(ကျောင်းသားသမဂ္ဂ)အနေနဲ့ လုပ်တယ်။ အဲဒီကနေ နိုင်ငံရေးပါတီအနေနဲ့ လုပ်တယ်။ အလားတူပဲ တခြားကျောင်းသား သမဂ္ဂတွေလည်း ရှိတယ်။ အဲဒီလိုပဲ တခြား ကျောင်းသားသမဂ္ဂတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ရှိခဲ့ကြတယ်။

အဲဒီကနေပြီးတော့ အခု ၈၈ မျိုးဆက်ပြန်ဖွဲ့တဲ့ အခါကြတော့ အရင်တုန်းက မတူတဲ့ ကျောင်းသားသမဂ္ဂတွေ အဖွ့ဲအစည်းတွေ နောက်မျိုးဆက်ကျောင်း သားတွေပါ ထပ်ပြီးတော့ ဖွဲ့စည်းလာတဲ့အခါကျတော့ ၈၈ မျိုးဆက်ကျောင်းသား ဆိုတာထက်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့် လင်း လူ့အဖွဲ့အစည်း ဖွဲ့လိုက်တဲ့အခါမှာ ၈၈-၈၉ တုန်းက ကျောင်းသားသမဂ္ဂတွေလည်း ကွာသွားတယ်။ နောက် နိုင်ငံရေးပါတီတွေ ဆိုတာကလည်း ဖျက်သိမ်းသွားတာတွေ၊ ပြည်ပသွားတာတွေ အခုနောက်ပိုင်းမှ ပါတီတွေ ဆိုတာမျိုး ပုံစံတွေ ပြောင်းသွားတော့ လူပုဂ္ဂိုလ်လို ရင်းနှီးတဲ့ သူတွေရှိပေမယ့် နိုင်ငံရေးပုံစံတွေတော့ ပြောင်းသွားတယ်။

မေး။  ။ ဒါဆိုရင် ၈၈ အနေနဲ့ပါတီတခု တည်ထောင်လာတာမျိုး လုပ်ဆောင်လာရင်ရော အဲဒီအဖွဲ့ဲနဲ့ မဟာမိတ်ဖွ့ဲပြီး လုပ်ဆောင်သွားဖို့ရော မရှိဘူးလား။

ဖြေ။  ။ အဲဒါတွေ အားလုံးက လွှတ်တော်နိုင်ငံရေးကို ကူးပြောင်းပြီဆိုတော့မှပဲ အားလုံးပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ အခုတော့ အချိန်မကျသေးလို့ပါ။

မေး။  ။ အခုဆို အစိုးရဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အပေါ်မှာ မူအားဖြင့် သဘောတူလာပြီဆိုပေမယ့် တကယ်တမ်းပြင် တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ဆင်ချင်တဲ့အတိုင်း ဖြစ်မလာရင် ဘယ်လို အခြေအနေမျိုး ဖြစ်လာနိုင်မလဲ။

ဖြေ။  ။ တခုကတော့ နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး ဦးတည်ချက်တွေ ရှိတယ်။ လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် မတူ တာတွေတော့ ရှိလာနိုင်တာပဲ။ အဲဒီအထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံအတွက် အမြင့်ဆုံးဥပဒေဖြစ်နေတော့ ဒီဖွဲ့စည်းပုံ အခြေ ခံ ဥပဒေကို စဆွဲကတည်းက လက်မခံနိုင်တာတွေ၊ သဘောထားကွဲတာတွေ အများကြီး ဖြစ်လာတာကိုး။

ဖွဲ့စည်းပုံ ပြင်မယ် ဆိုကတည်းက ဘယ်အချက်တွေကို ဘယ်လောက် ပြင်မယ်ဆိုတဲ့ ပမာဏတွေ ပြောကြမှာပဲ။ အဲဒီလို ပြောတဲ့ အခါမှာ တဘက်က ကြည့်ရင် နိုင်ငံက ဒဏ်ရာတွေ တော်တော်များခဲ့ပြီ ပြည်တွင်းမှာ ဖြစ်တဲ့ အနိဌာရုံတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်လာတဲ့ အသေအပျောက်၊ အထိအခိုက် အဆုံးအရှုံးတွေ တောက်လျှောက် ဖြစ်လာခဲ့ပြီးပြီ။ နောက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်လည်း အများကြီး နောက်ကျသွားခဲ့ပြီ။

ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ ပြောပြီဆိုကတည်းက တကယ် ယုံယုံကြည်ကြည်ဖြစ်လို့ပြောတာ အမျိုးသားပြန် လည် သင့်မြတ်ရေး တည်ဆောက်နိုင်မှပဲ နိုင်ငံရေး ပြဿနာတွေ၊ တိုင်းရင်းသား ပြဿနာတွေ၊ စီးပွားရေး ပြဿနာတွေ အားလုံး ကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် အခု ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီးတော့ပဲ ကြိုးစားသင့်တယ်။ အဲဒီတော့ တဘက် ကလည်း ဟိုတုန်းကလိုမျိုး ငါပေးချင်သလောက်ပေးမယ်၊ ငါပြင်ချင်သလောက်ပဲ ပြင်မယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ နိုင်ငံသားတွေရဲ့ ကဏ္ဍနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ ဒီဘက်ကလည်းပဲ ဖြစ်ချင်တာတွေ ပြောရင်တော့ ကိုယ့်ဘက် က အများကြီးပေါ့။ ဖြစ်ချင်တာတွေ အားလုံးကို ကာလ အကန့်အသတ်နဲ့ ၂၀၁၅ မတိုင်ခင်မှာ ဘယ်လောက်ပြင်နိုင်အောင် ကြိုးစားမလဲ။ မပြေလည်သေးတဲ့ဟာ အားလုံးက ၂၀၁၅ အလွန် ဟိုဘက်မှာ ဆက်ပြီးတော့ ပြင်ရမယ်။

မေး။  ။ အခု ပြောချင်တာက နှစ်ဘက် ညှိနှိုင်းရမယ့် သဘောမျိုးလား။

ဖြေ။  ။ နှစ်ဘက်ညှိနှိုင်းတယ် ဆိုတာကလည်း တဘက်ကလည်း လူထုဆန္ဒဖော်ထုတ်တာတွေ၊ လှုပ်ရှားတာတွေ ရှိနေမှာပဲ၊ အဲဒါက တယောက်နဲ့ တယောက် ခြေဖျက်ဖို့ ကြိုးစားတာမျိုး မဟုတ်ဘဲနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ၊ လူထုရဲ့ ဆန္ဒတွေ ပူးပေါင်းပြီး တော့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဝိုင်းပြီးအဖြေရှာကြဖို့ လိုတယ်။

မေး။  ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ သမ္မတ အပါအဝင် လေးပွင့်ဆိုင်တွေ့ဆုံမှု လုပ်ဖို့ ကမ်းလှမ်းမှု အပေါ်မှာလည်း အစိုးရဘက်က အချိန်မကျသေးလို့ ဆိုပြီး ငြင်းလိုက်တယ်။ အဲဒီအပေါ် နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့နဲ့ ပုဂ္ဂိုလ်ရေး ထိတွေ့ဆက်ဆံမှု နည်းပါးတာကြောင့်လို့ ဝေဖန်ကြတယ်။ အဲဒီအပေါ် ဦးကိုကိုကြီး အမြင်က ဘယ်လိုရှိသလဲ။

ဖြေ။  ။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာက ကျနော်တို့လည်း တလျှောက်လုံး အခိုင်အမာ ကိုင်စွဲထားခဲ့တာပဲ။ တွေ့ဆုံဆွေးနွေး ရေး ဖြစ်ဖို့ ကြိုးပမ်းတာတွေအားလုံးကို ကြိုလည်း ကြိုဆိုတယ်။ ဒါပေမယ့် အောင်မြင်တဲ့ တွေ့ဆုံဆွေးနွွေးပွဲတွေအားလုံးဟာ အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ ဖြတ်သန်းလာပြီးမှ ဖြစ်လာတာတွေပါ။ အခုလည်းပဲ ဒါဟာတရားဝင် ကမ်း လှမ်းတာက တပိုင်းပေါ့။ တချိန်တည်းမှာလည်း အလွတ်သဘောတွေ့ဆုံတာတွေ လုပ်ဆောင်ဖို့လည်းလိုတယ်လို့ အဲဒီလိုမြင်တယ်။

