ဒုတိယ ကမ္ဘာစစ်ပြီးချိန်မှ စတင်၍ ရပ်တန့်နေခဲ့သည့် ရန်ကုန်တိုင်း အလုံမြို့နယ် အထက(၄) ကျောင်းရှိ ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သော သက်တမ်း ၁၀၀ ကျော် Cushing Clock Tower နာရီစင်ကြီးကို ပြန်လည်ပြုပြင် ဖွင့်လှစ်လိုက်သည်။
၁၉၁၃ ခုနှစ်တွင် အမေရိကန်နှင့် မြန်မာပြည်သူများ စုပေါင်း တည်ဆောက်ခဲ့သည့် ထိုနာရီစင်ကြီးကို အငြိမ်းစား ကျောင်းအုပ် ဆရာမကြီး ဒေါ်သက်သက်စံနှင့် လက်ရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခိုင်ခိုင်သန်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ လက်ရှိ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၆ ရက်က ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်သည်။
“ဒီနာရီစင်ကြီးက ၁၅ မိနစ်တခါ ခေါင်းလောင်း ထိုးပေးတယ်။ ဒီနာရီစင်ကြီးက နေမကောင်းဖြစ်နေတာ နှစ်ပေါင်း ၅၀ ကြာပြီ၊ အခုလိုပြုပြင်လိုက်တော့ လူတယောက် ပြန်ပြီးတော့ ကျန်းမာရေး ကောင်းသွားသလိုပေါ့။ ဝမ်းသာ ဂုဏ်ယူမိပါတယ်”ဟု အလုံ အထက (၄) ကျောင်းသားဟောင်း အငြိမ်းစား ကျောင်းအုပ်ကြီးတဦးလည်း ဖြစ်သည့် ဦးဖြူဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးဖြူဝင်းသည် ၁၉၅၈-၁၉၇၀ ခုနှစ်အထိ တက်ရောက် ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်း တဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ Don Bosco Vocational Tranning School နှင့် Prospect Burma ကျောင်း မှ အငြိမ်းစား ကျောင်းအုပ်ကြီး ဖြစ်သည်။
ထိုနာရီစင်ကြီးသည် ၁၉၁၃-၁၇ ခုနှစ်တွင် ဆရာကြီး ယုဒသန်ကို ရည်မှန်း၍ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်တပ်များ နာရီစင် ပေါ်တွင် စခန်းချခြင်း၊ ကင်းစောင့်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လောကဓံကို ခံစားခဲ့ရကြောင်း သူက ရှင်းပြသည်။
ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၁၉၆၃ ခုနှစ်အထိ အလုပ်မလုပ်ဘဲ ရပ်တန့်နေခဲ့ကြောင်း၊ ထိုနာရီစင်ကြီးကို ထိန်းသိမ်းရသည့် မစ္စတာ စမစ်သည် နာရီစင် လှေကားမှာပင် ကွယ်လွန်သွားခဲ့ပြီး ၁၉၇၀ ဝန်းကျင်တွင် နာရီလည်ပတ်မှု လုံးဝရပ်တန့် သွားခဲ့ကြောင်း သိရ သည်။
အထက (၄) အလုံ ကျောင်းဝင်းအတွင်းရှိ နာရီစင်ကြီးသည် အဒိုနာရမ်ဂျပ်ဆင်(ခေါ်) ဆရာယုဒသန် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး ပြည်ပသာသနာပြုအဖြစ် ကွန်ဂရက် ဂေးရှင်းနယ်လစ် အသင်း၏ အထောက်အပံ့ဖြင့် ထွက်ခွာလာရာ အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ရောက်ရှိပြီး နယ်နှင်ဒဏ် ပေးခံရရာမှ မြန်မာမင်းများ လက်ထက် ၁၈၁၃ ခု ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုအကြောင်းအရာကို သိရှိသောသူများက ၁၉၁၃ ခု ဇူလိုင် ၁၃ ရက်တွင် ဆရာယုဒသန် ရောက်ရှိခြင်း နှစ် ၁၀၀ ပြည့် အခမ်း အနား ကျင်းပရာ မြန်မာ တိုင်းရင်းသားများနှင့် အမေရိကန်များ ပူးပေါင်း ပါဝင်ခဲ့သည်။
အခမ်းအနားတွင် အမေရိကန်ပြည်သား ဒေါက်တာ ကာမင်ကိုးလ်စ်က ဤရာပြည့်နာရီစင်အား တည်ဆောက်ရန် စိတ်ကူးရ သည့်အတွက် တင်ပြခဲ့ရာ မြန်မာပြည်ရှိ နှစ်ခြင်းသာသနာပြု အဖွဲ့ချုပ်၌ ရန်ပုံငွေ မလုံလောက်သော ကာလဖြစ်နေ၍ ခွင့်ပြုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော် စေတနာထက်သန်သူများ ၏ ကြိုးပမ်းချက်များ ရှိသဖြင့် နှစ်ခြင်းသာသနာ ဌာနချုပ်လည်း ပါဝင်လာပြီး သမိုင်းဝင် နာရီစင်ကြီး ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဆရာယုဒသန် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့သေးသည်။
နာရီစင်ကြီးကို မူလက ရန်ကုန်မြစ် ဆိပ်ကမ်းတွင် ထားရှိရန် ဆန္ဒရှိသော်လည်း အင်္ဂလိပ်ဆိပ်ကမ်း အုပ်ချုပ်ရေးဌာနက ခွင့်မပြုသောကြောင့် ထိုအကြံကို စွန့်လွှတ်ပြီး ကန်တော်ကြီးထဲ၌ ထားရန် စီစဉ်ရာတွင်လည်း ရန်ကုန်မြူနီပါစပါယ် အဖွဲ့သို့ တင်ပြရာ လက် မခံခဲ့ပေ။
ထို့နောက် ထိုခေတ်အခါက အခေါ်အဝေါ် ကူရှင်ကျောင်း (ယခု အ.ထ.က (၄) အလုံ) ကျောင်းဝင်းထဲတွင် နေရာချ တည်ဆောက် ရာ ပထမကမ္ဘာစစ်နှင့် ကြုံကြိုက်သောကြောင့် အမေရိကန်မှ ပေးပို့သော အလှူရှင်များ၏ ဆောက်လုပ်ရေး ပစ္စည်းများ ပင်လယ်ထဲ တွင် နစ်မြုတ်ပျောက်ဆုံးခဲ့သည်။
ထို ပေးပို့လာသည်များထဲမှ အကောင်းပကတိ ရောက်ရှိသော ခေါင်းလောင်း ၄ လုံးအနက် အကြီးဆုံး ခေါင်းလောင်းမှာ တန် တဝက် ဖြစ်ပြီး ကျန်ခေါင်းလောင်း ၃ လုံး၏ စုစုပေါင်း အလေးချိန်မှာလည်း တန်တဝက် လေးသောကြောင့် နာရီစင်တွင် အသုံးပြုထားသည့် ခေါင်းလောင်း ၄ လုံး၏ စုစုပေါင်း အလေးချိန်မှာ ၁ တန် ဖြစ်ကြောင်း သိရသည်။
နာရီစင်ကြီး၏ အလှအပနှင့် ပြီးပြည့်စုံခြင်းကို ၁၉၁၇ ခုနှစ်တွင် အပြီးသတ်ခဲ့ကြောင်း အဆိုပါ ကျောင်းတော်ကြီး၏ နာရီစင်(သို့မဟုတ်) ဂျပ်ဆင်ရာပြည့် နာရီစင်၏ သမိုင်းအကျဉ်းတွင် ဖော်ပြထားသည်။