တိုင်းရင်းသား ပါတီတွေနဲ့ နိုင်ငံရေး ဘုံလုပ်ငန်းစဉ် ရှိဖို့လိုပြီ

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရက်ပိုင်းအတွင်း ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဆီ ခရီးထွက်မယ် လို့ သိရပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလက ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် ပြီးကတည်းက ပထမဆုံး ထွက်ပေါ်လာတဲ့ တိုင်းရင်းသား ဒေသ ခရီးစဉ် ဖြစ်ပါတယ်။

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုဟော ပြောပွဲတွေ လုပ်ဖို့ ဖြစ်တယ်လို့ NLD တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လူထုဘက်က မေးမြန်းသမျှကို ဖြေကြားဖို့နဲ့ ပါတီ ဆိုင်းဘုတ်တင်ပွဲ တွေလည်း လုပ်မယ်လို့ နားလည်ရ ပါတယ်။ တနည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ အကြို ပါတီစည်းရုံးရေး ခရီးစဉ် တခုပါပဲ။

လွန်ခဲ့တဲ့ ၂၄ နှစ်၊ ၁၉၉၀ ရွေးကောက်ပွဲ အကြို မဲဆွယ်ကာလ ကနေ အခု ၂၀၁၅ အကြို မဲဆွယ် ကာလအထိ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ဒေသဆီ ခရီးထွက်တာ အတော်နည်းပါတယ်။ ဒီ လိုနည်းရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ အရင်စစ်အစိုးရ အာဏာပိုင်တွေက သူရဲ့ ခရီးစဉ်တွေကို တားဆီး ပိတ်ပင်ခဲ့လို့ပါ။ အဲဒီထဲက အသိသာဆုံး တားဆီးမှု တခုကတော့ ၂၀၀၃ ခုနှစ် မေလက ဖြစ်ပွား ခဲ့တဲ့ ဒီပဲယင်း တိုက်ခိုက်မှုပါပဲ။

ဒါက ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလကနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလအထိပါ။ ၂၀၁၂ အလွန် ကာလ ကနေ အခု ၂၀၁၄ ကြားမှာရော ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် တိုင်းရင်းသားဒေ သတွေဆီ ခရီး မထွက်တာလဲ။ နှစ် ၂၀ ကျော် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှု အမျိုးမျိုးကြောင့် အကျပ်တည်း မျိုးစုံကြုံနေရတဲ့ NLD ပါတီကို ပြန်လည် တည်ဆောက်ရေးနဲ့ လွှတ်တော်ရေးရာ ကိစ္စတွေမှာ အလုပ်များနေတာ ကြောင့် အခုမှ တိုင်းရင်းသား ဒေသဘက် ခြေဦး လှည့်နိုင်တာ လို့ မှန်းဆရပါတယ်။

ဒါက နယ်စွန်နယ်ဖျား အထိ ကိုယ်တိုင် ခရီးထွက်ပြီး တိုင်းရင်းသား သာမန် ပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံတာကို ဆိုလိုတာ ပါ။ ဒါဖြင့် ရန်ကုန်မှာ ရှိနေတဲ့ တိုင်းရင်းသား ပါတီတွေ၊ လွှွတ်တော်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည် ပုံမှန်တွေ့ဆုံမှု၊ ပုံမှန် ဆွေးနွေးမှု ရှိပါသလား။ တိုင်းရင်းသား ပါတီတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ “မူ”က ဘာလဲ။ မဟာ မိတ်ဆက်ဆံရေး “မူ”က ဘယ်လိုလဲ။

စစ်အစိုးရဘက်က အသိမှတ်ပြုဖို့ ငြင်းပယ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့ အဲဒီ အလွန်ကာလမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ CRPP လက်ထက်တုန်း ကတော့ တိုင်းရင်းသား ဆိုင်ရာ “မူ”တွေ၊ မဟာမိတ် ဆက်ဆံရေး “မူ” တွေကို NLD က မကြာခဏ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ချက်တွေကို မူရင်းအတိုင်း ကျနော် DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) မှာ တာဝန်ထမ်းစဉ် တုန်းက ထုတ်လွှင့်ခဲ့ဖူးတာကို မှတ်မိနေဆဲ ဖြစ်ပါတယ်။

