ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ဖိတ်နိုင်ရန်အတွက် စက်မှုဇုန်များ ဖော်ထုတ်သွားရန် စီစဉ်ထားကြောင်း အဆိုပါဒေသ အုပ်ချုပ်ရေးဦးစီးဌာနမှ အလုပ်အမှုဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင်ရှောက်ချန်းက ဧရာဝတီသို့ ပြောသည်။
ကိုးကန့်ဒေသတွင် မိုင်တိုင် ၁၂၅၊ မိုင်တိုင် ၁၃၇ နှင့် ခွန်အိုင် အစရှိသော စက်မှုဇုန် ၃ ခုကို တည်ဆောက်ရန် စီစဉ်ထားပြီး ရှေးဦးစွာ ၁၂၅ မိုင် စက်မှုဇုန်ကို စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
၁၂၅ မိုင် စက်မှုဇုန်ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ခရိုင်တခုဖြစ်သော လောက်ကိုင် ခရိုင်တွင် စတင် တည်ဆောက်နေပြီး ဧရိယာအားဖြင့် ၁၀၀၇ ဧက အကျယ်အဝန်းပေါ်တွင် တည်ဆောက်နေသည်။
“အခု လက်ရှိကတော့ အစိုးရကို တင်ပြထားတယ်။ ရင်းနှီးမြှုပ်နှံတဲ့ အပိုင်းက တရုတ်တခုတည်းကိုပဲ လုပ်ကိုင်ခိုင်းမှာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေနဲ့ ပြည်တွင်းက ဘယ်ရင်းနှီးမြှုပ်နှံလိုသူတွေ မဆို လာရောက်လုပ်ခွင့် ပေးမှာပါ” ဟု ဦးမြင်ရှောက်ချန်းက ပြောသည်။
အဆိုပါ ၁၂၅ မိုင် စက်မှုဇုန်သည် တရုတ် – မြန်မာ နယ်စပ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ ကျင့်ခိုင်၊ ကင်မ်မာ စသည့် ခရိုင် ၂ ခုနှင့် ကပ်လျှက်တွင် တည်ရှိနေကြောင်း တည်ဆောက်မှုမှာ လက်ရှိတွင် ပြည်နယ်အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကိုးကန့် တိုင်းရင်းသားပိုင် မန်လီပါး ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီဒေသမှာ ထွက်တဲ့ ပစ္စည်းတွေအတွက် ဒီမှာတင်ပြန်ပြီး ထုတ်ပိုးအဆင့်ဖြစ်အောင် လုပ်သွားမယ်။ ပြည်တွင်းကိုလည်း ဖြန့်မယ်၊ ပြည်ပကို ယူမယ်ဆိုရင်တော့ အခွန်ဆောင်ရမယ်။ ပြည်တွင်းသုံးဆို ဘာအခွန်မှမပေးရဘူး။ Duty Free သဘော” ဟု ဦးမြင်ရှောက်ချန်းက ဆိုသည်။
စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိတွင် ဆောက်လုပ်မည့် ဧက ၁၀၀၀ ကျော်၌ ဧက ၅၀၀ ခန့်မှာ မြေသားညှိခြင်းကို ပြီးစီးနေပြီ ဖြစ်ပြီး အဆိုပါ ဆောက်လုပ်မည့် နေရာတွင် မလွတ်ကင်းသည့် ဒေသခံပြည်သူများ၏ ကြံစိုက်ခင်းများနှင့် ပတ်သက်၍
ဒေသခံများ ဘက်မှ ကျေနပ်စေမည့် လျော်ကြေးငွေ ပေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
“စီမံကိန်းကြောင့် ရွာသား ၁၀၀ ကျော်ကို သူတို့ဧကအလိုက် လျော်ကြေး ပေးထားတယ်။ ၁ ဧကကို တရုတ်ယွမ် ၃၀၀၀၀ ဝန်းကျင် ပေးတယ်။ ရွာသားတွေက ကျေနပ်ကြပါတယ်။ ဒီမှာက တရုတ်ငွေပဲ သုံးတော့ ဒီအတိုင်းပဲ လျော်ပါတယ်” ဟု လောက်ကိုင် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်က ရှင်းပြသည်။
အဆိုပါ စက်မှုဇုန်တွင် လက်ဖက်ခြောက်ထုတ် စက်ရုံ၊ ကားပစ္စည်းစက်ရုံ၊ သစ်ကြားသီး စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ ကြံအခြေပြု အစားသောက်ထုတ် စက်ရုံ၊ စားသောက်ကုန် လုပ်ငန်းများလည်း ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။
“ဒေသ ဖွံ့ဖြိုးရေး အတွက် လုပ်တာပါ။ ဒီမှာ အစိုးရက ချမှတ်ထားတဲ့ ဥပဒေအတိုင်းပဲ လုပ်ခွင့်ပေးမှာပါ။ ရင်းနှီးမြှုပ်နှံ မှုမှာလည်း အစိုးရက ချမှတ်ထားတဲ့ မူအတိုင်း၊ ရင်းနှီးခွင့်အတိုင်း လုပ်မှာပါ။ ဒီမှာ ဘယ်သူမဆို လာရောက် ရင်းနှီးနိုင်ပါတယ်” ဟု ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေး ဦးစီးဌာနမှ အလုပ်အမှုဆောင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြင်ရှောက်ချန်းက ပြောသည်။
ထို့အပြင် အဆိုပါစက်မှုဇုန် ပြီးစီးပါက ကိုးကန့်ဒေသခံ ၂၀၀၀၀ ကျော် ခန့်ကို အလုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမှ လက်သင့်ခံရန် အစီအစဉ် မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဒေသခံ တချို့က တရုတ်မှာ အလုပ် သွားလုပ်တာတွေ ရှိတယ်။ ပြန်ပို့ခံရတယ်။ ဒီလိုတွေ မရှိသင့်တော့ဘူး။ အဲဒီမှာ အလုပ်လုပ်တာ ကိုးကန့်လူဦးရေ ၁ သောင်းကျော်လောက် ရှိတယ်။ နောက် ဒီကကြံတို့၊ လက်ဖက်တို့ကို တရုတ်က ဝယ်တယ်၊ နောက် ပြန်ထုတ်ပိုးပြီး ပြန်သွင်းတယ်။ ဒီလိုတွေ သေသေချာချာ စက်ရုံရှိနေရင် ကိုယ့်ဒေသက ပို အဆင်ပြေမယ်” ဟု ပြည်သူ့လွှတ်တော် အမတ် ဦးကျော်နီနိုင်က ဆိုသည်။
လက်ရှိ ကိုးကန့်၊ လောက်ကိုင် ခရိုင်တွင် ကြံ၊ လက်ဖက်၊ သစ်ကြားသီး၊ ရော်ဘာ စသည်တို့ အများဆုံး စိုက်ပျိုးလျှက် ရှိပြီး ထွက်ရှိသမျှ သီးနှံတိုင်းကို တရုတ်ဘက်မှ ဈေးပြတ်ပေးကာ ဝယ်ယူကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေး ၄ မျိုးမှာ ဒေသတွင်း စီးပွားရေး၏ ၇၀ ရာခိုင်နှုန်း ရှိသည်။