ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗိုလ်ဗထူး လမ်းတွင် တည် ဆောက်လျက် ရှိသော တန်ဖိုးမျှတ တိုက်ခန်းများမှာ လူအများ စိတ်ဝင်စားလျက်ရှိပြီး ယခုအခါ ယင်း တိုက်ခန်းများကို ဇန်နဝါရီ ၆ ရက် မှ စတင် ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျပ် သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် တန်ဖိုးရှိ တိုက်ခန်းများအား ဝယ်ယူလိုသူများမှာ တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံဌာန ၈ ထပ် ရုံးတွင် စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
YCDC က ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်မှ စတင်၍ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ အကြောင်းကို ရန်ကုန်မြို့ ဆူးလေဘုရား အနီး မြို့တော်ခန်းမဘေးတွင် အများမြင်သာစေရန် ထုတ်ပြန်ထားရာ ရန်ကုန်မြို့နှင့် နယ်မြို့များမှ စိတ်ပါဝင်စားသူများ လာရောက် လေ့လာလျက် ရှိသည်ကို တွေ့ရသည်။
YCDC က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူးလမ်းရှိ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ရောင်းချရာတွင် တိုက်ခန်း တခန်း ၏ တန်ဖိုးမှာ အနည်းဆုံး ကျပ် ၂၅၅ သိန်း သတ်မှတ်ထားပြီး အရစ်ကျ ငွေပေးချေမှုမှာလည်း ကာလတို သတ်မှတ်ထားသောကြောင့် ဝယ်ယူရန် မတတ်နိုင်ကြောင်း ပြောဆိုသူများလည်း ရှိသည်။
တန်ဖိုးမျှအိမ်ရာ စီမံကိန်းကို YCDC နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော First Myanmar Investment(FMI)ကုမ္ပဏီ က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်မည် ဖြစ်ပြီး တိုက်ပေါင်း ၁၄ တိုက်နှင့် တိုက်တတိုက်လျှင် အခန်း(၈)ခန်း ပါဝင်ကြောင်း FMIကုမ္ပဏီနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ကြားတာကတော့ တိုက်ခန်းတွေက သူ့လူနဲ့သူ ပြည့်နေပြီ။ ရောင်းပြီး ကုန်ပြီပေါ့။ အခုက ရုပ်ပြကောင်းအောင် ကြေ ညာ ပေးနေတာဆိုတော့ သိပ်စိတ်မဝင်စားဘူး။ တချို့ကလည်း လျှောက်လွှာတင်ထားပြီး မဲပေါက်ရင် ပြန်ရောင်းစားမှာ။ ဝယ်ယူခွင့် စလစ်က သိန်း(၅၀) လောက်ရှိတယ်လို့ ကြားတယ်”ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ဦးဘိုက ပြောသည်။
ယခု တန်ဖိုးမျှတအိမ်ရာများ ဆောက်လုပ်ပြီး ရောင်းချမည့် တိုက်ခန်း ဈေးနှုန်းများမှာ ကျပ် သိန်း ၃၀၀ ကျော်အထိ မြင့်မားလျက်ရှိသောကြောင့် ဝယ်ယူလိုသူများက အများမတတ်နိုင်သော ဈေးနှုန်းများ ဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
တန်ဖိုးမျှတဟု ဆိုသော်လည်း ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် ဖြစ်နေသည့်အတွက် ကျပ် သိန်း ၁၀၀ ကျော်ဖြင့်သာ ရောင်းချသင့်ကြောင်း၊ တိုက်ခန်းဝယ်ယူရန် ပထမအရစ်ငွေသွင်းရာတွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးချေနိုင်သော်လည်း နောက် ပိုင်း အရစ်ကျစနစ်တွင် ၃ လအတွင်း ကျပ်သိန်း ၃၀ ကျော်ပေးသွင်းခိုင်းခြင်းကို လုံး၀ မတတ်နိုင်ကြောင်း မြို့တော်ခန်းမအနီးတွင် တန်ဖိုးမျှတအိမ်ရာ လာရောက်စုံစမ်းသူ စမ်းချောင်းမြို့နယ်မှ ဒေါ်စိန်စိန်ေဋ္ဌးက ပြောသည်။
“ပထမအရစ် အတွက် တတ်နိုင်တယ် ထားဦး။ နောက်အရစ်တွေကျ ၃၈ သိန်းလောက်ကို မရှာနိုင်ဘူး။ အခုပုံစံက တနှစ်လောက် အတွင်း အပြီးပေးရမယ့် သဘော။ တလမှ ဝင်ငွေ ၃ သိန်းရှိတဲ့ မိသားစု ဘယ်လိုလုပ်ပြီး နှစ်လလောက် အတွင်းမှာ ၃၈ သိန်းကို ထပ်ရှာမလဲ။ အရစ်ကျဆိုတော့ ဝယ်နိုင်မယ်ထင်လို့ ပြေးလာတာ အခုတော့ မောတာပဲ အဖတ်တင်တယ်”ဟု ဒေါ်စိန်စိန်ေဋ္ဌးက ဆို သည်။