မေး။  ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိသွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းအပေါ်ကိုလည်း တချို့က သုံးသပ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပနိုင်ငံတွေသွားပြီး ပြည်ပအစိုးရတွေနဲ့ပဲ တွေ့ဆုံပြီး ပြည်တွင်းအစိုးရကို ဖိအားတွေပဲ ပေးနေတယ်။ ပြည်တွင်း အစိုးရကို ပူးပေါင်းဆောင်ရွက်မှုကလည်း နည်းနေတယ်လို့ ပြောတယ်။ ဦးကိုကိုကြီး အမြင်ပြောပြပေးပါ။

ဖြေ။  ။ ကျနော်တို့ အနေနဲ့ကတော့ ယုံကြည်မှုတည်ဆောက်ရေးဟာ အရေးကြီးဆုံး ဆိုတာကို ထပ်ခါတလဲလဲ ပြောတယ်။ ကျနော် ခံယူတာက ယုံကြည်မှု တည်ဆောက်ရေးဆိုတာ ကိုယ့်အချင်းချင်းကြားမှာလည်း လိုတယ်လို့ မြင်တယ်။ ဒီမိုကရေစီ အင်အားစု အချင်းချင်း ကြားထဲမှာ ဘယ်လောက်ယုံကြည်မှု တည်ဆောက်ထားပြီးပြီလဲ၊ နားလည်မှုရပြီလဲ၊ တိုင်းရင်းသား အင်အားစုတွေကြားထဲမှာ၊ ပြည်မက ဒီမိုကရေစီ အင်အားစုတွေရဲ့ကြားထဲမှာ ဘယ်လောက်ယုံကြည်မှု တည်ဆောက်ပြီးပြီလဲ အဲဒါတွေက အရေးကြီးတယ်။ ကိုယ့်အချင်းချင်း ကြားထဲမှာလည်း လိုအပ်တယ်။ တချိန်တည်းမှာ ကိုယ်နဲ့ တချိန်တုန်းက မျက်နှာချင်းဆိုင် ဖြစ်ခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အသိုင်းအဝိုင်း နောက်ဆုံး ပြောရမယ်ဆိုရင် အနိုင်ရ ပါတီတွေလည်း ဒီမိုကရေစီ အင်အားစုတွေ ဖြစ်တဲ့အတွက် ယုံကြည်မှု တည်ဆောက်သင့်တယ်။

နိုင်ငံရဲ့ ပြဿနာက အဓိကက နိုင်ငံမှာ နိုင်ငံရေးအရ အရေးပါတဲ့ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီးတယ်။ ဒီထက် ပိုသိမ်မွေ့တာက တချိန်က မျက်နှာချင်းဆိုင် ထိပ်တိုက်ဖြစ်ခဲ့တဲ့သူတွေနဲ့ ယုံကြည်မှု တည်ဆောက်တဲ့ အချိန်မှာ ကိုယ့်မဟာမိတ်တွေကို ကိုယ့်အင်အားစုတွေရဲ့ ကြားထဲမှာပါ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ အဲဒါမှ တဘက်နဲ့ ယုံကြည် မှု ယူတဲ့အချိန်မှာ ကိုယ့်အချင်းချင်းကြားထဲမှာ ယုံကြည်မှုတည်ဆောက်ပြီး ဖြစ်နေဖို့ပဲ။ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာက ပြောရတာ လွယ်သလောက် လက်တွေ့လုပ်ရတာ အရမ်း ခက်ပါတယ်။

