[irrawaddy_gallery]
ဦးကံအေး တယောက် မြေကြီးထဲသို့ တဖြည်းဖြည်း မြုပ်ဝင်နေသည့် သူ့နေအိမ်ကို ကြည့်ပြီး စိတ်ပျက်နေသည်။ သူ့အိမ်က သဲနှင့် ရွှံ့ရေတွေအပြည့် ဖြစ်နေသည့် ကွင်းပြင်ကြီးထဲတွင် တည်ရှိပြီး ရွှံ့တောထဲမှာပင် သူတို့မိသားစု ဖြစ်သလို နေထိုင် သွားလာ နေရသည်။
ယခင်က ကျွဲနွားများထားရှိ မွေးမြူခဲ့သော သူ့နေအိမ် အောက်ထပ်သည် အခုတော့ နွားမပြောနှင့် ဝက်ပေါက် ကလေး များတောင် ထားလို့မရလောက်အောင် အိမ်အောက်ရှိ မြေပြင်က တဖြည်းဖြည်း မြင့်တက် လာနေသည်။
“ကျနော်တို့ အိမ်အောက်က အရင်တုန်းက နွားဝင်လို့ ရတယ်။ အခုတော့ နွားမပြောနဲ့ ကျနော့် ဝက်ထီးတောင် ဝင်လို့ မရတော့ဘူး။ မြေတွေက တဖြည်းဖြည်း မြင့်လာတာကိုး။ ကျောက်ထုတ်စခန်းက ထွက်လာတဲ့ ရွှံ့နဲ့သဲပါတဲ့ ရေတွေက အိမ်ထဲကို ဝင်လာတယ်။ ပြီးတော့ မြေကြီးတွေ ဖြစ်ကုန်တဲ့ အခါကျတော့ အိမ်က တဖြည်းဖြည်း မြုပ်ဝင် သွားတာပေါ့” ဟု ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ခရင်ဝါးချောင်း ကျေးရွာအုပ်စု သဲချောင်း ကျေးရွာတွင် နေထိုင်သည့် ဦးကံအေးက ရှင်းပြသည်။
ငပုတောမြို့နယ် ခရင်ဝါးချောင်း ကျေးရွာအုပ်စု အတွင်းရှိ သဲချောင်း၊ မှော်ဘီနှင့် ဂျမ်းကပ် ကျေးရွာများတွင် တိုက်ဆောက်ရာ၌ အသုံးပြုသည့် ကျောက်စရစ်များကို ယင်းဒေသမှ တရုတ်လူမျိုး အများစု ပါဝင်သည့် လုပ်ငန်းရှင်များက စက်ယန္တရားများဖြင့် ထုတ်လုပ်နေရာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဒေသခံတို့၏ နေအိမ်များ ပျက်စီးမှု အခြေအနေကို ရင်ဆိုင်နေရသည်။
“ဒီနယ်တကျောက တရုတ်တွေ ချည်းပဲလေ။ သူတို့က မြေကို ဝယ်လိုက်တယ်။ ပြီးတော့မှ မြေကြီးကို တူးဖြိုပြီး ကျောက်ထုတ်တာ။ ပြီးတော့ သူတို့ ကျောက်ထုတ်စခန်းက သဲတွေက ကျမတို့အိမ်ကို လာဖုံးတာပေါ့။
အိမ်တွေဆိုလည်း မြုပ်ရင် ပြန်မြှင့်လိုက်၊ နောက်တနှစ်ဆို ပြန်မြှင့်လိုက်နဲ့ ခေါင်ရောက်တော့မယ်။ နဂိုက အိမ်မြင့်မြင့်တွေက သဲဖုံးလာတော့ အိမ်ပုလေးတွေ ဖြစ်ကုန်ရော” ဟု ငပုတောမြို့နယ် မှော်ဘီ ကျေးရွာမှ အသက် ၅၀ နှစ် အရွယ် ဒေသခံ အမျိုးသမီးကြီးက မြေကြီးထဲ ကျွံဝင်နေသည့် သူ၏ နေအိမ်ပုလေးကို ငေးကြည့်ရင်း ပြောပြသည်။
