ကျပ် ၃၃ ဘီလီယံကို မြို့နယ်ပေါင်း ၃၃၀ အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်က ချထားပေးသော်လည်း အတိုက်အခံပါတီ အနိုင်ရရှိသော နေရာများနှင့် တိုင်းရင်းသားဒေသ တချို့တွင် အုပ်ချုပ်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် လုပ်ငန်းများ နှောင့်နှေးနေရသည်ဟု လွှတ်တော် အသိုင်းအဝိုင်းမှ သိရသည်။
ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသော လွှတ်တော် လုပ်ငန်းစဉ်များကို အုပ်ချုပ်ရေးပိုင်းမှ ဝင်ရောက် မကူညီရန် အစိုးရက ညွှန်ကြားထားသည့် ပုံစံရှိသည့်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ မဆောင်ရွက်နိုင်ဘဲ၊ လူထု နစ်နာလျှက်ရှိသည်ဟု လွှတ်တော်တွင်းရှိ အတိုက်အခံနှင့် တိုင်းရင်းသား အမတ်များက ဧရာဝတီသို့ ပြောသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို့၏ ဦးဆောင်မှုဖြင့် ဒေသအာဏာပိုင်များက ဖွဲ့စည်းပေးထားသော မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ စီမံခန့်ခွဲရေး အဖွဲ့၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့က ပူးပေါင်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း လွှတ်တော်က ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။
ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ သက်ဆိုင်ရာ မြို့နယ်မှ ဒု – အုပ်ချုပ်ရေးမှူး ၁ ဦး၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီမှ ၃ ဦးတို့ပူးပေါင်း၍ လုပ်ငန်းများ လည်ပတ်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုနှင့် တိုက်ရိုက်ထိတွေ့ပြီး ဘတ်ဂျက်ငွေကို သေချာစွာ စိစစ် ဆောင်ရွက်ရန် စီစဉ်နေသော်လည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပူးပေါင်းလိုခြင်း မရှိသည်ကို တွေ့ရကြောင်း သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်က ပြောသည်။
“ကျနော်တို့က ကျောင်းတွေအတွက် လိုအပ်တာတွေ ကူဖို့လုပ်ပြီးပြီ။ မီးကြိုးတွေက လုံးဝမကောင်းလို့ ကလေးတွေအတွက် အန္တရာယ် ရှိနေတယ်။ အဲဒါကို မြို့နယ်ပညာရေးမှူးက လိုက်ဖျက်နေတဲ့ သဘောရှိတယ်။ ကျနော်တို့ ချက်ချင်းလုပ်ပေးမှာကို ဆရာ၊ ဆရာမတွေ လက်မခံအောင် ပညာရေးမှူးက လိုက်ပြောနေတယ်လို့ ကျနော်သတင်း ရထားတယ်။ ကျနော်တို့
မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောပြီးပြီ။ မရရင် ပညာရေးဝန်ကြီးကို တိုင်မယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။
နေပြည်တော် ဒေသတွင်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အစည်းအဝေးခေါ်ယူရာ မြို့နယ်အဆင့် အာဏာပိုင် များနှင့် သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီတို့မှာ အကြောင်းအမျိုးမျိုးပြ ရှောင်တိမ်း နေသောကြောင့် အစည်းအဝေးပင် မခေါ်ယူနိုင်သေးကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးမင်းသူထံမှ သိရသည်။
“အခုဖွဲ့ထားတဲ့ အထောက်အကူပြု ကော်မတီတွေကလည်း လူထုကရွေးထားတာ မဟုတ်ဘူး။ ဆွေးနွေးဖို့ ခေါ်ရင်လည်း အကြောင်း အမျိုးမျိုးပြ မလာတော့ ဒေသခံတွေတင်ပြတဲ့ လိုအပ်ချက်တွေကို စာရင်း မတင်နိုင်သေးဘူး။ မြို့နယ် အာဏာပိုင် တွေက ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိဘူး။ အခု ဒီကိစ္စတွေကို လွှတ်တော်ကော်မတီကို ပြန်တင်ပြဖို့ လုပ်နေတယ်” ဟု
သူက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် များသည် မိမိအလုပ် မိမိမလုပ်ဘဲ အစိုးရကိစ္စကို ဝင်လုပ်နေသည်ဟု အုပ်ချုပ်ရေးပိုင်းက ယူဆသည့် အတွက် လွှတ်တော်ကိုယ်စားလှယ်များ မည်မျှ အလုပ်လုပ်နိုင်သည်ကို အစိုးရက စောင့်ကြည့်လျှက် ရှိသည်ဟု ကြားသိထားကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် များသည် ပြည်သူလူထုနှင့် နီးစပ်မှု ရှိသည့်အတွက် အလုပ် မမှားနိုင်ကြောင်း ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ဆိုသည်။