ဝန်ထမ်းများအတွက် ရည်ရွယ်သည်ဆိုသော တိုက်ခန်းများသည် ဝန်ထမ်းများမတတ်နိုင်သော ဈေးနှုန်းဖြစ်နေသည်ဟု တန်ဖိုးမျှတ အိမ်ရာ လာရောက်စုံစမ်းသူ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုဇော်လှိုင်ထွန်း ကလည်း ပြောသည်။
“သိန်း ၁၀၀ ကျော်လောက်ပဲ ဖြစ်သင့်တယ်။ အခုက များတယ်။ ဝန်ထမ်းတွေမှာ အဲဒီလောက် ပိုက်ဆံမရှိဘူး။ မိသားစု ဝင်ငွေမှာ လစာ ၃ သိန်းဝင်ငွေ ရှိရမယ်ပြောပြီး တိုက်ခန်းဈေးကို အရမ်းတင်ထားတာကတော့ သိပ်ပြီး Balance(မျှတမှု) မဖြစ်ဘူး”ဟု ကိုဇော်လှိုင်ထွန်း က ပြောဆိုသည်။
ဧရာဝတီ က တန်ဖိုးမျှတတိုက်ခန်းစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဋ္ဌာန (အင်ဂျင်နီယာ)မှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် ဦးနေဝင်းကို သွားရောက်တွေ့ဆုံ မေးမြန်းရာ“နေနိုင်တဲ့ သူတွေ နေစရာ ရအောင်လို့”ဟုသာ ပြန်လည်ဖြေကြား၍ ဆက်လက် မေးမြန်းမည်ဆိုပါက မဖြေကြားနိုင်ကြောင်း ပြောဆိုသည်။
အများ စိတ်ဝင်စားနေသော တန်ဖိုးမျှတ အိမ်ရာများကို မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပြီး အစိုးရဝန်ထမ်း ဖြစ်ပါက လုပ်သက် နှစ်၂၀ ရှိရန်လိုအပ်မည် ဖြစ်သည်။
တိုက်ခန်းကို အရစ်ကျ ဝယ်ယူခြင်း စနစ် ၊ ဘဏ်ချေးငွေ စနစ်တို့ဖြင့် ဝယ်ယူနိုင်သည်။ လျှောက်ထားသူမှာ မိသားစုပျမ်းမျှဝင်ငွေ လစဉ် အနည်းဆုံး ကျပ် ၃ သိန်းနှင့် ဆွေမျိုးများပါသော မိသားစုနေထိုင်မည် ဆိုပါက လစဉ် ပျမ်းမျှဝင်ငွေ ၇ သိန်း အောက် ရှိရ မည် ဖြစ်ပြီး ခိုင်လုံသော သက်သေ အထောက်အထား တင်ပြရန် လိုအပ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ အရစ်ကျငွေပေးချေစနစ်တွင် တန်းဖိုးမျှတ အိမ်ရာ တိုက်ခန်း ဈေးနှုန်းမှာ အခန်းအကျယ် ၆၀၀ စတုရန်းပေ (ပေ ၁၅x၄၀) အခန်းတခန်း အတွက် ကျပ် ၂၅၅ သိန်းဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် အတွက် မဲပေါက်ပါက ပထမ စာချုပ်တွင် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၇၆ သိန်း ၅ သောင်း ပေးသွင်းရမည် ဖြစ် သည်။
ယင်း ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီး ဒုတိယအလွှာပြီးချိန်တွင် ၁၅ ရာခိုင်နှုန်းဖြစ်သော ၃၈ သိန်းကျော်ကို ၃ ခါခွဲ၍ ပေးသွင်းရမည် ဖြစ်ပြီး အခန်းအပ်နှံသည့် အချိန်တွင် ၂၅ သိန်းကျော် ပေးသွင်းရမည်ဟု YCDC က ထုတ်ပြန်ထားသည်။
အခန်းအကျယ် ၉၀၀ စတုရန်းပေ (ပေ ၁၈x၅၀) အခန်းတခန်းအတွက် ကျပ် ၃၄၇ သိန်း ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့်အတွက် မဲပေါက်ပါက ပထမ စာချုပ် ချုပ်ဆိုရာတွင် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၁၀၄ သိန်းပေးသွင်းပြီး နောက်ပိုင်းတွင် ကျပ် ၅၂ သိန်းကျော်ကို နှစ်လွှာပြီးတိုင်း ပေးသွင်း၍ အခန်းအပ်နံှချိန်တွင် ၃၄သိန်း ပေးသွင်းရမည် ဖြစ်သည်။
တိုက်ခန်းများကို ဝယ်ယူနေထိုင်ခွင့်ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငှားရမ်းခြင်း၊ တဆင့်လွှဲပြောင်း ရောင်းချခြင်း ပြုလုပ် ခွင့်မပေးဘဲ စည်းကမ်း ဖောက်ဖျက်ပါက တိုက်ခန်းအား ပြန်လည် သိမ်းယူမည်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစည်းမျဉ်းဖြင့် အရေးယူခံရမည်ဟုလည်း YCDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။