သူ့နေအိမ်ကဲ့သို့ မြေမြိုခံနေရသည့် အိမ်များမှာ သဲချောင်း ကျေးရွာတွင် အိမ်ခြေ ၃၀ ကျော်နှင့် မှော်ဘီ ကျေးရွာတွင် ၁၅ လုံးခန့် ရှိသည်ကို တွေ့ရသည်။
မြေဖုံးလွှမ်း ခံရသော အိမ်များတွင် သဲချောင်းရွာက အိမ်များက မှော်ဘီကျေးရွာရှိ အိမ်များထက် အခြေအနေ ပိုဆိုးနေသည်။ ကျောက်ထုတ် စခန်းမှ စွန့်ထုတ်သော ရေများက သဲချောင်းရွာ အဝင်ဝရှိ နေအိမ်များအတွင်း စီးဆင်းနေရာ ဒေသခံ ၂၀၀ ခန့်မှာ သဲနှင့်ရွှံရေ ရောနေသည့် စိုစွတ်စွတ်မြေ အတွင်းမှာပင် နေထိုင်သွားလာ နေကြရသည်ကို တွေ့မြင်ရသည်။
“ကျမအိမ်က အိပ်တဲ့နေရာပဲ ကျန်တော့တယ်။ အကုန် မြုပ်ကုန်ပြီ။ သဲမြေတွေက အကုန်ဖုံး ကုန်တာ။ ကျမတို့က တခြား ပြောင်းနေဖို့လည်း နေစရာ မရှိဘူး။ ကူညီနိုင်သူတွေ ကူညီပေးကြပါဦး” ဟု ဒေသခံ မလဲ့လဲ့ရီက ရွှံ့ကွင်းပြင်ထဲမှ ပြိုလုလု သူ့နေအိမ်ကို ညွှန်ပြရင်း ပြောသည်။
ယင်းဒေသရှိ မိသားစု တချို့သည် သဲနှင့်ရွှံ့များ နေအိမ် ဖုံးလွှမ်းသဖြင့် မကြာခဏ နေအိမ်ပြုပြင်ရသည့် ဒဏ်ကို မခံနိုင်သဖြင့် နေအိမ်ကို ဖျက်ယူပြီး လယ်ကွင်းထဲသို့ ပြောင်းရွှေ့နေထိုင်ကြသည်ကို တွေ့ရသည်။
“ကျမတို့ မိသားစုဆို အိမ်ပြင်တဲ့ ဒဏ်မခံနိုင်တော့လို့ ကွင်းထဲ ပြောင်းနေတာ ၅ နှစ်ရှိပြီ။ ခဏခဏ အိမ်ပြင်နေရတာ မတတ်နိုင်တော့ ဘူးလေ။ ကျမတို့လိုပဲ ပြောင်းပြေးတာ မိသားစု ၁၀ စုလောက် ရှိတယ်။ နေချင်တာတော့ ရွာထဲမှာပဲ နေချင်တာပေါ့။ နေလို့မှ မရတော့တာကိုး” ဟု လယ်ကွင်းထဲတွင် တဲထိုးနေသူ ဒေါ်ဝက်မက ဆိုသည်။
ယင်းဒေသတွင် ကျောက်ထုတ်ယူခြင်းကြောင့် တောတောင်နှင့် လယ်မြေများ ပျက်စီးခြင်း၊ ကျောက်ထုတ် စခန်းများမှ စွန့််ထုတ်သည့့် ရေများ ဝင်ရောက်မှုကြောင့် လယ်ယာမြေများ ပျက်စီးခြင်း၊ အပင်များ သေဆုံးခြင်း၊ မြေပြိုခြင်းနှင့် ချောင်းမြောင်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ် နေသည်။ ကျောက်ထုတ် လုပ်ငန်းကြောင့် အဆိုပါ ဒေသရှိ နေအိမ်များသည် ထိခိုက် ပျက်စီးမှုနှင့် တွေ့ကြုံ နေရသည်။
