Ethnic Issues

ကျေးလက် ဖွံ့ဖြိုးရေး နိုင်ငံတကာ အကူအညီ ဒေါ်လာ သန်း ၁၅၀ ကျော် ရှိ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေ ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် ရှိကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နေဆဲနှင့် လုပ်ဆောင်ရန် သဘောတူညီမှု ယူထားသော စီမံကိန်းပေါင်း ၁၀ ခု ရှိနေပြီး ယင်းစီမံကိန်းများ အတွက် ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူပေါင်း ဆောင်ရွက်လျက် ရှိသော မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ စိစစ်ချက်များ၌ ဖော်ပြပါရှိသည်ကို တွေ့ရသည်။

ယင်းသို့ ဆောင်ရွက်နေသည့် စီမံကိန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော  ကမ္ဘာ့ဘဏ်(Word Bank)မှ ဒေါ်လာသန်း ၈၀၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ ဒေါ်လာ ၄သန်း၊ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန် လည် ထူထောင်ရေး အစီအစဉ် (UN-HABITAT) မှ ဒေါ်လာ ၁၂.၁၆ သန်း၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF)
မှ ဒေါ်လာ၂.၀၆၇၇ သန်း၊ အာရှ-ဂျပန် ပေါင်းကူးရေး အဖွဲ့ (BAJ) မှ ဒေါ်လာ ၁.၅၆ သန်း၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) မှ ဒေါ်လာ ၃ သိန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာ ၁၂ သန်း၊ ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ယူရိုငွေ ၇ သန်း၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (IRD) မှ ဒေါ်လာ ၃ သန်း နှင့် အီတလီနိုင်ငံ အစိုးရတို့မှ ယူရိုသန်း၂၀ ထောက်ပံ့မည် ဖြစ်ပြီး စီမံကိန်းအသီးသီးအား လက်ခံ သဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများ၏ သက်တမ်းမှာ သဘောတူညီထားမှု အမျိုးအစား အလိုက် နှစ်သက်တမ်း ကွာခြားပြီး ကမ္ဘာ့ဘဏ် အထောက် အပံ့နှင့် စီမံကိန်းမှာ နှစ်အကြာဆုံး ဖြစ်မည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်၏ စီမံကိန်း အမည်ကို လူထု အခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းဟု သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အတွင်း ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိ မြို့နယ် တမြို့နယ်စီတွင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကာ ၂၀၁၉ ခုနှစ်အထိ ကြာမြင့်မည် ဖြစ် ကြောင်း သိရသည်။

“ကမ္ဘာ့ဘဏ် စီမံကိန်း ဆိုရင် ပြည်နယ်နဲ့တိုင်း ၁၅ ခုမှာ တမြို့နယ်စီ လုပ်ပေးမယ်၊ အဲ့ဒါကိုမှ သန်း ၈၀ ပေါ့၊ ဒီသန်း ၈၀ က တနှစ် တည်း လာတာ မဟုတ်ဘူး၊ သူက ၆ နှစ်ပြီးမှ သန်း ၈၀ အကုန်ပြည့်မှာ၊ ADB နဲ့ဆို ၃ နှစ် စီမံကိန်း လုပ်မယ်။ ၂၀၁၄-၁၅ က စမယ်၊ ၁၂ သန်းလောက် ကျနော်တို့ ခန့်မှန်း ထားတယ်”ဟု ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးခန့်ဇော်က ပြောသည်။

လက်ရှိ သဘောတူပြီး ဖြစ်သော စီမံကိန်းများ အပြင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းနေဆဲ အခြေအနေများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“UNDP နဲ့လည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါ၊ အခြား နိုင်ငံတကာ အကူအညီတွေလည်း လာဖို့ ရှိနေပါတယ်”ဟုလည်း ဦးခန့်ဇော်က ပြောသည်။

လက်ရှိ လုပ်ဆောင်နေဆဲနှင့် လုပ်ဆောင်ရန် သဘောတူပြီးဖြစ်သော စီမံကိန်းများမှာ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး နေရာ အနှံ့အပြားတွင် ပါဝင်ပြီး အပူပိုင်းဇုန် ရေရရှိရေး၊ ကျေးလက် ကုန်ထုတ်လမ်းများ ပြုပြင် တည်ဆောက်ခြင်း စီမံကိန်းများ ပါဝင် သည်။ ယင်းစီမံကိန်းများတွင် ပြည်တွင်းစစ် ဖြစ်ပွားရာဒေသများတွင် တခုအပါအဝင် ဖြစ်သည့် ကချင်ပြည်နယ် အတွင်း ပြန်လည် ထူထောင်ရေး အစီအစဉ်များလည်း ပါရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသနေ ပြည်သူ ၇၀ ရာခိုင်နှုန်းရှိကြောင်း ဇန်နဝါရီ ၆ ရက်က ကျင်းပသည့် နိုင်ငံခြား အကူအညီ အထောက်အပံ့ ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

Loading