“အခုက CRPP ခေတ် မဟုတ်တော့ဘူး လေဗျာ။ သူနဲ့ ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းတောင် မရှိလို့ ခက်နေတယ်” ဆိုပြီး CRPP အဖွဲ့ဝင်ဟောင်း တဦးက ကျနော်ရဲ့ ပြည်တော်ပြန် ခရီးစဉ်အတွင်း ပြောပြခဲ့ ပါတယ်။ ကျနော် မှတ်မိ သလောက် ဆိုရင် ၂၀၁၀ နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်လာပြီး ကတည်းက CRPP အဖွဲ့ဝင်တွေ သို့မဟုတ် UNA (ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့) နဲ့ တွေ့တာ တကြိမ်ပဲ ရှိပါသေးတယ်။

ဒါက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီတွေနဲ့ ဆက်ဆံမှု အခြေနေကို ပြောတာပါ။ ဒါဖြင့် ၂၀၁၀ ရွေး ကောက်ပွဲကို ဝင်ခဲ့တဲ့၊ လွှတ်တော်ထဲကို လည်း ရောက်နေတဲ့ တိုင်းရင်းသား ပါတီသစ်တွေနဲ့ရော ဒေါ်အောင် ဆန်းစုကြည် ပုံမှန် တွေ့ဆုံဆွေးနွေးမှု ရှိပါသလား။ မဟာမိတ် ဖွဲ့ထားတာမျိုး ရှိပါသလား။ အလွတ်သဘော တွေ့ဆုံမှုတွေ ရှိကောင်း ရှိနိုင်ပေမယ့် မဟာမိတ်ဖွဲ့ထားတဲ့ သဘောမျိုး သတင်းထုတ်ပြန်ချက်တော့ မကြား မိသေးပါဘူး။

ဒါက မြို့ပြအခြေစိုက် တိုင်းရင်းသား ပါတီတွေနဲ့ ဆက်ဆံရေး အခြေနေကို မှန်းဆကြည့်တာ ပါ။ ဒါပေမယ့် တိုင်းရင်းသား ပါတီတွေက မြို့မှာချည်း မဟုတ်။ အခုဆိုရင် အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အင်အားကလည်း နည်းတာ မဟုတ်။ လက်ရှိ ဦးသိန်းစိန်အစိုးရရဲ့ အလေးပေး အခံရဆုံး တိုင်းရင်းသား အဖွဲ့တွေအဖြစ် ငြိမ်းအဖွဲ့တွေက နေရာယူလာနေပါတယ်။ ဆိုတော့ ဒီ ငြိမ်းအဖွဲ့ တွေအပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ မူဝါဒ က ဘယ်လိုရှိသလဲ။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုး ရှိပါသလား။ ဒီအဖွဲ့တွေ ရန်ကုန်ရောက်တုန်း မိတ်ဖြစ်ဆွေဖြစ် တွေ့တာက လွဲရင် အလုပ်သဘော အရ အသေအချာဆွေးနွေးတာ မကြားမိသေးပါ။

ဘယ်လိုပဲဖြစ်ဖြစ် (၆. ၁. ၂၀၁၄) မှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ဒေသတွေဆီ စည်းရုံးရေး ခရီး ထွက်ပြီလို့ သိရပါတယ်။ ဒီကိစ္စ အပေါ် တိုင်းရင်းသား ပါတီတွေက ဘယ်လို အမြင်ရှိကြသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အဓိကထား သွားမှာမို့လို့ ဘယ် တိုင်းရင်းသားပါတီကမှ ဝေဖန်မယ် မထင်ပါ။ ဒါဟာ “ဒီမိုကရေစီလိုလားသူအားလုံးရဲ့ ဘုံ လုပ်ငန်းစဉ်” မဟုတ်ပါလား။ ဒါပေမယ့် ဒီ “ဘုံလုပ် ငန်းစဉ်” ကို တိုင်းရင်းသား ပါတီတွေနဲ့ လက်တွဲ ဆောင်ရွက်နိုင်ရင် ပိုမကောင်းပေဘူးလား။