“မှော်ဘီရွာနားက မှော်ဘီချောင်းဆိုတာ အရင်က ဒီရေ အတက်အကျနဲ့ စီးတဲ့ချောင်း။ စက်လှေတွေ ဝင်ထွက် သွားလာလို့ ရတယ်။ အခုတော့ အဲဒီ ချောင်းထဲကို သဲတွေ ဝင်ကုန်လို့ ချောင်းပျက်သွားပြီ၊ ရေမစီးနိုင်တော့ဘူး။ မှော်ဘီရွာနားက လုပ်ကွက်တွေက ချောင်းထဲကို ရေထုတ်ချတော့ ချောင်းကို မြေဖို့ ပေးလိုက်သလို ဖြစ်သွားတာပေါ့” ဟု ဒေသခံ ကိုဌေးလွင်က ပြောသည်။
ကျောက်ထုတ်လုပ်ရာတွင် တောင်နံရံများအား ရေပိုက် အပြင်းစား (နော်ဇယ်ပိုက်) ဖြင့် ထိုး၍ ပြိုကျလာသည့် ရေများအား ကန်သဖွယ် ပြုလုပ်ကာ ရေစုပ်စက်ဖြင့် စုပ်တင်ကြသည်။ သဲ၊ ရွှံ့နှင့် ကျောက်စရစ် ပါသည့် ရေများကို ဆန်ကာနှင့် စစ်ခံ၍ ကျောက်စရစ် များအား အကြီး၊ အသေး ခွဲခြားရယူပြီးနောက် သဲနှင့်ရွှံ့ပါသည့် ရေများကို ကျောက်ထုတ် စခန်းများက အဆင်ပြေသလို စွန့်ထုတ်လိုက်ကြရာ ယင်းရေများက ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
သူတို့ ကျေးရွာတွင် ယခင်က သစ်ပင်ကြီးများဖြင့် စိမ်းစိမ်းစိုစို ရှိခဲ့သော်လည်း သဲမြေများ ဖုံးပြီး နောက်ပိုင်း အပင်များ သေဆုံးကုန်ကြောင်း မှော်ဘီကျေးရွာမှ အသက် ၆၀ ကျော် အမျိုးသမီးကြီး တဦးက ဧရာဝတီကို ပြောသည်။
“အရင်ကတော့ တောင်ကြီးတွေက အပင်ကြီးတွေနဲ့ အုပ်အုပ် ဆိုင်းဆိုင်းပေါ့။ နောက်ပိုင်း ကျောက်ထုတ်လုပ် တာတွေကြောင့် အပင်တွေ သေကုန်၊ မြေကြီးတွေလည်း ပြိုကျပေါ့။ အခုတော့လည်း ကျင်းတွေ ချိုင့်တွေနဲ့ အပင်တွေလည်း မရှိတော့ဘူးလေ။ အရင်တုန်းက အဘွားတို့ ရွာလမ်းတလျှောက်မှာ သရက်ပင်တွေ သီဟိုဠ်ပင်တွေ တန်းစီနေတာ။ အခုဆို ဘာပင်မှ မရှိတော့ ဘူး။ ဘာပင်မှလည်း စိုက်လို့ မပေါက်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
သူပြောဆိုသည့် အတိုင်း မှော်ဘီကျေးရွာ ရွာလယ် လမ်းတလျှောက်တွင် ချုံပုတ် တချို့မှလွဲ၍ အပင် ကြီးကြီးမားမား မရှိဘဲ လွင်တီးခေါင်ထဲတွင် တန်းစီနေသော ဖုန်မှုန့် အလိမ်းလိမ်းနှင့် အိမ်ပုကလေးများကိုသာ တွေ့ရသည်။
ဂျမ်းကပ်၊ မှော်ဘီနှင့် သဲချောင်း ကျေးရွာ တဝိုက်ရှိ ဧက ၂၀၀ ခန့် ရှိသော ကျောက်ထုတ် လုပ်ကွက်ဟောင်း နေရာများတွင် မည်သည့် အပင်မှ ပြန်မပေါက်တော့ဘဲ သဲမြေအပြည့်နှင့် ကွင်းပြင်ကြီးများ ဖြစ်နေသည်။