မေး။   ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သာယာဝတီမှာ ပြောသွားတာ တခုရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဘူးဆိုရင် ၂၀၁၅ မှာ ဝင်မပြိုင်ဘဲ သပိတ်မှောက်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရတဲ့ စကားမျိုး ပြောသွားတဲ့အပေါ်မှာ ဦးကိုကိုကြီး အမြင်ကို ပြောပြပေးပါ။

ဖြေ။  ။ အခုနောက်ဆုံး သိရတာတွေက ဒီလှိုင်းဂျာနယ်တွေမှာ ပြန်ပြီးတော့ ဖော်ပြချက်တွေကို ကြည့်မယ်ဆိုရင် အဲဒီ သဘောမျိုး မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မဝင်ဘူး၊ သပိတ်မှောက်မယ်လို့ ပြောတာမျိုး မဟုတ်ပါဘူးလို့ ပြန်ရှင်းထားတော့ ထပ်တောင်ရှင်းပြ စရာ မလိုတော့ဘူး ထင်ပါတယ်။

မေး။  ။ အခု မြန်မာနိုင်ငံမှာ ဆီးဂိမ်းတော့ ပြီးသွားပြီ။ နောက်ထပ် တာဝန်က အာဆီယံ ဥက္ကဌ တာဝန် ထမ်းဆောင်ရတော့မှာ ဆိုတော့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ ဦးကိုကိုကြီး မြင်ပါသလား။

ဖြေ။  ။ ဒေသတွင်းမှာ ကိုယ့်နိုင်ငံပုံရိပ်ကို ထိန်းသိမ်းဖို့ဆိုတာ အရေးကြီးတယ်။ တချိန်တည်းမှာပဲ နိုင်ငံတော် သမ္မတ အနေနဲ့က လည်း ဒေသတွင်း ဦးဆောင်မှုနေရာကို တာဝန်ယူရမယ့် အချိန်မှာ ကိုယ့်နိုင်ငံတွင်းမှာ ရှိတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဘယ်လောက် ဖြေရှင်းနိုင်သလဲ ဆိုတဲ့ စမ်းသပ်မှုနဲ့လည်း သူကြုံရမှာပဲ။ အဲဒီတော့ တဖက်က ဒေသတွင်းခေါင်းဆောင်တွေနဲ့ နိုင်ငံ တကာ အခင်းအကျင်းထဲမှာ ကိုယ့်နိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ပြသဖို့ လိုအပ်သလို တချိန်တည်းမှာပဲ နိုင်ငံတွင်းမှာရှိတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့လည်း လိုအပ်တယ်။ ဒါဟာ တကယ့်တဖက်က အခွင့်အလမ်းပေါ်မှာ ဒေသတွင်းမှာ ကိုယ့် ရဲ့ ဦးဆောင်မှုကို ပြသနိုင်တဲ့ အခွင့်အလမ်း၊ တဖက်က အဲဒီလို ဒေသတွင်းကိစ္စကို နိုင်ငံတကာက အာရုံစိုက်နေတဲ့ အချိန်မှာ နိုင်ငံ ရေးပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုလည်း စိန်ခေါ်နေတယ်။

မေး။  ။ ဒါဆို အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ ဖြေရှင်းမှုကို ကြည့်မယ်ဆိုရင် ပြည်သူတွေဘက်က ထင်သလောက် ကျေနပ်မှု မရခဲ့ဘူး။ ဒါကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ ရာထူး တာဝန်ယူမှုမှာ ထိခိုက်နိုင်တာပေါ့။

