အစိုးရ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အစပြုပြီး လယ်သမား၊ အလုပ်သမား ဥပဒေများကို မဖြစ်မနေ ပြောင်းလဲ ပြင်ဆင် ပေး ရမည်ကို ယခင်ထက် ပိုမို ဂရုပြု လာလိမ့်မည်ဟု ယူဆကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်ပြီး ယမန်နေ့က အရပ်ဘက် အဖွဲ့အစည်း ၆၀ ခန့် ပထမဆုံးအကြိမ် စုပေါင်း ပြုလုပ်သည့် ဆန္ဒပြမှုများပေါ်တွင် အခြေခံ၍ ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
ထို့အပြင် ပြည်သူလူထု အနေဖြင့် လိုအပ်လာလျှင် မိမိတို့၏ အခွင့်အရေးများနှင့် ဖိနှိပ်ထားသော အခြေခံ လူ့အခွင့်အရေးများကို ညီညွတ်စွာဖြင့် တောင်းဆိုနိုင်ကြောင်းကို အစိုးရနှင့် တကွ ပြည်သူ အချင်းချင်းသို့လည်း သတင်းစကား ပါးလိုက်ပြီးသားဖြစ်သည် ဟု မှတ်ယူနိုင်ကြောင်းလည်း ကိုထွန်းမြင့်အောင်က ဆက်ပြောသည်။
“ကျနော်တို့ တောင်းဆိုခဲ့တာကို ဘယ်အချိန်အတွင်း လုပ်ပေးရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန် တခုတော့ ရှိဖို့ လို တယ်။ တိုင်းပြည် အတွက် လိုအပ်နေတာတွေက အများကြီးပဲ။ ဒါတွေကို အားလုံးက ညှိနှိုင်းပြီး ပြင်ဖို့လိုတာကတော့ သေချာတယ်။ ပြောင်းလဲသင့်တာတွေကို အချိန်ဆွဲပြီး လုပ်နေမယ် ဆိုရင်တော့ ကျနော်တို့က လူထုအားနဲ့ ဆက်လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။
ပြည်သူလူထုကို ဖိနှိပ်ထားသော ဥပဒေများ အားလုံး၏ အချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီး လက်ရှိအချိန်တွင် ဆန္ဒပြပွဲများတွင် ဆန္ဒပြသူနှင့် အာဏာပိုင်တို့ အကြား ပဋိပက္ခများ ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ဆန္ဒပြသော ယဉ်ကျေးမှုကို ယခုထက် ပိုမို ထွန်းကားစေချင်ကြောင်းနှင့် ဖိနှိပ်ထားသော ဥပဒေများကို ပယ်ဖျက်သင့်သော အချိန်ဖြစ်ကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမြအေးကလည်း ပြောသည်။
“လမ်းပေါ်ထွက်ပြီး ဆန္ဒပြတယ် ဆိုတာကလည်း နိုင်ငံရေး အလုပ်တခုလို့ ကျနော်တို့ နားလည် ထားတယ်။ လူထုရဲ့ နစ်နာမှုတွေကြောင့် ဆန္ဒပြခြင်းက တရားမျှတတဲ့ ကိစ္စရပ် ဖြစ်တယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီကို ကျင့်သုံးနေတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့ ကိစ္စပဲ။ လယ်သမား၊ အလုပ်သမားတွေပဲ ဆန္ဒပြတယ်ဆိုတာမှာ ဝန်ထမ်းကရော သပ်သပ် မဟုတ်ဘူးလေ။ ရဲ၊ စစ်သားတွေက သပ်သပ် မဟုတ်ဘူးလေ။ သူတို့ကိုယ်တိုင်က အလုပ်သမား လယ်သမားတွေရဲ့ သားသမီးတွေပဲ။ အာဏာပိုင်တွေကရော ပြည်သူတွေပဲ မဟုတ်လား”ဟု ကိုမြအေးက ဆိုသည်။