“ကျနော်တို့ မြင်တွေ့ ရသလောက်တော့ ဒီကျောက်ထုတ် စခန်းက ထွက်လာတဲ့ သဲမြေတွေ ဖုံးတဲ့ နေရာမှန်သမျှ လယ်စိုက်လို့ မရသလို၊ ဘာပင်မှလည်း စိုက်ပျိုးလို့ မရတော့ဘူး။ အဲဒီတော့ လုပ်ကွက်ဟောင်း နေရာတွေက အပင်မရှိတဲ့ ကွင်းပြင်ကြီး တွေပဲ ဖြစ်ကုန်ပြီးတော့ သဲကန္တာရ အသေးစားလေးလို ဖြစ်နေတယ်။ မိုးတွင်းဆို မြေပြိုလို့ လူသေတာ တွေလည်းရှိတယ်” ဟု ဂျမ်းကပ် ကျေးရွာမှ ကိုပြူးလေးက ပြောသည်။
ယင်းဒေသတွင် ကျောက်ထုတ် လုပ်ငန်းများကို လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ် ကတည်းက ဒေသခံများ တနိုင်တပိုင် လုပ်ကိုင်ခဲ့ ကြသော်လည်း ပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်မှု မရှိခဲ့ကြောင်း မှော်ဘီ ကျေးရွာမှ ဦးသိန်းရွှေက ပြောသည်။
“ကျောက်ထုတ် လုပ်နေတာ အနှစ် ၃၀ လောက်ရှိပြီ။ အစောပိုင်းက မဖြစ်ဘူး။ ဟိုတုန်းက လက်နဲ့တူးပြီး ချောက်ကမ်းပါးကို ဖြိုတယ်၊ ဆန်ကာနဲ့ ဆေးတယ်၊ လှည်းနဲ့ဆွဲတယ်။ လက်ခေတ်တုန်းက ဘာမှမဖြစ်ဘူး၊ စက်ခေတ် ရောက်တော့မှ အခြေအနေ ဆိုးကုန်တာ။ စက်နဲ့မောင်းတော့ သဲပါတဲ့ရေတွေကို တလဟော ပြန်ထုတ်တာပေါ့။ မိုးလည်းရွာရော ရေရော၊ သဲပါ လူနေ အိမ်တွေထဲကို အကုန် ဆင်းချလာရော” ဟု သူက ရှင်းပြသည်။
ငပုတောမြို့နယ် ခရင်ဝါးချောင်း ကျေးရွာ အုပ်စုတွင် ကျောက်ထုတ် လုပ်ငန်းရှင် ၁၃ ဦးရှိပြီး လက်ရှိ ကျောက်ထုတ်နေသော မြေမှာ ဧက ၁၀၀ ကျော် ရှိကြောင်း သိရသည်။ ယင်းကျောက်ထုတ် လုပ်ကွက်များမှာ သစ်တောမြေများ ဖြစ်ပြီး သစ်တော ဌာနက ခွင့်ပြုသဖြင့် မိမိတို့ ဌာနက လိုင်စင်ထုတ်ပေးခြင်း ဖြစ်ကြောင်း ငပုတောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အကြီးတန်း အရာရှိတဦးက ပြောသည်။
“အရင်တုန်းက အဲဒီ ကျောက်ထုတ်တာတွေကို တပ်က လုပ်နေတာ။ နောက်ပိုင်းတော့ အရပ်သားတွေ ပြောင်းလုပ်ဖို့ စီစဉ်ခဲ့တယ်။ လိုင်စင်နဲ့ လုပ်ကြတာပါ။ လိုင်စင်က ၁ နှစ် ၁ ခါ သက်တမ်း တိုးရတယ်။ ဒီလုပ်ငန်းက ဒေသခံ တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီး စားဝတ်နေရေး အတွက် အဆင်ပြေနေတော့ ဒါတွေ ရပ်လိုက်ရင် တဘက်မှာ အခြေခံ လူတန်းစားတွေ ဒုက္ခ ရောက်တာတွေလည်း ဖြစ်လာနိုင်တယ်” ဟု အဆိုပါ အရာရှိက ရှင်းပြသည်။
