သတင်း

ကရင်ပြည်နယ်ရှိ လူမှုရေးအဖွဲ့များ သံသယဖြင့် ဆက်ဆံခံနေရ

This article has been converted from Zawgyi One to Unicode

ကရင်ပြည်နယ် အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေသော ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်း တချို့၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ်တွင် အစိုးရဆန့်ကျင်မည် ဆိုသည့် အမြင်မျိုးဖြင့် ဆက်ဆံခံရမှုများ ရှိနေကြောင်း Knowledge and Dedication for Nation-building (KDN) အဖွဲ့မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

အထူးသဖြင့် လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ ဒေသခံများကို ဖွံ့ဖြိုးရေး သင်တန်းများ ပြုလုပ်ပါက ယင်းသို့ ထင်မြင်ခံရလေ့ရှိကြောင်း KDN အဖွဲ့မှ ဘားအံမြို့ တာဝန်ခံ ဦးစောကျော်ဇွာက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ဘက်က သင်တန်းတွေ ပေးတာမျိုး လုပ်တာမှာလည်း အမြင်မမှားဖို့ လိုတယ်။ တခါတလေ သင်တန်းတွေ ပေးတာကို အစိုးရကို ဆန့်ကျင်ဖို့ ဆိုတဲ့ အမြင်တွေက ရှိတတ်တယ်။ လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ မြေယာ ကိစ္စတွေမှာ အဲဒီလို အမြင်မျိုး မြင်ခံရတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကရင်ပြည်နယ် အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေသော ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများအား သီးခြား အသင်းအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခွင့် မပြုတော့ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာတွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အဖွဲ့အစည်းများမှ သတင်းရရှိသည်။

အစိုးရက ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်သည့် အတွက် အဆိုပါ အဖွဲ့နှင့်သာ ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

“ခရိုင်ဦးစီးကတော့ အစည်းအဝေးက ပြန်လာပြီး ဒီကိစ္စကို ပြောဆိုနေတာ ကြားလိုက်ပါတယ်။ ကျနော်က အဲဒီထုတ် ပြန်စာကို မမြင်ရသေးတော့ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် တချို့ကျေးရွာလေးတွေမှာ NGO/INGO တွေအကြား သူ့လုပ်ငန်း၊ ကိုယ်လုပ်ငန်းနဲ့ တဖက်နဲ့တဖက် မကျေလည်မှုတွေရှိလို့ ဒီလိုစီစဉ်တာလို့ပဲ သိရတယ်။ သေသေချာချာ ဘာမှ မသိလိုက်ရပါဘူး” ဟု ဘားအံခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီး ဦးစောဝင်းဂိတ်က ဧရာဝတီသို့ ရှင်းပြသည်။

ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများ၏ ဥက္ကဋ္ဌများသည် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖြစ်နေတတ်ခြင်းကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း၊ ဒေသခံများအနက် ထိခိုက် နစ်နာ ကြသူများ ဘေးဖယ်ခံ ရနိုင်မည့် အခြေအနေများလည်း ဖြစ်လာနိုင်ကြောင်း အစိုးရနှင့် သဘောတူညီမှု စာချုပ် (MOU) လက်မှတ် မထိုးရသေးသည့် KDN အဖွဲ့မှ ဦးစောကျော်ဇွာကပြောသည်။

ထို့အပြင် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီမှာ ၅ ဦးဖြင့်သာ ဖွဲ့စည်းထားခြင်းကြောင့် ကျေးရွာ ၁၅ ရွာခန့် စုပေါင်းထားသော တချို့နယ်မြေများ၌် ဆောင်ရွက်ရာတွင် ချိတ်ဆက်မှု အားနည်းသွားနိုင်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေး စေတနာ မှန်မှန်ဖြင့် လက်တွေ့ လုပ်ဆောင် နိုင်မှသာလျှင် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နောက်ပြီးတော့ ရွာတရွာမှာ ဖွံ့ဖြိုးရေးအတွက် လူငယ် ၅ ဦးစီ ရွေးတာလုပ်မယ်ဆိုရင်လည်း မိုးကျရွှေကိုယ်တွေ မဟုတ်ဘဲ ရွာကို တကယ် ကိုယ်စားပြုနိုင်မယ့်သူတွေ ဖြစ်ဖို့လိုတယ်” ဟု ဦးစောကျော်ဇွာက ဆိုသည်။

