မွန်ပြည်နယ်တွင် အစိုးရ စစ်သားတဦးက အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တဦးအား အဓမ္မ ပြုကျင့်သည်ဆိုသော စွပ်စွဲ မှုကို တပ်မတော်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် တဦးကို ခြေလျင်တပ်ရင်း (ခလရ) ၃၁ မှ တပ် သား တဦးက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နေအိမ်၌ မိဘများမရှိခိုက် တပ်တွင် အသုံးပြုရန် အမိုး သက်ငယ် လာယူစဉ် အလို မတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်ခံရသော မိန်းကလေးကို ကျေးရွာလူကြီးတဦးက တွေ့ရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
“သူ့လက်ကို ကြိုးနဲ့ချည်ပြီး မတရားပြုကျင့်ခံခဲ့ရတယ်လို့ မိန်းကလေးက ကျနော့်ကိုပြောပါတယ်”ဟု အဆိုပါ ကျေးရွာလူကြီးက ဧရာဝတီ သို့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြောဆိုပြီး ၎င်း၏အမည်ကို ဖော်ထုတ်ရေးသားခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။
လတ်တလောတွင် အဓမ္မပြုကျင့်ခံရသော မိန်းကလေးငယ်ကို စစ်ဆေးထားသော ဆေးစစ်ချက် အဖြေများအရ မိန်းကလေးငယ် သည် အမှန်တကယ်ပင် မတရားပြုကျင့်ခံရသည်ဆိုသော အဖြေရရှိထားကြောင်း သိရှိရသည်။
၁၃ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုအပေါ် မိသားစုက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားခဲ့ပြီး ခလရ ၃၁ တပ်ရင်းက မိန်းကလေးငယ်၏ မိဘများကို ရေငုံနှုတ်ပိတ်နေရန် ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ပြီး လျော်ကြေးငွေ ကျပ် ၅ သိန်း ပေးခဲ့ကြောင်း အဆိုပါ ကျေးရွာ လူကြီးက ပြောပြသည်။
မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီကလည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ထံသို့ ကန့်ကွက် တိုင်ကြားစာ ပေးပို့ထားကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အရှေ့တောင်ပိုင်းစစ်ဌာနချုပ်က ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ပြု လုပ်နေသည်ဟု သိရှိရကြောင်း မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ နိုင်ကျည်ဆန်ကလည်း ပြောသည်။
“ဒီအမှုကို စစ်ဆေးဖို့ အတွက် စစ်ဦးစီးမှူး(ပထမတန်း) ရေးတောင်ပိုင်းကို သွားနေပြီလို့ ကျနော်တို့ကြားရပါတယ်”ဟု သူက ဆို သည်။
မွန်ပြည်နယ် ခေါဇာ မြို့နယ်ခွဲတွင် ၁၅ နှစ်ကာလအတွင်း အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့အပါအဝင် ဒေသခံအာဏာပိုင်များက လိင်ပိုင်း ဆိုင်ရာ စော်ကားမှု ၁၂၇ မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခြင်းများရှိပြီး အဓမ္မမှုကျူးလွန်သည့် တပ်မတော်မှ ဗိုလ်မှူးကြီး တဦးသာလျှင် အရေးယူခံခဲ့ရကြောင်း မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ထံမှ သိရှိရသည်။
အလားတူ နယ်စပ်ဒေသများတွင် တိုင်းရင်းသားအမျိုးသမီးများကို သားမယားအဖြစ် မတရားပြုကျင့်သည့် သတင်းများ မကြာခဏ ဆိုသကဲ့သို့ ထွက်ပေါ်လေ့ရှိပြီး တိုင်းရင်းသား အမျိုးသမီးများသည် အစိုးရစစ်သားများ၏ အဓမ္မပြုကျင့်မှုကိုသာမက တိုင်းရင်းသား လက်နက်ကိုင် တပ်သားများ၏ အဓမ္မပြုကျင့်မှုကိုလည်း မကြာခဏဆိုသလို ရင်ဆိုင်နေကြရသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုကြသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်နေပြီး အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိထားသော်လည်း အစိုးရစစ်တပ်သည် ၎င်း၏ အလေ့အထများကို ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း မွန် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။
မွန်ပြည်သစ်ပါတီက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် တိုက်ပွဲများ အလွန်နည်းပါးသွားသော်လည်း သဘာ၀ အရင်းအမြစ် ကြွယ်ဝသည့် မွန်ပြည်နယ်တွင် ဖွံ့ဖြိုးရေး စီမံကိန်းများလုံခြုံရေးကို အကြောင်းပြု၍ အစိုးရ စစ်တပ်များ တပ်စွဲထားသည့် နေရာများတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုသတင်းများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။
“အသက်ငယ်ရွယ်တဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်သူတွေကို ကြီးလေးတဲ့ အပြစ်ပေးသင့်ပါတယ်”ဟု မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း လူ့အခွင့်အရေး မှတ်တမ်းဌာနမှ ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်အဲမွန် ကပြောသည်။
၎င်းက ဆက်လက်ပြီး“ဒီလို ပြစ်မှုမျိုး ကျူးလွန်တဲ့သူတွေကို အရေးယူမှုကနေ ကင်းလွတ်ခွင့် မပေးသင့်ပါဘူး။ ကင်းလွတ်ခွင့် ပေး ထားမယ် ဆိုရင် အစဉ်အလာတခုလိုဖြစ်သွားပြီး စစ်တပ်က လိင်အကြမ်းဖက်မှုတွေ ပိုလုပ်လာအောင် ခွင့်ပြုလိုက်သလို ဖြစ်သွားပါမယ်”ဟုလည်း ပြောဆိုသည်။
ထို့အပြင် ယခု ကျူးလွန်မှုကို ကင်းလွတ်ခွင့် ပေးလိုက်ပါက တပ်မတော်နှင့် အရပ်သားကြား၊ တပ်မတော်နှင့် တိုင်းရင်းသားများကြား ယုံကြည်မှု တည်ဆောက်ရေးတွင် အခက်အခဲ ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် လက်နက်ကိုင် တပ်ဖွဲ့များက အရပ်သားများအပေါ် ထိုသို့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သတင်းများ ဆက်လက်ထွက်ပေါ်နေခြင်းသည် အရေးတယူ ဖြေရှင်းရမည့် ပြဿနာတရပ် ဖြစ်နေကြောင်း လေ့လာသူများက ပြောဆိုကြသည်။