ကျောက်ထုတ် လုပ်ငန်းတွင် ဒေသခံ ကျပန်း အလုပ်သမား အမျိုးသား၊ အမျိုးသမီးများ ဝင်ရောက် လုပ်ကိုင် နေကြပြီး လုပ်ခမှာ တနေ့လျှင် အနည်းဆုံးကျပ် ၅၀၀ မှ အများဆုံးကျပ် ၅၀၀၀ အထိ ရလေ့ ရှိသည်။
ကျောက်ထုတ် လုပ်ငန်းကြောင့် လတ်တလော အလုပ်အကိုင် ရသည် ဆိုသော်လည်း ကျောက်များ ကုန်ခမ်းသွားချိန်တွင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုဒဏ်ကို ဒေသခံများ ဆိုးရွားစွာ ခံစားရမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း အခြေစိုက် လှပသောမြေ (Beautiful Land) သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့က ထောက်ပြ ပြောဆိုသည်။
“ဒေသခံတွေက ရေတိုမှာ ဒီကျောက် မကုန်ခင် အလုပ်ရှိတော့ စားရမှာပေါ့။ ဒါပေမယ့် ဒီကျောက်က ရာသက်ပန် မကုန်အောင် ထွက်နေမှာ မဟုတ်ဘူး။ တချိန်မှာ ကုန်သွားမှာ။ ကုန်သွားရင် အဲဒီဒေသမှာ သဲကန္တာရဖြစ် ကျန်ခဲ့မှာ။ စိုက်ဖို့ပျိုးဖို့ ဆိုတာလည်း ရတော့မှာ မဟုတ်ဘူး။ အဲဒီ ဒေသမှာ နေထိုင်ပြီး လုပ်ကိုင် စားသောက်ဖို့ မလွယ်တော့တဲ့ ပြဿနာတွေ ကြုံလာရ လိမ့်မယ်။ အဲဒီ အချိန်မှာ သဘာ၀ သယံဇာတကို မဆင်မခြင် ထုတ်ယူ သုံးစွဲခြင်းရဲ့ အကျိုးဆက် အနေနဲ့ အဲဒီဒေသက ပြည်သူတွေ သယံဇာတ ကျိန်စာ သင့်ကြလိမ့်မယ်” ဟု လှပသောမြေ အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ဧရာဝတီကို ပြောသည်။
အဆိုပါ ဒေသ၏ သဘာ၀ ပတ်ဝန်းကျင် အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသော်လည်း ပြန်လည် ထိမ်းသိမ်းမှုများ ပြုလုပ်ပါက အချိန်မီသေးကြောင်းနှင့် ပြန်လည် ထိမ်းသိမ်းရန် အတွက် ကျောက်ထုတ်ခွင့် ပြုခဲ့သည့် ဌာန ဆိုင်ရာများနှင့် ကျောက်ထုတ် လုပ်ငန်းရှင် များတွင် အဓိက တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“စီးပွားရေး လုပ်ငန်းသမား ဆိုတာတော့ သူတို့အတွက်ပဲ သူတို့ကြည့်တာ။ ပတ်ဝန်းကျင်က လူတွေ ထမင်းငတ် ကျန်ခဲ့မှာကို သူတို့ မကြည့်ဘူး။ သူတို့က ဒီမှာ လုပ်လို့မရလည်း ငွေထုပ်ပိုက်ပြီး ရတဲ့ နေရာသွားမှာ။ ဒီမှာ ကျောက်ကုန်သွားလည်း ရှိတဲ့နေရာ သွားထုတ်မှာပဲ။ အဲတော့ သဘာ၀ အခင်းအကျင်း ပျက်ကျန်ခဲ့တဲ့ နေရာကို ပြန်ပြင်ဖို့ အတွက် ထုတ်လုပ်တဲ့ လူတိုင်းမှာ တာဝန်ရှိတယ်” ဟု ဦးမြင့်အောင်က ဆိုသည်။
