ပြီးခဲ့တဲ့ ရာစုနှစ် တဝက်လောက်ကာလမှာ မြန်မာနိုင်ငံကို သဘောထားတင်းမာပြီး အညှာအတာကင်းသူ နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစဉ်အဆက် အုပ်ချုပ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက ကွန်မြူနစ်နဲ့ ဆိုရှယ်လစ် အတွေးအခေါ်တွေ လွှမ်းမိုးတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလရဲ့ ထုတ်ကုန် တခုဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာရှင်အုပ်ချုပ်ရေးနဲ့အတူ အောင်မြင်မှုမရခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့ ထွက်ကုန်တခုပါ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲဘော်တွေကလည်း အာဏာရှင်စစ်အစိုးရနဲ့ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ အခြေခံကို ပုံဖော်ပေးခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ နောက်ခံသမိုင်းနဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်း သိနားလည်ကြပါတယ်။ အတိုက်အခံတွေ ပြုလုပ်တဲ့တွက်ချက်မှု၊ ဆုံးဖြတ်ချက် အားလုံးဟာ ဒီအတိတ်သမိုင်းအပေါ်မှာ အခြေခံ စဉ်းစားပြီး ဆောင်ရွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ နောက်လိုက် ဗိုလ်ချုပ်တွေရဲ့ အတွေးအခေါ်ဘယ်လို ယိမ်းမယ်ဆိုတာ ဖော်ပြနေလို့ပါပဲ။ နောက်ပြီး အင်တိုက်အားတိုက် ပါဝင်နေသူပဲဖြစ်ဖြစ်၊ ထဲထဲဝင်ဝင် မသိဘဲ သရုပ်ခွဲနေသူဖြစ်ဖြစ်၊ မြန်မာ့အရေး စောင့်ကြည့်သူ ဘယ်သူမဆို နိုင်ငံကို ဒီနေ့အခြေအနေ ရောက်လာအောင် ပြောင်းလဲပစ်ခဲ့တဲ့ ဒီ အာဏာရှင်ကြီး နှစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အကျွမ်းတဝင် ရှိထားသင့်ပါတယ်။
နာမည် မောင်ရှုမောင်လို့ ခေါ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကို ရန်ကုန်မြို့မြောက်ဖက် မိုင် ၂၀ဝ လောက် အကွာမှာရှိတဲ့ ပဲခူးတိုင်း ပြည်ခရိုင်မှာ ၁၉၁၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အလယ်အလတ် အဆင့်အတန်းရှိတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ပြီး အမျိုးသား အထက်တန်းကျောင်းမှာ တက်ရောက် ပညာသင် ကြားခဲ့တယ်။ ကလေးဘဝတုန်းက သူဖြစ်ချင်ခဲ့တာက ဆရာဝန်ပါ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်တက်တဲ့ အချိန်မှာ စာကောင်းကောင်း မလိုက်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ဆေးပညာအိပ်မက်တွေ ပျက်စီးခဲ့ရပါတယ်။ တက္ကသိုလ်က ထွက်ခဲ့ရပြီးတဲ့နောက် ကိုရှုမောင်ဟာ နေ့တိုင်းပဲ မြန်မာနိုင်ငံကို ဗြိတိသျှ လက်အောက်က လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆွေးနွေးရင်း အချိန်ကုန်တတ်တဲ့ ကျောင်းသားသူငယ်ချင်း တစုနဲ့အတူ ရန်ကုန်မှာပဲ ဆက်နေခဲ့ပါတယ်။
အဲဒီနောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနု၊ အတွင်းရေးမှူး ကိုအောင်ဆန်းတို့နဲ့အတူ ကိုရှုမောင်ဟာ အမျိုးသားရေး အဖွဲ့ အစည်းတခုဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးဝင် သခင်ရှုမောင် ဖြစ်လာပါတယ်။
၁၉၄၁ ခုနှစ်မှာတော့ ကိုအောင်ဆန်းနဲ့ ကိုရှုမောင်ဟာ ဂျပန်နိုင်ငံမှာ စစ်ပညာသင်ကြားဖို့အတွက် “ရဲဘော်သုံးကျိပ်” လို့ လူသိများလာခဲ့တဲ့ လူငယ် ၃၀ ထဲမှာ ပါဝင်ဖို့ ရွေးချယ်ခံရပြီးတော့ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို ဖွဲ့စည်းခဲ့ကြတယ်။ ရဲဘော် သုံးကျိပ်ဟာ မြန်မာနိုင်ငံထဲကို ပြန်လည်မဝင်ရောက်ခင် နာမည်ပြောင်းခဲ့ကြချိန်မှာ သခင်အောင်ဆန်းက “ဗိုလ်တေဇ” ဆိုတဲ့နာမည်ကို ရွေးချယ်ပြီး သခင် ရှုမောင်က တောက်ပလင်းလက်တဲ့ နေဝန်းလို့ အဓိပ္ပာယ်ရတဲ့ “ဗိုလ်နေဝင်း” ဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။
မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ အငြင်းပွား ဖွယ်ရာမရှိ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်မှာ သူရဲ့နိုင်ငံရေးပြိုင်ဖက် တဦးဖြစ်သူ ဂဠုန်ဦးစောရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာတော့ ဦးနု ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ အဲဒီနှစ် မတ်လအတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (CBP) တောခိုသွားခဲ့ပြီး အနီရောင်ခေတ် (ကွန်မြူနစ်ခေတ်) ကို တည်ထောင်ဖို့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်တယ်။
အစိုးရတပ်ဖွဲ့တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ကြားမှာ ပထမဆုံးတိုက်ပွဲဖြစ်ခဲ့တာက ရန်ကုန် တောင်ဘက်က ပဲခူးမှာပါ။ မကြာခင်မှာပဲ တိုက်ပွဲတွေဟာ ကွန်မြူနစ်တွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ပျံ့နှံ့သွားပါတော့တယ်။ တချိန်တည်းမှာပဲ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် လက်နက်ကိုင်တော်လှန်ဖို့ အားထုတ်လာပါတယ်။
ဖြစ်တည်ခါစ မြန်မာ့တပ်မတော်ကလည်း ဖရိုဖရဲဖြစ်နေပြီး ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းနိုင်စွမ်းမရှိ ဖြစ်ခဲ့ရတယ်။ နယ်မြေ အမြောက်အမြား လက်လွှတ်ဆုံးရှုံးခဲ့ပြီး ကွန်မြူနစ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အင်အားက အစိုးရတပ်တွေထက် ပိုများနေပါတယ်။ ဗိုလ်နေဝင်း ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ဦးစီးချုပ်ဖြစ်လာတဲ့အခါ သူ့မှာ စစ်သား ၂၀ဝ၀ ပဲရှိတယ်။ မြန်မာပြည်ရဲ့ အမျိုးသား ရေးစိတ်ပြင်းထန်တဲ့ မျိုးချစ်လူငယ်အများစုက နိုင်ငံဟာ အန္တရာယ်ကြီးတဲ့ လမ်းကြောင်းကို ဦးတည်နေပြီလို့ တွေးခဲ့ကြပါတယ်။ ဒီကြားထဲ အခြေအနေကို ပိုပြီးဆိုးဝါးစေတဲ့ အကြပ်အတည်းအသစ် တခုကလည်း မြန်မာနိုင်ငံမြောက်ဖက်ပိုင်းကို ရောက်လာပါတယ်။ တရုတ်ပြည်ထဲမှာ ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသားရေးဝါဒီ ချန်ကေရှိတ်ရဲ့ ကူမင်တန် (KMT) တပ်ဖွဲ့တွေ ဆုတ်ခွာ ထွက်ပြေးရင်း နယ်စပ်ကို ဖြတ်ကျော်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်းကို ဝင်ရောက်လာပါတယ်။ အမေရိကန်ထောက်လှမ်း ရေးအဖွဲ့ (CIA) ရဲ့ ကျောထောက်နောက်ခံ ရရှိထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ကူမင်တန် တပ်ဖွဲ့တွေဟာ ၁၉၄၉ ခုနှစ်မှာ အင်အား ၂၀ဝ လောက် ရှိရာကနေ ၁၉၅၂ မှာ ၁၂၀ဝ၀ အထိ ကြီးထွားလာခဲ့ပါတယ်။
သူတို့က တရုတ်-မြန်မာ နယ်စပ်တလျှောက် ကျိုင်းတုံနှင့် တာချီလိတ်အထိ အခြေချစခန်းတွေ တည်ထောင်တဲ့အပြင် အမျိုးအမည်မသိ လေယာဉ်တွေနဲ့ ရောက်လာတဲ့ လက်နက်နဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လက်ခံယူနိုင်ဖို့ မိုင်းဆတ်မှာ လေတပ် စခန်းတစ်ခုလည်း တည်ဆောက်ထားခဲ့ပါတယ်။ မကြာခင်မှာပဲ ကူမင်တန်တပ်တွေဟာ သံလွင်မြစ် အရှေ့ဖက်ခြမ်းကို ထိန်းချုပ်ထားပြီး လက်နက်မပြည့်စုံတဲ့ မြန်မာအစိုးရတပ်တွေ၊ တရုတ်ကွန်မြူနစ်တပ်တွေနဲ့ ပြင်းထန်စွာ တိုက်ခိုက်လာပါတော့တယ်။ မြန်မာစစ်တပ်ရဲ့ “နဂါးနိုင်စစ်ဆင်ရေး” အပါအဝင် တွန်းလှန်အားထုတ်မှုတွေကို ကူမင်တန်တပ်တွေက ပစ်အားသာလွန်မှုနဲ့ လွယ်လွယ်ကူကူ ချေမှုန်းခဲ့ပါတယ်။
အစပိုင်းမှာ လူအင်အားနဲ့ အရင်းအမြစ် မပြည့်စုံမှုတွေ ရှိခဲ့ပေမယ့် တပ်မှူးဗိုလ်နေဝင်းမှာ စစ်တပ်တွေကို ဦးဆောင်နိုင်ဖို့အတွက် ကြီးမားတဲ့အစီအစဉ်တခု ရှိခဲ့ပါတယ်။ သူနဲ့ သူ့ရဲ့ အကြီးတန်းအရာရှိတွေဟာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း အပါအဝင် ကရင်အမျိုးသားတပ်မှူးတွေ၊ ဗြိတိသျှ လိုလားသူတွေနဲ့ တပ်ကို ထိထိရောက်ရောက် သစ္စာ မရှိဘူးလို့ ယူဆရသူ လုပ်ဖော်ကိုင်ဖက် အမြောက် အများကို တပ်ကနေ ထုတ်ပယ်လိုက်တယ်။ တပ်ချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်နေဝင်းဟာ သူဦးစီးတဲ့ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) က ငယ်ရွယ်တဲ့ အရာရှိ အများစုကို စစ်တပ်ရဲ့ ထိပ်ပိုင်းနေရာတွေမှာ ခန့်အပ် ခဲ့တယ်။
