ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာ ပြည်သားများ မိမိတို့၏ လုံခြုံရေးကို အထူး ဂရုစိုက်ရန် ထိုင်း နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၆ ရက်နေ့တွင် ထပ်မံ အသိပေး တိုက်တွန်း လိုက်သည်။
လာမည့် သီတင်းပတ် ဇန်နဝါရီ ၁၃ ရက်၌ လက်ရှိအစိုးရ အတိုက်အခံများက ဘန်ကောက်မြို့ နေရာ ၂၀ ခန့်တွင် ပိတ်ဆို့ ဆန္ဒပြ ပွဲများ(Bangkok Shutdown) ပြုလုပ်ရန် စီစဉ်နေ၍ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။
အဆိုပါ နေ့ရက် မတိုင်မီ ရှေ့ပြေးလုပ်ဆောင်မည့် နိုင်ငံရေးနှင့်ပတ်သက်သည့် လူစုလူဝေး ပြုလုပ်ခြင်း အပါအဝင် ဆန္ဒပြမှုများတွင် ပါဝင် ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ကောင်းမွန်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရေး အတွက် လည်းကောင်း၊ မိမိတို့၏ လုံခြုံရေး အတွက် လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေမည့် အပြုအမှုများကို ရှောင်ရှားနိုင်ရန်အတွက် လည်းကောင်း ဖြစ် သည်”ဟုလည်း သံရုံး ထုတ်ပြန်ချက်က ဆိုသည်။
ယခု အသိပေး ထုတ်ပြန်ချက်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း တကြိမ် ထုတ်ပြန်ခဲ့သည်။
အလားတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sura pong Towichukchaikulကလည်း ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ဆန္ဒပြပွဲများ တွင် မပါဝင်ကြရန် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ချလုံ ယူဘမ်ပရုန်းကို မှာကြားထားပြီး ဖြစ်သည်ဟု ပြောကြားကြောင်း ထိုင်းဘာသာဖြင့် ရေးထားသည့် ဒေးလီးနယူးစ် အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
အလုပ်သမားများကို အန္တရာယ် မဖြစ်စေရန် ယခုကဲ့သို့ အသိပေးရခြင်း ဖြစ်ကြောင်း၊ ၁၃ ရက်နေ့ ပြုလုပ်မည့် ဆန္ဒပြပွဲများအတွက် လုံခြုံရေးများ ကြိုတင်ပြင်ဆင်ထားကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sura pong က ဆိုသည်။
ထိုင်း အတိုက်အခံများ ဆန္ဒပြမည့်နေ့ရက်အတွင်း ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားများ သွားရေးလာရေး အခက်အခဲများ ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း ဘန်ကောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား တဦးက ဧရာဝတီသို့ ပြောသည်။
“ဆန္ဒပြဖို့ နေရာ ၂၀ ပိတ်ဆို့ ထားမယ်ဆိုတဲ့ အခါကျတော့ မြန်မာအလုပ်သမားတွေ သွားရေးလာရေးတော့ ခက်မယ်၊ အခုလော လောဆယ် အခြေခံ စားကုန် သောက်ကုန်တွေ တော်တော် ဈေးတက်ကုန်ပြီ”ဟု ၎င်းက ပြောဆိုသည်။
လတ်တလောတွင် ထိုင်း ဘတ်ငွေ ၁၇၅ ဘတ် တန်ဖိုးရှိ ပစ္စည်းတခုသည် ဘတ် ၂၀၀ ခန့်အထိ ဈေးတက်သွားကြောင်း သိရသည်။
“ကုန် ဈေးနှုန်းတွေ တက်သွားတော့ မြန်မာ အလုပ်သမားတွေက သူတို့ရတဲ့ လခနဲ့ ဝယ်စားဖို့အစ ပြဿနာတွေ တော်တော်ကြီးနိုင် တဲ့ အနေအထား ရှိတယ်၊ မြန်မာအလုပ်သမားတွေ အဓိက အားထားပြီးတော့ စားရသောက်ရမယ့် အခြေခံ အစားအသောက်တွေ ဘယ်လောက်ရေရှည် ရနိုင်မလဲ၊ အဲဒါတွေတော့ စဉ်စားစရာတွေ ရှိတယ်”ဟု အထက်ပါ မြန်မာနိုင်ငံသားက ရှင်းပြသည်။
ယမန်နေ့ကလည်း ဘန်ကောက်မြို့တွင် အသက် ၂၀ အရွယ် မြန်မာ အမျိုးသား တဦး ပစ်ခတ် ခံရပြီး လာမာတိပတီ (Rama Thi bodi) ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရသည်။ နောက်ဆုံး သတင်းအရ ကျန်းမာရေး ကောင်းမွန်လာပြီ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့သည့် ဆန္ဒပြမှု ပဋိပက္ခများသည် ပြည်ပ၌ တိမ်းရှောင်နေရသော ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လပ် က လွှတ်တော်တွင် အတည်ပြုချက်ယူခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နေထိုင်နေသူ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်က ဘန်ကောက်မြို့၌ ဖြစ်ပွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီဆန္ဒပြပွဲတွင် ရွှေ့ပြောင်း အလုပ်သမား အများအပြား ပါဝင်ပြီး ၁၃ ဦးခန့် အဖမ်းခံရကြောင်း သိရသည်။