မိမိတို့သည် ဘာသာရေး အဖွဲ့အစည်းများနှင့် အောက်ခြေ ဒေသခံများအထိ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေခဲ့ရာမှ ယခုကဲ့သို့ အစိုးရ ဖွဲ့စည်းပေးသည့် အဖွဲ့နှင့်သာ ဆောင်ရွက်ရမည်ဆိုလျှင် မမျှော်လင့်နိုင် သော အဟန့်အတားများ လည်း တွေ့ရနိုင်ကြောင်း KDN အဖွဲ့မှ ဘားအံမြို့ ညှိနှိုင်းရေးမှူး ဒေါ်မေမရီနာက ပြောသည်။

သို့ရာတွင် လက်ရှိအချိန်အထိ အဆိုပါ ထုတ်ပြန်ချက်ကို မိမိတို့ထံ မရောက်လာသေး သောကြောင့် ယခင်ပုံစံများ အတိုင်း ဆက်လက် လုပ်ကိုင်နေပြီး၊ ထိုသို့ အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော သီးခြားအဖွဲ့နှင့် လက်တွဲ ဆောင်ရွက်ရမည် ဆိုလျှင် ယင်းအဖွဲ့သည် သီးခြားလွတ်လပ်သော ပြည်သူများမှ ရွေးချယ်သည့် အဖွဲ့အစည်း ဖြစ်ရန် အရေးကြီးကြောင်း Norwegian Refugee Concil- NRC အဖွဲ့မှ တာဝန်ရှိသူ တဦးကလည်း ဆိုသည်။

“ဒီလို လုပ်လိုက်တာကလည်း တချို့ကျေးရွာတွေမှာ NGO/ INGO တွေ စုပြီး ဝင်လာတဲ့အခါ စေတနာမှန်မှန်နဲ့ လုပ်တဲ့လူတွေ ရှိသလို၊ တချို့က ကိုယ့်စီမံကိန်း ပြီးအောင်ဆိုပြီး အဓိကထား လုပ်တာကြောင့် ကော်မတီတွေကြားမှာ အဖုအထစ် လေးတွေ ဖြစ်မှာ စိုးရိမ်လို့ ထင်ပါတယ်။ ဒါပေမယ့် စေတနာမှန်မှန်နဲ့ လုပ်တဲ့လူတွေမှာ အခက်အခဲ ဖြစ်လာနိုင်မှာကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်” ဟု KDN အဖွဲ့မှ ဦးစောကျော်ဇွာက ဆိုသည်။

လက်ရှိ NGO/ INGO များ၏ စည်းမျဉ်းများအရ ဒေသခံလူထုနှင့်သာ တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်ရပြီး အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်၍ မရသောကြောင့် တရားဝင်မှတ်ပုံတင်ပြီး ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ထိခိုက်မှု မရှိကြောင်း တရားဝင် MOU လက်မှတ်ရေးထိုး လုပ်ကိုင်နေသော ဘားအံမြို့ရှိ ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

သို့ရာတွင် ကရင်ပြည်နယ်၌ အစိုးရနှင့် တရားဝင် MOU လက်မှတ် ရေးထိုးမထားသော အဖွဲ့အစည်း အများအပြားရှိသည့် အတွက် ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်တွေ့ ရနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့လို အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို အုပ်ချုပ်ရေးမှူးတွေ ဝင်ပါခဲ့မယ်ဆိုရင် သူတို့ကိုယ်တိုင် ဥပဒေချိုးဖောက် တာပဲ။ ဒါပေမယ့် MOU လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေကလည်း တကယ်တမ်း ပြောရရင် လုပ်တဲ့လုပ်ငန်းချင်း မတူတဲ့အတွက် အဖုအထစ် ဆိုတာလည်း ရှိနိုင်မယ် မထင်ပါဘူး” ဟု သူက ဆိုသည်။

ကရင်ပြည်နယ်တွင် ခရိုင် ၄ ခရိုင်ရှိပြီး မြို့နယ်ပေါင်း ၇ မြို့နယ်နှင့် ကျေးရွာပေါင်း ၄၀၀ ဝန်းကျင်ရှိသည်။

ကျေးရွာ တရွာလျှင် NGO/ INGO အဖွဲ့ တခုခု၏ စီမံချက်များကို အကောင်အထည် ဖော်နေသော အဖွဲ့ငယ်လေး ၁ စု အနည်းဆုံး ရှိနေကြောင်း သိရသည်။

Loading