လွန်ခဲ့တဲ့ ၂၄ နှစ်၊ ၁၉၉၀ ရွေးကောက်ပွဲ ကာလကနေ အခု ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလကို ပြန်ကြည့်မယ် ဆိုရင် တိုင်းရင်းသား ဒေသမှာ နိုင်ငံရေး အမြင်တွေ အတော် ပြောင်းလဲသွားခဲ့တယ် လို့ ထင်ပါတယ်။ “ပါတီကြီးတွေချည်း အားကိုးနေလို့ မရ။ ကိုယ့်ဒေသ အတွက် ကိုယ်တိုင် ဝင်လုပ်မှ ရမယ်” ဆိုတဲ့ အမြင်တွေ တိုးပွားလာနေတာကို ပြည်တော်ပြန် ခရီးစဉ်တွေ အတွင်း တွေ့လာခဲ့ရပါတယ်။

တခါမှ နိုင်ငံရေးပါတီ မဖွဲ့ဘူးတဲ့ ထားဝယ်မှာတောင် “ထားဝယ်တိုင်းရင်းသားများပါတီ” ဆိုပြီး ပေါ်လာပါတယ်။ အင်းလေးမှာလည်း “အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ” ဆိုတာ ရှိလာပါတယ်။ ဒါက ထူးခြားတဲ့ ပါတီသစ် တွေကို ပြောတာပါ။ တခြား တိုင်းရင်းသား ဒေသတွေမှာတော့ ပါတီတွေက ပိုများပါတယ်။ ၁၉၉၀ ကို အခြေခံတဲ့ ပါတီနဲ့ ၂၀၁၀ ကို အခြေခံတဲ့ ပါတီဆိုပြီး တိုင်းရင်းသား တမျိုးတည်းမှာတင် ပါတီက နှစ်ခုမက ဖြစ်နေလို့ ပြန်လည် ပေါင်းစည်းရေး အတွက် မနည်း ကြိုးစားနေကြတာ တွေ့နေရ ပါတယ်။

တိုင်းရင်းသား ဒေသတွေ အလိုက် ဒီလိုပါတီတွေ ရှိနေတာကလည်း မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု ကာလရဲ့ ထူးခြားမှု တခုပါပဲ။ ဘာကြောင့်လဲ ဆိုရင် မြန်မာနိုင်ငံမှာ ရှိသမျှ တိုင်းရင်းသား လူမျိုးစု အားလုံးနီးပါး ရှိနေတဲ့ အိမ် နီးချင်း ထိုင်းနိုင်ငံ မှာ တိုင်းရင်းသား ကိုယ်စားပြု ပါတီတွေ ရွေးကောက်ပွဲ ဝင်ပြိုင်တာမျိုး မကြားမိပါ။ ထိုင်း နိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင် နေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသား တချို့ကတော့ ထိုင်းအစိုးရက နယ်စပ်ဒေသနဲ့ တိုင်းရင်းသားတွေ တိုးတက်ရေး အတွက်ပါ ထည့်သွင်း ဆောင်ရွက်ပေးနေတဲ့ အတွက် တိုင်းရင်းသား ပါတီဆိုပြီး သီးခြားထူထောင်စရာ မလိုတော့ဘူးလို့ ပြောဖူးပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မြန်မာအစိုးရ အဆက်ဆက်က (စစ်အစိုးရတွေပဲ အများစုဖြစ်နေလို့) တိုင်းရင်းသား တွေ အရေးကို မဆောင်ရွက်ပေးခဲ့တဲ့ အတွက် တိုင်းရင်းသားတွေ ကိုယ်တိုင် ထပြီး ပါတီထောင်ရတယ်။ ကိုယ့် ဒေသဖွံ့ဖြိုး ရေး၊ ကိုယ့်ယဉ်ကျေးမှု ရှင်သန်ရေး၊ ကိုယ်ပိုင်လက္ခဏာ အသိမှတ်ပြု ခံရရေးတို့ အတွက် ကိုယ်တိုင် ထလုပ်မှ ဖြစ်မယ်ဆို တဲ့ အယူအဆတွေ စိမ့်ဝင်လာတဲ့ သဘောပါ။