ဖြေ။  ။ အဲဒါကတော့ နိုင်ငံရေးအရ အရေးပါတဲ့ ခေါင်းဆောင်တွေ အားလုံးနဲ့လည်း ဆိုင်တယ်။ တာဝန်အရှိဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံရဲ့ အကြီးအကဲဟာ နိုင်ငံတော် သမ္မတ၊ သူကတော့ တာဝန်အရှိဆုံးလို့ ပြောရမယ်။ အကူးအပြောင်း ကာ လမှာ ကသောင်းကနင်းဖြစ်မှုတွေဟာ နိုင်ငံတိုင်းမှာ ရှိတယ်။ အစိုးရအဆက်ဆက်က ဖြစ်ခဲ့တဲ့ ပြဿနာတွေအားလုံးဟာ ဒီစပ်ကူး မတ်ကူး ကာလမှာ ဖြစ်သွားတဲ့ အစိုးရ၊ လွှတ်တော် ခေါင်းပေါ်ကျတာပဲ။ ဒါပေမယ့် အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်လောက် တဲ့ အရင်းအမြစ်ကြတော့ မရှိဘူး။ ဒါကြောင့် ပြဿနာတွေ ရှင်းနေတာက လက်တန်းရှင်းနေရတဲ့ အနေအထားမျိုးပဲ။ အဆောက် အအုံတွေက ခိုင်ခိုင်မာမာ မပြောင်းလာသေးဘူး။ အရင် အဆောက်အအုံတွေပဲ ရှိသေးတယ်။ အခုမှ တစတစ ပြောင်းဖို့ လုပ်နေ တာဆိုတော့ ဒီကသောင်းကနင်း ဖြစ်မှုတွေက ကြုံရမှာပဲ။ အခုက အရင်လူတွေကပဲ အုပ်ချုပ်နေသေးတာဆိုတော့ သူတို့ရဲ့ တာဝန် ခံ မှု၊ တာဝန်ယူမှုက အများကြီး လိုတယ်။

မေး။  ။ စစ်တပ် အုပ်ချုပ်မှုအောက်ကနေ တလျှောက်လုံး ရှိလာတဲ့ မြန်မာနိုင်ငံအခြေအနေက လက်ရှိအနေအထားကို ကြည့်ရင် အစိုးရ အပါအဝင် စစ်တပ်ပိုင်းကလည်း ပြောင်းလဲမှုတွေကို လိုလိုလားလား ဖြစ်လာပြီလို့ ပြောလို့ရမလား။

ဖြေ။  ။ အရင်ကဆိုရင် စစ်တပ်ပိုင်းက ဖက်ဒရယ် ပြောင်းလဲရေးကိစ္စလို့ ပြောရင် ခွဲထွက်ခွင့်လို့ ဝါဒဖြန့်ထားပြီးတော့ ဖက်ဒရယ်လို့ ပြောဖို့ နေနေသာသာ အဲဒီအသုံးအနှုန်းကို သုံးလိုက်ရင်ကိုပဲ ရာဇဝတ်မှု ကျူးလွန်သလိုမျိုး ဖြစ်နေသလိုပဲ။ အခုဆို လွှတ်တော် က လည်း ဖက်ဒရယ် ဆိုတာကို ပြောလာတယ်။ အာလုံးကလည်း နိုင်ငံကို ဖက်ဒရယ်ဆိုတာနဲ့ တည်ဆောက်ရမယ် ဆိုတာကိုလည်း အားလုံးက ယေဘုယျ လက်ခံလာတယ်။

အဲဒီလို လက်ခံလာတဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့တွေ ပြုပြင်ပြောင်းလဲရေး လုပ်လာမယ့် အခန်းက သိပ်အရေးကြီးတယ်။ နိုင်ငံတခု အတွက် လုံခြုံရေး အခန်းကဏ္ဍလို့ ပြောမယ်ဆိုရင် စစ်တပ်၊ ရဲတပ်ဖွဲ့ စတာတွေပါမယ်။ သူတို့ကို ပြန်လည်နေရာ ချထားရေး ဆိုရင် ကာကွယ်ရေးက ကာကွယ်ရေးသပ်သပ်၊ လုံခြုံရေးက လုံခြုံရေးသပ်သပ် ဖြစ်ရမယ်။ နိုင်ငံတော် ကာကွယ်ရေးမှာ တပ်ရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတွင်း နိုင်ငံသားတွေရဲ့ လုံခြုံရေးကဏ္ဍက ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍ၊ အဲဒါတွေကို ပိုင်းပိုင်းခြားခြား ပြန်ဖြစ်ဖို့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့က နိုင်ငံတကာ အကူအညီလည်း လိုတယ်။ နည်းပညာ အကူအညီတွေလည်း လိုတယ်။ ဒါပေမယ့် အခုပြောင်းလာတာကို ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ မျိုးဆက်တွေ ပြောင်းလာပြီ။ ဒါကြောင့် နောက်တက်လာမယ့် စစ်တပ်အရာရှိတွေဟာ တကယ့် ပရော်ဖက်ရှယ်နယ်(Professional)လို ဖြစ်လာအောင် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ သွားရမှာပေါ့။

