မြန်မာနိုင်ငံတွင် နှစ်စဉ် ပြုလုပ်လျက်ရှိသည့် ကျန်းမာရေး သုတေသနဆိုင်ရာ ညီလာခံ၌ သုတေသန စာတမ်းများအား ယခင် အစိုးရ အုပ်ချုပ်စဉ် ကာလများထက် လွတ်လပ်စွာ တင်သွင်းခွင့် ပြုလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုဇော်က ပြောသည်။
ယခင်အစိုးရ လက်ထက်က ပြင်ပညာရှင်များ၏ သုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိချက်များ တင်သွင်းမှုများကို ပိတ်ပင် တားမြစ်ခြင်း၊ ကန့်သတ်ချက်များ သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သုတေသနများကိုသာ တင်သွင်းခွင့် ပြုခဲ့ရာမှ ယခု အချိန်တွင် လူမျိုးရေး၊ ဘာသာရေး ထိခိုက်စေနိုင်သည့် လေ့လာတွေ့ရှိ ချက်များမှ လွဲ၍ လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားကြောင်း လည်း ၎င်းက ပြောဆိုသည်။
ထိုကဲ့သို့ ပြောင်းလဲလိုက်သော မူဝါဒကြောင့် ဝန်ကြီးဌာနမှ ပညာရှင်များအပြင်၊ NGO အဖွဲ့အစည်းများ၊ အငြိမ်းစား ပညာရှင်များ၊ ပြင်ပမှ ကျွမ်းကျင် ပညာရှင်များနှင့် နယ်ပယ် အသီးသီးမှ ပညာရှင် များစွာလည်း မိမိတို့၏ သုတေသန တွေ့ရှိချက်များအား တင်သွင်းခွင့် ရရှိလာခဲ့ကြောင်း သိရသည်။
“နိုင်ငံရေးနဲ့ အခြေအနေအရ သုတေသန စာတမ်းတင်တာကို ပိတ်ခဲ့တာတွေ ရှိတယ်။ အခုနောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး၊ တွေကိုအရမ်းကြီး ထိခိုက်လာနိုင်တဲ့ အရာကလွဲလို့ ကျန်တာ တင်ခွင့်ပြုထားတယ်။ တကယ်လည်း လွတ်လွတ်လပ်လပ် ရှိပြီး သုတေသန လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ထားတဲ့ စာတမ်းတွေကို တင်ပေးတယ်”ဟု ဒေါက်တာ ကိုကိုဇော်က ပြောသည်။
ထိုသို့ တင်သွင်းခွင့်ပြုရန် သတ်မှတ်ချက် ပုံစံဖောင်များ ဖြည့်စွက်ရပြီး ယင်းအချက်များနှင့် ကိုက်ညီပါက ခွင့်ပြုရန် ကနဦးအဆင့် ထည့်သွင်းစဉ်းစားကာ စာတမ်း အကျဉ်းချုပ်ကို တင်ရကြောင်း သူက ရှင်းပြသည်။
“နောက်တော့ Full Paper တင်ခိုင်းတယ်ပေါ့။ ဒါကို အကယ်ဒမစ် ကော်မတီအဖွဲ့က တင်သွင်း ခွင့်ပြုပါတယ်ဆိုရင် ပေးတင်ပါတယ်။ အများစုကတော့ တင်ရတာများတယ်”ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။
အချက်အလက် ပြည့်စုံမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိခြင်း၊ Full Paper(အပြည့်အစုံ) မတင်ပြခြင်း စသည့် စာတမ်းများကို မရွေးချယ်ကြောင်းလည်း သိရသည်။
ပညာရှင်များက သုတေသန ပြုလုပ်ချက်များ တင်သွင်းရာတွင် မိမိနှစ်သက်ရာ လေ့လာ တွေ့ရှိချက်များကို တင်သွင်းခွင့် ပေးထားပြီး ရည်ရွယ်ချက်၊ လုပ်ထုံးလုပ်နည်း ကိုက်ညီမှုရှိခြင်း၊ တွေ့ရှိချက်၊ သုံးသပ်ချက် စသည်ဖြင့် သတ်မှတ်ချက်များနှင့် ပြည့်စုံပါက တင် သွင်းခွင့် ပြုသည်ဟု ဒေါက်တာ ကိုကိုဇော်က ဆိုသည်။
