အမျိုးသမီးများအား မြန်မာ့ တပ်မတော်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အရေးယူမှုမှ ကင်းလွတ်ခွင့် စနစ်ကို အဆုံးသတ်ရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) က တောင်းဆို လိုက်သည်။
မြန်မာ့ တပ်မတော်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် စစ်မှန်သည့် ဒီမိုကရေစီ အစိုးရ မပေါ်ပေါက်မချင်း ရပ်တန့်မည် မဟုတ်ကြောင်း အဓိက ရေးသားထားသည့် “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့် စနစ်များ” ဆိုသည့် WLB ၏ အစီရင်ခံစာ တစောင်ကို ၂၀၁၄ ခု နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင် အပါအဝင် နိုင်ငံတကာ တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း WLB အတွင်းရေးမှူး မတင်တင်ညိုက ဧရာဝတီ ကို ပြောသည်။
“လက်ရှိ မြန်မာနိုင်ငံမှာ ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေကို သွားနေတယ်၊ ပြီးတော့ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်နေတယ်။ ဒီလိုအနေအထားမှာ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ပြီး ကြုံတွေ့နေရဆဲ ဖြစ်ပြီး တရား ဥပဒေပိုင်းက သေသေချာချာ အရေးယူမှုတွေ မရှိဘူး၊ ဒီလို ပုံစံမျိုးက တရားဝင် ကျူးလွန်ခွင့် ပေးတဲ့ ပုံစံ ဖြစ်နေတယ်။ ဒါတွေကို ကျမတို့က ထောက်ပြချင်တယ်”ဟု ၎င်းက ဆိုသည်။
အစီရင်ခံစာတွင် အပိုင်း ၂ပိုင်း ပါရှိပြီး အမျိုးသမီးများ စွမ်းရည် မြင့်မားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ကျား-မ တန်းတူရေး၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရေး၊ လူမှု ကဏ္ဍ အသီသီးနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့် တိုင်းတွင် အမျိုးသမီးများ ပါဝင်လာရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး တို့ကို ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာတွင် WLB နှင့် အဖွဲ့ဝင်၊ အဖွဲ့အစည်းများက ၂၀၁၀ ရွေးကောက်ပွဲ ကာလမှ စတင်ပြီး တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀၀ ကျော်ကို အချက်အလက်များနှင့် စုဆောင်း မှတ်တမ်း တင်ထားသည်။
ယင်းအမှုအခင်း အများစုမှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သော ထိုးစစ်များနှင့် ဆက်စပ် နေ ကြောင်း၊ အစိုးရ စစ်သားများ၏ လိင်အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရသော အမျိုးသမီး ၅၉ ဦးနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က မှတ်တမ်းများ နှင့်တကွ ဖော်ပြချက်များ ပါဝင်သကဲ့သို့၊ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ၏ လွန်ခဲ့သော ၃ နှစ်အတွင်း အမျိုးသမီး ၃၅ ဦးတို့၏ လိင်အကြမ်းဖက် ခံရသည့် အမှု ၃၀ လည်း ပါဝင်သည်။