မေး။  ။ ဦးကိုကိုကြီးအနေနဲ့ စစ်တပ်တခုကို ပြောင်းမယ်ဆိုရင် ဘယ်အပိုင်းကို စပြောင်းမလဲ။

ဖြေ။  ။ အဓိကက နိုင်ငံရေးကို ပြောင်းရမယ်။ နိုင်ငံရေးအရ အကုန်လုံးက လုပ်ငန်းတာဝန်ခွဲဝေမှုတွေကို သူ့နေရာနဲ့သူ လူမှန် နေ ရာ မှန် ရောက်လာအောင် ပြောင်းရမယ်။ တပ်တခုတည်းကို ပြောလို့ မရဘူး။ တဖက်က စီးပွားရေးရော၊ နိုင်ငံရေးရော ဘက်စုံပြောင်းလဲမှ ရမယ်။ နိုင်ငံရဲ့ စီးပွားရေး အခြေခံအကျဆုံးမှာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မလာရင် တပ်ရဲ့ ဘတ်ဂျက်ကိစ္စက အစ ပြောစရာတွေ ဖြစ်လာမယ်။ အရင်တုန်းကဆိုရင် ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းကို တပ်အတွက် သုံးမယ်ဆိုရင် တကယ့်တကယ်ကျတော့ ငွေကြေး ပမာဏ အရပြောရင် သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် သိပ်များလို့ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရဲ့ ဘတ်ဂျက်က သေးတဲ့ အခါကျတော့ တဝက်လုံးလုံး ခွဲယူသွားတယ် ဖြစ်တာပဲ။ တကယ်လို့ နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် ဥပမာ ၁၀ ရာခိုင်နှုန်း သုံးမယ်ဆိုရင်တောင် ငွေသားပမာဏက အများကြီး ရတာပဲ။

ဒါကြောင့် တပ်ကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုလို့ ရှိရင် နိုင်ငံရဲ့ စီးပွားရေး၊ ဘတ်ဂျက် ကြီးလာအောင် အာရုံစိုက်ရမယ်။ အခုက နိုင်ငံရေးစကားလုံးတွေနဲ့ နိုင်ငံရေး ပြဿနာတွေကို ပြောဆိုငြင်းခုံနေကြတယ်။ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ စီးပွားရေး ပြဿနာကို ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူး။ အဲဒီ စီးပွားရေးကို စနစ်တကျ မကိုင်တွယ်နိုင်ရင် နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်တဲ့ စစ်တပ်ကို ဘတ်ဂျက် ဘယ်လောက် များနေတယ်။ ပညာရေး၊ ကျန်းမာရေးမှာ ဘယ်လောက်နည်းနေတယ် ဆိုတာ တွေ အားလုံးဟာ ဘတ်ဂျက် ကြီးလာရင် ဒီဘတ်ဂျက်ကို စီမံခန့်ခွဲရတဲ့ ငွေသားပမာဏလည်း ကြီးလာမယ်။ အဲဒါနဲ့ တပြိုင်နက်တည်း မှာပဲ စစ်တပ်က စီးပွားရေးလုပ်နေတဲ့ကိစ္စ၊ အစရှိသဖြင့် အဲဒါတွေအားလုံးက တဖြည်းဖြည်း လျှော့ချသွားနိုင်မယ်လို့ အဲဒီလိုမြင်တယ်။

Loading