၁၉၅၁ ခုနှစ်မှာ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းဟာ သူ့ရဲ့ တပ်မှူးတွေနဲ့ ရန်ကုန်က စစ်ရုံးမှာ အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး ကူမင်တန် ကျူးကျော်သူများ၊ ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ရင်ဆိုင် တိုက်ခိုက်နိုင်ဖို့အတွက် စစ်တပ်ကို စနစ်တကျလေ့ကျင့်ပြီး လက်နက်တပ် ဆင်ထားတဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ စစ်တပ်တစ်ခု ဖြစ်လာအောင် အသွင်ပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းကို သစ္စာစောင့်သိတဲ့ အရာရှိတွေကလည်း အမိန့်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး မြန်မာစစ်တပ်ကို လူရိုသေရှင်ရိုသေ စစ်တပ်တခု ဖြစ်အောင် အသွင်ပြောင်းခဲ့ပါတယ်။ သူတို့ရဲ့ ပြုပြင် ပြောင်းလဲရေးအစီအစဉ်မှာ စစ်တပ်ကို တိုးချဲ့နိုင်ဖို့ အတွက် လူသစ်စုဆောင်းရေးနဲ့ လေ့ကျင့်ရေးတို့ အပြင် ထိရောက်တဲ့ ထောက်လှမ်းရေးစနစ်ကို တည်ထောင်ဖို့၊ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ထူထောင်ဖို့၊ စစ်တပ်ရဲ့မူဝါဒတွေ ရေးဆွဲနိုင်ဖို့နဲ့ လက်နက်ထောက်ပံ့ရေး ကိစ္စတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဦးနေဝင်းနဲ့ သူ့ရဲ့အရာရှိတွေဟာ ပြည်သူတွေ၊ လက်နက်ကိုင် တော်လှန်သူတွေ၊ ကွန်မြူနစ် လိုလားသူတွေကို စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်ဖို့အတွက် စိတ်ဓာတ်စစ်ဆင်ရေးဌာနတခု တည်ထောင်ဖို့လည်း သဘောတူခဲ့ကြတယ်။ ၁၉၅၂ ခုနှစ်မှာ တရားဝင်ပေါ်ပေါက်လာခဲ့တဲ့ စိတ်ဓာတ်စစ်ဆင် ရေးဌာနကို ဒုတိယဗိုလ်မှူးကြီး ဘသန်းက ဦးစီးပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး ဌာနဟာ မှန်မှန် ဖွံ့ဖြိုးလာခဲ့ပြီးတော့ စီမံကိန်း အမြောက်အများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ တပ်မတော် မော်ကွန်းတိုက်ကို တည်ထောင်တာ၊ ယဉ်ကျေးမှုပွဲတွေ၊ ရေဒီယိုအသံလွှင့် အစီအစဉ်တွေကို ထောက်ပံ့ပေးတာတွေ အပြင် နိုင်ငံတလွှားမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာမျိုးတွေလည်း လုပ်ခဲ့တယ်။ အစိုးရဆန့်ကျင်ရေး ရေးသားထုတ်ဝေမှုများကို တုံ့ပြန်ဖို့ မြဝတီမဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာမှာ ယနေ့ခေတ်အထိ ဆက်လက် တည်ရှိနေပြီးတော့ လက်ရှိ စစ်အစိုးရလက်ထက်မှာတော့ ကိုယ်ပိုင်ရုပ်မြင်သံကြား အစီအစဉ်တွေပါ ထုတ်လွှင့်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ဗိုလ်ချုပ်နေဝင်းဟာ စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှာ တာဝန်ထမ်းဆောင်ဖို့ ကွန်မြူနစ်ဟောင်းတွေ ဖြစ်တဲ့ ဦးစောဦးနဲ့ ဦးချစ်လှိုင်ကို ခေါ်ယူခဲ့ပါတယ်။ ဦးစောဦးဟာ အလံဖြူကွန်မြူနစ် ခေါင်းဆောင် သခင် သန်းထွန်းရဲ့ သစ္စာရှိတဲ့ နောက်လိုက် တယောက် ဖြစ်ပါတယ်။ အစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး ၁၉၅၀ အစောပိုင်းနှစ်တွေမှာ လက်နက်ချခဲ့ပါတယ်။