“ဒီမှာလည်း အစိုးရရဲ့ ပူးပေါင်းမှုက အားနည်းတယ်။ ဆိပ်ခံတံတားတွေ ဆောက်ဖို့ဟာ အခုအချိန်ထိ မပြတ်သေးဘူး။ ကျနော်က မနက်ဖြန်ပြီးရင် လွှတ်တော် ပြန်တက်ရတော့မှာ။ ဒီလိုသာ ကြံ့ခိုင်ရေးအမတ်တွေနဲ့ အတိုက်အခံ အမတ်တွေ သူ့ဘက် ကိုယ့်ဘက် လုနေရင်တော့ ပြည်သူတွေပဲ နာမှာ” ဟု ၎င်းက ဆက်ပြောသည်။
အတိုက်အခံပါတီမှ အမတ်များနှင့် တိုင်းရင်းသားအမတ် အများစုမှာ ယနေ့အချိန်အထိ ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတထောင် မရရှိသေးသော်လည်း အာဏာရ ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစုမှာမူ ရန်ပုံငွေများ ရရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
“ကျနော်ကတော့ သိန်းတထောင်ရလို့ လုပ်ငန်း ၂၄ ခုလောက် ရှိတာ၊ ၄ ခုတောင် ပြီးသွားပြီ။ ကျနော်တို့ ပိုက်ဆံရမယ် ဆိုကတည်းက ဒီမှာ ကြိုပြင်ထားပြီးတော့ အပတ်တိုင်း အစည်းအဝေး ခေါ်တယ်။ အားလုံး ပူးပေါင်းကြတယ်။ ဘတ်ဂျက် ကလည်း တင်ပြီး တပတ်အတွင်း ကျလာတာပဲ။ တချို့နေရာ လေးတွေမှာ နောက်ကျနေတာ ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ ဖြစ်မယ်” ဟု ကြံ့ခိုင်ရေး ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးတင်မောင်ဝင်းက ပြောသည်။
သင်္ဃန်းကျွန်း မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်နေရာ အနိုင်မရရှိခဲ့ဘဲ မိမိတို့ ပါတီမှ
အမတ်များသာ ရှိသောကြောင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်မပြေ ဖြစ်နေကြောင်း၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှာလည်း ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အပြီးသတ် လုပ်ဆောင် ပေးခဲ့သော်လည်း ယနေ့ချိန်အထိ အပြီးမသတ်နိုင်သေးကြောင်း
၎င်းမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်က ဆိုသည်။
“အုပ်ချုပ်ရေး အာဏာပိုင်တွေက ကြံ့ခိုင်ရေးပါတီက လူတယောက်ကို မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှာ ဥက္ကဋ္ဌ ခန့်ထားတယ်။ အဲဒီတော့ ကျနော်တို့နဲ့ လူထု တိုက်ရိုက်ထိတွေ့ပြီး ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို ဆက်လုပ်ဖို့မှာ ကျနော့်ဘက်က ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ပြီးပြီ။ အခုထက်ထိ ကျနော် လက်မှတ်ထိုးလို့ ရအောင် သူတို့တွေဆီက တင်မလာသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
မြောက်ဒဂုံမြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးကျော်အေးကမူ “ကျနော်တို့ ဆီမှာတော့ အဆင်ပြေတယ်။ လွှတ်တော်အမတ်တွေ မှာလည်း အိုင်ဒီယာတွေ ရှိတယ်။ ကျနော်တို့ ဖြစ်ချင်တာနဲ့ ပေါင်းစပ်ရတာပေါ့။ အခု လွှတ်တော်ကို စာရင်းပြုစုပြီး ပြန်တင်ပေးလိုက်ပြီ” ဟု ဆိုသည်။
ပြည်သူလူထု လိုအပ်ချက်ရှိသော နေရာများကို တိုက်ရိုက်ပံ့ပိုး ကူညီသည့်အတွက် သဘောကျပြီး လာမည့်အပတ်တွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတထောင် ရရှိတော့မည်ဟု မျှော်လင့်ထားကြောင်း ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးအောင်မိုးဦးထံမှ သိရသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရရှိလာမည့် ငွေကြေးမှာ နိုင်ငံတော် စီမံကိန်းများတွင် အသုံးပြုမည့် ငွေကြေးများကို လွှတ်တော်က စိစစ်လျှော့ပေါ့ ဖြတ်တောက်၍ ပိုငွေကို အသုံးပြုခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသော်လည်း လွှတ်တော် ဘတ်ဂျက် လျာထား သုံးစွဲမှုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ရန်လိုကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်သည် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ရန်ပုံငွေ သီးခြားသုံးစွဲခွင့် ရှိသည်ဆိုသော အချက် ပါဝင်ကြောင်း၊ ၎င်းအချက်ကို သမ္မတရုံးမှ သဘော မတူခဲ့သောကြောင့် သမ္မတ လက်မှတ်မထိုးဘဲ အတည်ပြုထားသော ဥပဒေများ ဖြစ်ကြောင်း သိရသည်။