သမ္မတ ဦးသိန်းစိန်က လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဝန်ထမ်းလစာများကို ကျပ် ၂၀၀၀၀ တိုး၍ ပင်စင်လစာများကို အချိုးကျတိုးမြှင့်ရန် စီစဉ်နေခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိမ့်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။
နေပြည်တော်တွင် ဇန်နဝါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ပြီး ဝန်ထမ်းလစာများ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဦးသိန်းစိန်က ထုတ်ပြန် ပြောဆိုခြင်းဖြစ်သည်။
အစိုးရဝန်ထမ်း လစာသည် လက်ရှိ စားဝတ်နေရေး စရိတ်များနှင့် နှိုင်းယှဉ်လျှင် နိမ့်နေပြီး ယခုတိုးမြှင့်သည့် နှုန်းထားထက်ပင် ပိုမို ပေးသင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဧရာဝတီကို ပြောသည်။
“ဒါက ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကတည်းက သမ္မတ ကတိပေးပြီးသား ကိစ္စကို အကောင်အထည်ဖော်ဖို့ လုပ်တာပါ။ ပြီးခဲ့တဲ့နှစ်မှာ အစိုးရက ဝန်ထမ်းလခ မတိုးခဲ့တာကို လွှတ်တော်ကနေတောင် မဖြစ်မနေ တိုးသွားအောင် လုပ်ခဲ့ရသေးတာ။ အထူးသဖြင့် ပညာရေး ဝန်ထမ်းတွေမှာဆို လိုအပ်နေတာ အများကြီးပါ”ဟု ၎င်းက ဆိုသည်။
အစိုးရက ဝန်ထမ်းလစာတိုးမြှင့်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ဝန်ထမ်းများအကြား အမြစ်တွယ်ပြီး အလေ့အထတခု သဖွယ်ဖြစ်နေသည့် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကိုမူ ထိရောက်စွာ ကိုင်တွယ်ခြင်းမရှိသေးကြောင်း၊ လစာတိုးမြှင့်ပေးသည့်ကြား မှ ဆက်လက် ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးများ ဖြစ်နေဦး မည်ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ဝန်ထမ်းလစာတိုးမြှင့်မှုများ ဆောင်ရွက်သော်လည်း ပုဂ္ဂလိ ဝန်ထမ်းများအတွက် တစုံတရာဆောင် ရွက်ပေးခြင်း မရှိသေးကြောင်း၊ အစိုးရဝန်ထမ်း လစာတိုးမြှင့်မှုကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ဗျူဟာအဖြစ် အသုံးချမည် ကို စိုးရိမ်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြော သည်။
“အစိုးရဝန်ထမ်း လစာတိုးပေးမယ့် အစီအစဉ်က ကိုယ့်အမြင်တော့ အတည်ဖြစ်သွားမယ်လို့ မြင်တယ်။ ဒါပေမယ့်လည်း အစိုးရ ဝန်ထမ်းတွေချည်းပဲ လစာတိုးနေတာ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ အတွက်ရော ဘယ်လို ထည့်စဉ်းစားမလဲ။ အစိုးရ ဝန်ထမ်းလစာ တိုး လို့ ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်း တက်တာတွေကို ပြည်သူလူထုက ခါးစည်းခံရမှာ။ အစိုးရ သုံးတဲ့ငွေတွေဆိုတာ ပြည်သူ့ငွေတွေပဲ လေ။ စာရင်းစစ်တွေ၊ လုပ်ငန်းစစ်တွေ တင်ပြတဲ့ စာရွက်တွေလောက်ပဲ လွှတ်တော်ကိုယ်စားလှယ်က ကြည့်နေကြရတာ။ အသေး စိတ် ဘာမှစစ်ဆေးလို့မရတော့ ကျနော်တို့ တာဝန်မကျေဘူး။ အစိုးရပေးတာကိုပဲ ကြည့်ပြီး အတည်ပြုလိုက်ရသလို ဖြစ်နေတယ်” ဟုလည်း ဦးဖုန်းမြင့်အောင် က ဆိုသည်။
လက်ရှိ အစိုးရတွင် ဝန်ကြီးနှင့်ဒုဝန်ကြီး အရေအတွက် ဖောင်းပွနေသကဲ့သို့ အစိုးရဝန်ထမ်း အရေအတွက်မှာလည်း များပြားလှကြောင်း၊ လစာတိုးမြှင့်မှုကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမြဲထမ်းရွက်ရမည့် ဝန်ထုပ်ဝန်ပိုးများဖြစ်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
စီးပွားရေးပညာရှင်တချို့ကမူ သမ္မတ ဦးသိန်းစိန်၏ ဝန်ထမ်းလစာတိုးမြှင့်မှု အစီအစဉ်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ အစိုးရတွင် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်မည့် တိကျခိုင်မာသော မူဝါဒရှိရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။
စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ ရေးသားနေသော စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက အစိုးရဝန်ထမ်း လစာတိုးမြှင့်မှုကြောင့် ပြည်သူများ၏ လူနေမှုဘဝအပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း သုံးသပ် ပြော ဆိုသည်။
“ဒီသတင်းတွေကြောင့် လက်လီ ကုန်ဈေးနှုန်းတွေ တက်မတက်၊ နိုင်ငံခြားငွေလဲနှုန်းတွေ တက်မတက်ကို အဓိက စောင့်ကြည့်ရ မယ်။ GDP (ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး)တက်တယ် ဆိုရာမှာ ဘယ်နေရာက ရလာတဲ့ဝင်ငွေဆိုတာ ပြန်ကြည့်ရ မယ်။ သဘာဝဓာတ်ငွေ့ ကနေရတဲ့ ငွေတွေနဲ့ နိုင်ငံသားတွေကို အချိုးချပြီးမှ တက်လာတယ်ဆိုရင် တိုးတက်တာရဲ့ အကျိုးသက်ရောက်မှုကို ပြည်သူတွေ တကယ် ခံစားရမလားကို စဉ်းစားရမယ်။ လူများစု တကယ်လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေဘက်ကနေ ရတဲ့ဝင်ငွေဆိုမှသာ လူအများစု ခံစားရမှာ”ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ရာခိုင်နှုန်းကျော်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသော်လည်း ထပ်မံမြင့် တက်ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှုနှုန်းအတွက် ယခုအချိန်ကတည်းက အစိုးရက ပြင်ဆင်ထားသင့်သည်ဟုလည်း ဒေါက်တာ အောင်ကိုကို က ပြောဆိုသည်။
သမ္မတဦးသိန်းစိန်ကမူ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကို တိုးမြှင့်ပေးရန် လျာထားချက်သည် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေ အနေ၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ စီးပွားရေး တိုးတက်လာမည့် အလားအလာနှင့် ဖြစ်ပေါ်ရိုက်ခတ် လာနိုင်မည့် အကျိုးသက်ရောက်မှုတို့ကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကိုလည်း အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန်ရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
လတ်တလော စိစစ်ပြီး စာရင်းများအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိပြီး လိုငွေမှာ ကျပ် ၂၇၅၀၆၄၅ ဘီလီယံဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။