ဒါက ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလကနေ ဒီနေ့ ၂၀၁၄ အစောပိုင်း အထိ တိုင်းရင်းသားဒေသ နိုင်ငံရေး ပါတီများ အခြေနေကို ပုံကြမ်းဖော်ကြည့် တာပါ။ ဒါဖြင့် ၂၀၁၄ ကနေ ၂၀၁၅ ရွေးကောက်ပွဲကြား တနှစ်တာ မဲဆွယ်ကာလမှာ NLD နဲ့ တိုင်းရင်းသား ပါတီတွေ ဒီတိုင်းပဲ ဆက်သွားကြမှာလား။ အချင်းချင်းကြား “တူညီတဲ့ဘုံလုပ်ငန်းစဉ်” တွေရှာပြီး ဒီထက်မက ပူးပေါင်းဆောင်ရွက်ကြ မလား၊ မဟာမိတ်ဖွဲ့နိုင်တဲ့ အထိ တိုးတက်လာအောင် လုပ်ကြမလား။

သေချာတာကတော့ လက်ရှိ (အာဏာသိမ်းထားရာမှ တဆင့် အာဏာ လွှဲပြောင်း ယူထားတဲ့) အာဏာရ ကြံ့ခိုင်ရေး ပါတီကို နိုင်အောင်ယှဉ်မယ် ဆိုရင် NLD နဲ့ တိုင်းရင်းသား ပါတီတွေကြား မဟာမိတ်ဖွဲ့ ထားဖို့၊ အနည်းဆုံးအဆင့် နားလည်မှု ယူထားဖို့တော့ လိုမယ် ထင်ပါတယ်။ မဲဆန္ဒနယ်မြေ တခုတည်းမှာ NLD နဲ့ တိုင်းရင်းသားပါတီတွေ အချင်းချင်း ပြိုင်ရင်းနဲ့ မဲတွေ ကွဲသွားပြီး ကြံ့ခိုင်ရေးပါတီက ကြားချောင်နိုင်သွားတာမျိုး မဖြစ်စေဖို့ အထူး သတိချပ်သင့် ပါတယ်။

ဒီလို တိုင်းရင်းသားတွေရဲ့ အင်အားကို ယူတဲ့အခါမှာ တိုင်းရင်းသား ဒေသတွေ အထိ ခရီးထွက်ပြီး တဦးချင်းကို စည်းရုံးတဲ့ နည်းအပြင် အဲဒီ ဒေသတွေမှာ ရှိပြီးသားဖြစ်တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့နည်းကိုပါ ဦးစားပေး စဉ်းစားသင့် ပါတယ်။  အဲဒီက တဆင့် မဟာမိတ် ဖွဲ့နိုင်တဲ့အဆင့်ထိ ရောက်အောင်ကြိုးစားဖို့ လိုမယ် ထင်ပါတယ်။

ဒုတိယ ပင်လုံညီလာခံတွေ၊ သုံးပွင့်ဆိုင် ဆွေးနွေးရေးတွေကို မူ အရပြောနေကြတာ အပြင် လက်တွေ့ အရပါ အဲဒီ လုပ်ငန်းစဉ်တွေ ဆီဦးတည်နိုင်ဖို့ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေကြား ဒီထက်မက ပူးပေါင်းဆောင်ရွက်ဖို့ အထူး လိုအပ်နေပါ ကြောင်း အလေးအနက် တင်ပြလိုက်ရ ပါတယ်။    ။

Loading