လာမည့် ဘဏ္ဍာနှစ်၂၀၁၄-၂၀၁၅ အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသုံးစရိတ်ကို ယခင် ဘဏ္ဍာနှစ် အသုံးစရိတ်ထက် သုံးဆ ခန့် ပိုတောင်းပြီး ဆင်းရဲသော တိုင်းရင်းသား ဒေသများတွင် ပိုမိုချပေးသွားရန် လျာထားသည့် အစီအစဉ် ရှိကြောင်း သိရသည်။
“နောက်နှစ် ဘတ်ဂျက်ကို ဒီနှစ်ထက် နှစ်ဆ သုံးဆလောက်များပြီး တင်တောင်းထား ပါတယ်၊ ကျနော်တို့က ဖြစ်ချင်တယ် ဆိုပေ မယ့် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အခြေအနေကျတော့ ကျနော်တို့ မသိပါဘူး၊ ပိုဆင်းရဲတဲ့ တိုင်းရင်းသား နေရာတွေလည်း ၂၀၁၄-၁၅ မှာ ပိုလျာထားတာ တွေ့ရပါတယ်၊ ဒါပေမယ့် အတည် မဖြစ်သေးပါဘူး။ လွှတ်တော်တွေဘာတွေ တင်ရဦးမှာပါ။ ဒါက လက်ရှိလျာထားတဲ့ အစီအစဉ်တွေပေါ့”ဟု ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ အင်ဂျင်နီယာချုပ် ဦးခန့်ဇော်က ဧရာဝတီသို့ ပြော သည်။
နိုင်ငံတော်၏ ဘတ်ဂျက်ခွဲတမ်း ခွဲဝေမှုစနစ် အရ ပြီးခဲ့သည့် နှစ်များတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသုံးစရိတ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အရွယ်အစား ဧရိယာနှင့် လူဦးရေအလိုက် သတ်မှတ် ခွဲတမ်းချခြင်း ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်နှင့် ဆက်စပ်၍ ယခု၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အသုံးစရိတ် ကုန်ကျမှုမှာ ကျပ်ငွေ ဘီလီယံ ၁၀၀ နီးပါး ရှိကြောင်း ဦးခန့်ဇော်က ပြောသည်။
“ပြီးခဲ့တဲ့နှစ် ဒီ ၂၀၁၃-၁၄ မှာ ၇၅ ဘီလီယံ သုံးတယ်၊ ဒါက အစကတည်းက ဘတ်ဂျတ်ပေါ့၊ ထပ်ပြီးတော့ ဖြည့်စွက်တာက ဘီလီယံ ၃၀ လောက် ရှိမယ်၊ နောက်တိုးကတော့ ခန့်မှန်းခြေကို ပြောရတာ”ဟု ၎င်းက ပြောပြသည်။
၎င်းတို့ အနေဖြင့် အဆိုပါ ဘတ်ဂျက်ခွဲတမ်း ရရှိသော အသုံးစရိတ်များကို ကုန်ကျစရိတ် ပိုမိုများပြားသော လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် အဓိက အသုံးများကြောင်း သိရသည်။
လက်ရှိတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများ ပေးနေသည့် အနေအထားဖြစ်ပြီး ယင်းအကူအညီများနှင့် စီမံကိန်း အစီအစဉ်များတွင် ဖွံ့ဖြိုးမှု နောက်ကျ၍ ဆင်းရဲသော ဒေသများကို ဦးစားပေးဆောင်ရွက်နေကြောင်းလည်း ဦးခန့်ဇော်က ပြောသည်။
နိုင်ငံတကာမှ အကူအညီများ ပေးနေခြင်းနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့(IRD)က ပေးသည့် အကူအညီ ဒေါ်လာ ၃သန်း အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ယင်းအဖွဲ့တို့ နားလည်မှု စာချွန်လွှာ MOU ရေးထိုးကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အကူအညီပေးရေး အစီအစဉ်တွင် လူသားချင်း ကူညီစောင့်ရှောက်ရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်း၊ ရေရရှိရေးနှင့် သန့်ရှင်းရေး စီမံချက်များ ပါဝင်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း၊ စီမံကိန်းကာလမှာ ယခုနှစ်အတွင်းမှ စတင်ပြီး၂၀၁၆ ခုနှစ် အထိ ဖြစ်ကြောင်း သိရသည်။