သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဆိုင်းငံ့ထားသည့် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ တရုတ် ကုမ္ပဏီ၏ လူမှုဘ၀ ဖွံ့ဖြိုးရေး ပူးပေါင်း တာဝန်ယူမှု ဆိုင်ရာ ညွန်းကိန်း(CSR) အစီရင်ခံစာ အသစ်ကို ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့(KDNG)က ယမန်နေ့ က ရှုတ်ချလိုက်ပြီး ထိုစီမံကိန်း ပြန်လည် စတင်ရန် ကြိုးပမ်းမှုကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားနိုင်သည်ဟု ပြောကြားလိုက်သည်။
နယ်မြေ ဒေသခံများကို ဦးဆောင်၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းထားသော တရုတ်၏ CSR
အစီရင်ခံစာကို အယုံအကြည် မရှိသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချရခြင်း ဖြစ်ကြောင်း KDNGအဖွဲ့မှ ကိုစာဂျီက ဧရာဝတီသို့ ပြောသည်။
“မြစ်ဆုံ စီမံကိန်းကို ရှေ့ဆက် လုပ်ဆောင်မယ်ဆိုရင် ရှိရင်းစွဲ ပြဿနာတွေ ပိုမိုကြီးထွားနိုင်တယ်၊ မြန်မာပြည်မှာ ဆူပူလှုပ်ရှားမှု တွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ဆိုသည်။
CSR အစီအရင်ခံစာထဲတွင် ဧရာဝတီ မြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်အတွက်သာမက မြန်မာ တနိုင်ငံလုံးအတွက်ပါ
အကျိုးရှိသော စီမံကိန်း တရပ်ဖြစ်သည်ဟု ဖော်ပြထားကြောင်းလည်း သိရသည်။
အဆိုပါ CSR အစီရင်ခံစာကို တရုတ်နိုင်ငံပိုင် China Power Investment (CPI) ကုမ္ပဏီနှင့် ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) တို့ ပူးပေါင်းပြီး ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
“လူမှုဘ၀ တိုးတက် ဖွံ့ဖြိုးမှုကို၊ မြန်မာပြည်သားတွေရဲ့ ကံကြမ္မာကို တရုတ်ကုမ္ပဏီက ဟန်ပြစေတနာနဲ့ ကျနော်တို့ကို ဆုံးဖြတ်ပေး စရာ မလိုဘူး”ဟု ကိုစာဂျီက ဆက်ပြောသည်။
ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ခြင်း မဟုတ်ဘဲ လုံး၀ ရပ်ဆိုင်းသွားသည်အထိ ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း ကိုစာဂျီက ပြောဆိုသည်။
တရုတ် အစိုးရက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပါအဝင် တခြား ဆည် ၇ ခု တည်ဆောက် ရန်စီစဉ်ထားကြောင်း သိရသည်။
တရုတ် လျှပ်စစ်စွမ်းအား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) ကုမ္ပဏီ မန်နေဂျာချုပ် လီကွမ်ဟာက ဧရာဝတီ မြစ်ပေါ်တွင် တည် ဆောက်မည့် စီမံကိန်းသည် လုံး၀ လုံခြုံစိတ်ချမှုရှိပြီး နိုင်ငံ တကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်သည့် နာမည်ရ ကုမ္ပဏီ ၅၀၀ အမည် စာရင်းတွင် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ကြီးမားနေသဖြင့် မြစ်ဆုံ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ယမန်နေ့က ထုတ်ပြန်သည့် KDNG ကြေညာချက်တွင် မလီဇွပ်(မြစ်ဆုံ) သည် ထူးခြား ဆန်းကြယ်လှပသည့် ကချင်လူမျိုးများ၏ မွေးရပ်မြေ ဖြစ်သည့် အပြင် မြန်မာနိုင်ငံရှိ ပြည်သူ တရပ်လုံးအတွက် အရေးပါသည့် ပြယုဂ်တခု ဖြစ်ပြီး မိမိတို့ ပြည်သူများ တန်ဖိုး ထားသော မြစ်ဆုံ နေရာအား တရုတ် လျှပ်စစ် စွမ်းအား တင်ပို့ရေး စီမံကိန်းနှင့် ကိုက်ညီသည့် ပုံစံသို့ အသစ်ပြောင်းလဲ ဖန်တီးခြင်း မှာ လုံး၀ လက်ခံနိုင်စရာ အခြေအနေမရှိကြောင်း ရေးသားထားသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းတချို့ကို တရုတ်နိုင်ငံပိုင် China Power Investment (CPI) ကုမ္မဏီ ဝန်ထမ်းများက လုပ်ကိုင်နေပြီ ဖြစ်ကြောင်း ကိုစာဂျီက ပြောပြသည်။
မြစ်ဆုံ စီမံကိန်း အတွက် လမ်းပန်းဆက်သွယ်ရေးအရ မြစ်ကူးတံတားတစင်း တည်ဆောက်ရန် ယာယီကြိုးတံတား တစင်း ပြုလုပ် နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား အလွှာ အသီးသီးက ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော ကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးများမှ တဆင့် သမ္မတ ဦးသိန်းစိန် က စီမံကိန်းကို လက်ရှိ အစိုးရသက်တမ်း အတွင်း ဆက်လက် အကောင်အထည်ဖော်ခြင်း မပြုဘဲ ဆိုင်းငံ့မည်ဟု ကြေညာခဲ့သည်။
မြစ်ဆုံဆည်စီမံကိန်းအတွက် ၂၀၀၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင်၍ စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ် ရှိ ရေကာတာ စီမံကိန်းများ အတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါ စီမံကိန်းမှ ရေ အား လျှပ်စစ် မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည်ဖြစ်ကာ အများစုကို တရုတ်နိုင်က ရယူမည် ဖြစ်ကြောင်း သိရသည်။