ဦးချစ်လှိုင်ကတော့ ဗုဒ္ဓဘာသာ အတွေးအခေါ်ကိုရော မာ့က်စ်ဝါဒကိုပါ ယုံကြည်သက်ဝင်သူဖြစ်ပြီး ကွန်မြူနစ်ပါတီရဲ့ “အလံနီအဖွဲ့” ခေါင်းဆောင် သခင်စိုးရဲ့ အမာခံ နောက်လိုက်တဦးလည်း ဖြစ်ပါ တယ်။ မာ့က်စ်ဝါဒ အတွေးအခေါ်တွေကို ဂျပန်ခေတ်အတွင်းနဲ့ ၁၉၅၀ အစောပိုင်း နှစ်တွေအတွင်း ဥရောပမှာ ခရီးလှည့်လည်စဉ် လေ့လာခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ပါရီနဲ့မော်စကိုမြို့မှာ တလှည့်စီ နေထိုင်ခဲ့ပါတယ်။ ဦးစောဦးနဲ့ ဦးချစ်လှိုင်ဟာ အရပ်သားတွေ ဖြစ်နေပေမယ့် ဦးစောဦးရဲ့ ရာထူးဟာ စစ်ဖက် ဒုတိယဗိုလ်မှူးကြီးနဲ့ အဆင့်အတန်းတူပြီး ဦးချစ်လှိုင်ရဲ့ ရာထူးကတော့ ဗိုလ်မှူးရာထူးနဲ့ ညီမျှပါတယ်။
၁၉၅၂ ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ကြီးဘသောင်း ဦးဆောင်တဲ့ နယ်လှည့် စိတ်ဓာတ်စစ်ဆင်ရေး အဖွဲ့ တခုဟာ ကွန်မြူနစ်လိုလားသူတွေနဲ့ ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ ကျောက်ဆည်မြို့မှာ စစ်ဆင်ရေး အစီအစဉ်တခု ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ကြီး ဘသောင်း ကျောက်ဆည်ဒေသမှာ ၂ လကြာ နေထိုင်ခဲ့စဉ်အတွင်း ထောင်ပေါင်းများစွာသော ဝါဒ ဖြန့်ချိရေး လက်ကမ်းစာစောင်တွေ၊ ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်ရဲ့ ခြိမ်းခြောက်မှုနဲ့ တိုင်းပြည်တည်ငြိမ်မှု ကင်းမဲ့နေပုံတွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ ကာတွန်းတွေကို ဖြန့်ဝေခဲ့ပါတယ်။ အစိုးရ မှတ်တမ်းမှတ်ရာတွေအရ ၁၉၅၂ ခုနှစ်နဲ့ ၁၉၅၃ ခုနှစ်အတွင်းမှာ နယ်လှည့် စိတ်ဓာတ်စစ်ဆင်ရေးအဖွဲ့က မြန်မာ နိုင်ငံတလွှားမှာ လက်ကမ်းစာစောင် ၁၁၅၀ဝဝဝ စောင် ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဘသောင်း ကျောက်ဆည်မှာ စစ်ဆင်ရေး ဆောင်ရွက်နေတဲ့အချိန်မှာပဲ ကျောက်ဆည် အစိုးရ အထက်တန်းကျောင်းက တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး မြို့နီးချင်း မိတ္ထီလာစာတိုက်မှာ စာရေးလုပ်နေတဲ့ အသက် ၂၀ အရွယ် လူငယ် တယောက်ဟာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၉ ကို တက်ရောက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ ဗိုလ်သင်တန်း အတူတက်ခဲ့သူတွေ ပြန်ပြောတဲ့ အတိုင်းဆိုရင် သူဟာ အပတ်စဉ် ၉ ရဲ့ အသက်အငယ်ဆုံး သင်တန်းသား ဖြစ်ပါတယ်တဲ့။
တခါတလေမှာ ကွမ်းစားနေတတ်တဲ့ အဲဒီ လူငယ်ဟာ နည်းနည်း ငြီးငွေ့စရာကောင်းတဲ့ နှုတ်နည်းသူတယောက်ဖြစ်ပြီး ထူးချွန်တဲ့သင်တန်းသား တယောက်မဟုတ်ခဲ့တာ သေချာပါတယ်တဲ့။ ဒီ ဗိုလ်လောင်းလေးရဲ့ နာမည်ကတော့ မောင်သန်းရွှေ ဖြစ်ပါတယ်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။