ကျောက်ထုတ် လုပ်ငန်းကြောင့် အိမ်ပျက်စီးသည့် မိသားစုများက အိမ်ပြန်ပြင်နိုင်ရေး အတွက် လုပ်ငန်းရှင်များမှ ထောက်ပံ့ ကူညီပေးရန် လိုလားကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
“တမိုးတခါ တနှစ်တခါ အိမ်ပြန်မြှင့်နေရတယ်။ ဆင်းရဲသားက အိမ်တလုံး ပြန်ဆောက်ဖို့ မလွယ်ဘူးလေ။ ကျနော်တို့မှာ တနေ့လုပ်မှ တနေ့စား သမားတွေ။ ကလေးတွေကလည်း ကျောင်းတက်နေတော့ စားဝတ်နေရေးက မလွယ်ဘူး။ အဲဒီတော့ အိမ်ပြင်ဖို့ကို လုပ်ငန်းရှင်တွေက ကူညီ ထောက်ပံ့တာတွေ လုပ်ပေးစေချင် ပါတယ်” ဟု မှော်ဘီ ကျေးရွာမှ ကိုသိန်းရွှေက ပြောသည်။
ဒေသခံ လယ်သမား တဦးဖြစ်သူ ကိုပြူးလေးက “ကျနော့်အနေနဲ့တော့ ဒီကျောက်ထုတ် လုပ်ငန်းတွေကြောင့် သဘာ၀ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ ဒါကြောင့် တားမြစ်သင့်တယ်၊ အရေးယူ ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။ ဒါမှသာ ရှေ့လာမယ့် မျိုးဆက်တွေ အတွက် နေရေးထိုင်ရေး၊ စားဝတ်နေရေး အတွက် မျှော်လင့်စရာ ရှိလိမ့်မယ်။ မဟုတ်ရင်တော့ နောက်နောင် ဘာတွေ ဖြစ်လာမလဲ မတွေးရဲဘူး” ဟု ဆိုသည်။
ကျောက်ထုတ် လုပ်ငန်းရှင်များသည် ချောင်းကောလာခြင်း၊ တောင်များ၊ လယ်များ၊ လူနေအိမ်များ၊ လမ်းများနှင့် ဒေသ တဖြည်းဖြည်း ပျက်စီးလာသည် ဂရုပြုခြင်း မရှိဘဲ၊ တောင်နံရံကိုဖြို၍ ကျောက်များကို ထုတ်မြဲ အတိုင်း ထုတ်နေသကဲ့သို့ ကောနေသည့် ချောင်းနှင့် ပြိုလုလု နေအိမ်လေးများဆီသို့ သဲနှင့်ရွှံ့ပါသည့်ရေများ စွန့်ထုတ်မြဲ စွန့်ထုတ်နေသည်ဟု ဒေသခံများက ပြောကြသည်။
သဲချောင်းရွာရှိ ကလေးများ ကတော့ သဲနှင့်ရွှံ့ရောနေသည့် ရေစိုစို မြေပြင်ပေါ်တွင် ဆော့ကစားရင်း ကလေးတို့ သဘာ၀ အပူအပင် ကင်းကင်းနှင့် ပျော်နေကြသည်။ သူတို့ မိဘများကတော့ မြေကြီးက တဖြည်းဖြည်း ဝါးမြိုနေသည့် နေအိမ် ကလေးကို ပြင်နိုင်ဖို့ အရေး ရတက်မအေး ဖြစ်နေကြသည်။