၈၈ မျိုးဆက် ခေါင်းဆောင်များ အနေဖြင့် ယခုကဲ့သို့ ဆန္ဒပြခြင်းသည် အတိုင်းအတာ တခုအထိ ထိရောက်မှု ရှိသောလုပ်ရပ် တခု ဖြစ်သော်လည်း ရေရှည်အတွက် စီမံချက်များ ရှိရန် လိုကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုများကို ယခုအချိန်တွင် မြို့ပြ ပညာတတ် အသိုင်းအဝိုင်းများက သတိကြီးကြီးထားပြီး ရှေ့လုပ်ငန်းစဉ်များကို စောင့်ကြည့်နေပြီ ဖြစ်ကြောင်း နိုင်ငံရေး ဆောင်းပါးများ ရေး သား နေသည့် ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောသည်။
“ဘယ်လောက် အထိ လူထုထဲမှာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ပုံဖော်လာနိုင်မလဲ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ရော ဘယ်လောက် အထိ ပူးပေါင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလဲ၊ နိုင်ငံရေး ပါတီတွေနဲ့ရော ဘယ်လောက်အထိ နားလည်မှုရှိရှိနဲ့ အလုပ် လုပ်နိုင်မလဲ ဆိုတာတွေက ဆက်စပ်နေမယ်လို့ ထင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒီမိုကရေစီ၏ အခြေခံ အခွင့်အရေးသည် လွတ်လပ်စွာ ပြောဆို၊ စုဝေး၊ ရေးသားခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် ဆန္ဒပြသူများကို ပြည်ထဲရေး ဝန်ကြီးဌာနက ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး သမ္မတက လွှတ်ပေးနေသောကြောင့် အစိုးရ တခုတည်းတွင် အဖွဲ့ ၂ ခု ဖြစ်နေသကဲ့သို့ မြင်ရကြောင်းနှင့် ဥပဒေဖြင့် ဗိုလ်ကျနေသည့် ပုံစံမျိုးဟုလည်း ယူဆကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောသည်။
“ဒီဟာတွေ မပြီးမချင်းကတော့ လမ်းပေါ်ဆက်ထွက် နေကြရဦးမှာပဲ။ လုပ်ထားတာက ဘွဲ့ရတော့ ဖြစ်သည်၊ အသက် ၁၆ နှစ် မကျော်ရဘူးလို ဖြစ်နေတာ။ ဒီမိုကရေစီလည်း အစစ် ရချင်တယ်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ရေးသားခွင့် တို့ကို မပေးဘူး ဆိုတော့ ဘယ်လို လုပ်မလဲ။ သက်ဆိုင်တဲ့ သူတွေအားလုံး စားပွဲပေါ်မှာ ထိုင်ပြီး မပြောမချင်း ဒီလိုမျိုးတွေ ဆက်ဖြစ်နေမှာပဲ”ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဆောင်ပြီး အရပ်ဘက်အဖွဲ့ ၅၉ ဖွဲ့တို့ စုပေါင်းကာ လူဦးရေ ၆၀၀ ကျော် ဖြင့် ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံလမ်းတွင် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ အပါအဝင် လူထုကို ဖိနှိပ် ချုပ်ချယ်ထားသော ဥပဒေ ပုဒ်မများကို ဖျက်သိမ်းပေးရန် တရားဝင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ယင်းတောင်းဆိုမှုများ အပြင် ပြည်သူလူထုကို တဖက်သတ် ဖိနှိပ်ချုပ်ချယ်မှုများ မပြုလုပ်ရန်၊ ဖမ်းဆီးထားသော နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ တရားစွဲဆိုနေဆဲ အမှုများကို ဖျက်သိမ်းရန်နှင့် ထပ်မံ ဖမ်းဆီးခြင်း မပြုလုပ်ရန်၊ ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် နိုင်ရန်အတွက် သီးသန့် နေရာများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ် ပေးရန်တို့ကိုပါ ထည့်သွင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။