ပညာရှင်များ၏ သုတေသန ဆိုင်ရာ လေ့လာ တွေ့ရှိချက်များ အပြင် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်အရ နိုင်ငံတော်မှ လုပ်ငန်းများ ချမှတ်ကာ ဆောင်ရွက်ရသည့် သုတေသန လုပ်ငန်းများလည်း ရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်) မှ သိရသည်။
တင်သွင်းလာသည့် သုတေသန တွေ့ရှိချက် စာတမ်းများတွင် မပါဝင်သော်လည်း အရေးကြီးသည်ဟု ယူဆသည့် ပြဿနာ များအား နှစ်စဉ် သုံးသပ်ချက်များ ပြုလုပ်၍ ဆောင်ရွက်ခြင်း များလည်း ရှိကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၀ ရက်အထိ ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)တွင် ကျင်းပသည့် ၄၂ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် သုတေသန စာတမ်းပေါင်း ၉၇ စောင်၊ သုတေသန ပိုစတာပေါင်း ၃၄ စောင် ဖတ်ကြားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၁ ခုနှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ ၁ ခုလည်း ပါဝင်သည်။
ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သုတေသန တင်သွင်းမှုသည် တိုးတက်မှုများ ရှိလာကြောင်း ဒေါက်တာကိုကိုဇော်က ပြောပြသည်။
ယင်း စာတမ်းများအား ဆေးသုတေသန ဦးစီးဌာနအပြင် မြန်မာနိုင်ငံ ဆရာဝန်များ အသင်း၊ စစ်ဖက်ဆိုင်ရာ ဆေးသုတေသနနှင့် တိုင်းရင်းဆေးဘက်ဆိုင်ရာ သုတေသန ညီလာခံများတွင် နှစ်စဉ် တင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ တင်သွင်းရာ၌ သုတေသန စာတမ်းများအား တစ်ကြိမ်စီသာ တင်သွင်းခွင့် ရှိကြောင်း သိရသည်။
ထို့အပြင် ပညာရှင်များ၏ စမ်းသပ်ရှာဖွေသော သုတေသန(ဥပမာ-လက်တွေ့ရှာဖွေသော ဆေးနည်း) စာတမ်းများ စနစ်တကျ မှတ်ပုံတင်နိုင်မည့် ဌာနကို ပြည်တွင်းတွင် ဖွင့်လှစ်ရန် စတင်လုပ်ဆောင်နေကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာ ခင်ချစ်က ပြောသည်။
“နောင်ကျရင် လုပ်တဲ့ သုတေသနတိုင်းကို မှတ်ပုံတင်သင့်တယ် လို့ထင်တယ်။ အခုဆို ပျောက်နေတယ် ဘယ်သူက ဘာလုပ်နေ လဲ မသိရဘူး ဖြစ်နေတယ်။ အမေရိကန်လို နိုင်ငံမှာဆို လုပ်တဲ့ သုတေသနတိုင်းကို မှတ်ပုံတင်ရတယ်။ ဒီမှာက စပြီး ပွင့်လင်းလာ တဲ့ ခေတ်မှာ ပညာရှင်တွေ အတွက်တော့ ပရော်ဖက်ရှင်နယ်လစ်ဇင်က လိုသေးတယ်။ နည်းပညာပိုင်းကလဲ လိုသေးတော့ နည်း နည်းတော့ ကြိုးစားဖို့ လိုတယ်”ဟုလည်း သူက ဆက်ပြောသည်။
လက်ရှိအချိန်၌ ဆေး အမျိုးအစားသစ် ရှာဖွေသော သုတေသန လုပ်ငန်းများအား ပြည်ပနိုင်ငံ များတွင် မှတ်ပုံတင်သွင်းခြင်း ပြုလုပ် ရပြီး လာမည့် ၂ နှစ် အတွင်း ပြည်တွင်း၌ မှတ်ပုံတင်သွင်းနိုင်သော ဌာနတခု ဖွင့်လှစ်နိုင်ရန် ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဟု အထက်ပါ ဆေး ပညာရှင်များက ပြောဆိုသည်။