အစီရင်ခံစာတွင် အဓမ္မပြုကျင့်မှုကို မြန်မာနိုင်ငံတွင် စစ်ပွဲနှင့် ဖိနှိပ်မှု ယန္တရားအဖြစ် အသုံးပြုနေဆဲ ဖြစ်ကြောင်း ဖော်ပြပြီး အမှု ၄၇ ခုသည် အုပ်စုလိုက် ပြုကျင့်မှုများ ဖြစ်ကာ ကျူးလွန်ခံရသူများတွင် အသက် ၈ နှစ်အရွယ်ပင် ပါဝင်ကြောင်း၊ အမျိုးသမီး ၂၈ ဦးမှာ သတ်ဖြတ်ခံရခြင်းကြောင့် သို့မဟုတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူများတွင် အစိုးရ စစ်တပ် တပ်ရင်း ၃၈ ရင်း ပါဝင်ပြီး တချို့စစ်တပ်များက အကြိမ်ကြိမ် ကျူးလွန်ကြောင်း ဖော်ပြထားသည်။
“နိုင်ငံခြား တိုင်းပြည်များ အနေဖြင့် လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများကို ရိုးုရှင်းစွာ လက်ခံထားပုံရပြီး ယင်းတင်ပြချက်များသည် တဖက်သတ် တင်ပြချက်များသာ ဖြစ်သည်ကို မေ့လျော့နေပုံရသည်”ဟုလည်း WLB အစီရင်ခံစာက ထောက်ပြသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အမျိုးသမီး ၁၀၄ ဦးသည် အစိုးရ စစ်သားများ၏ လိင်အကြမ်းဖက်မှု သားကောင်များ ဖြစ်ခဲ့ရပြီး အခြားသော ဖုံးကွယ်ထားသည့် အမှု အများအပြား ရှိနိုင်ကြောင်းလည်း WLB က ဖော်ပြထားသည်။
အစီရင်ခံစာတွင် ကချင်ပြည်နယ် တရုတ် နယ်စပ်ရှိ အမှုတခုကို ဖော်ပြထားရာ၌ ၂၀၁၂ ခုနှစ် မေလ ၁ ရက်က အစိုးရ စစ်တပ် ခြေမြန် တပ်ရင်း ၃၄၇ နှင့် ခြေလျင်တပ်ရင်း ၁၁၈ တို့က ကင်းလှည့်လာစဉ် ချီဖွေမြို့နယ်ရှိ ကျေးရွာ ဘုရားကျောင်းတွင် အသက် ၄၈ နှစ်အရွယ် ငွားမီ(အမည်ရင်းလွှဲ)ကို စစ်သား ၁၀ ဦးက သေနတ်ဒင်များဖြင့် ထု၊ ဓားများဖြင့်ထိုးပြီး ကိုယ်တုံးလုံးချွတ် ကာ ၃ ရက်တိုင် အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်ရပ်ကို ဖော်ပြထားသည်။ ယင်းဖြစ်ရပ်ကြောင့် အဓမ္မပြုကျင့် ခံရသူ သည် စိတ်ဝေဒနာ ခံစားနေရသည်ဟုလည်း ပါရှိသည်။
ထို့အပြင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၉ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် အစိုးရ စစ်သားများက အသက် ၃၉ နှစ် အရွယ် အမျိုးသမီး နှင့် အသက် ၁၇ နှစ် အရွယ်သမီးဖြစ်သူတို့ကို အုပ်စုလိုက် အဓမ္မပြုကျင့်မှု ပြုလုပ်ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးငယ်၏ ဖခင်ကို ပစ်သတ်ခဲ့ကြောင်း KWAT ၏ မှတ်တမ်းကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
“ကျမတို့ တိုင်းပြည်မှာ အေးအေးချမ်းချမ်း နေချင်တဲ့သူတွေ၊ အခြေခံ လူ့အခွင့်အရေးတွေကို လိုလားတောင့်တသူ တွေအပေါ် အဓမ္မပြုကျင့်တာကို လက်နက်တခုအနေနဲ့ အသုံးပြုနေပါတယ်။ စစ်အုပ်စုတွေက တိုင်းရင်းသား လူမျိုးစုတွေအပေါ် လက်နက် တခုအနေနဲ့ ခြိမ်းခြောက် အသုံးပြုနေပြီး ကျမတို့ နိုင်ငံကို ကွဲပြားမှုတွေ ဖြစ်စေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ် က ပြောဆိုခဲ့သည့် စကားကိုလည်း အစီရင်ခံစာတွင် ကိုးကား ဖော်ပြ ထားသည်။
ယခုကဲ့သို့ အစိုးရ စစ်တပ်၏ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများသည် တခါတရံမျှသာ ဖြစ်တတ်ခြင်း မဟုတ်ဘဲ စနစ် တကျဖြင့် ဖြစ်စဉ် တစုံလုံးတွင် မူဝါဒအရ လုပ်ဆောင်နေကြောင်း မှတ်တမ်းများက အတည်ပြုနေသည်ဟုလည်း ဆိုထားပြီး ဤရာဇဝတ်မှုများ ကျူးလွန်ခြင်းကို တပ်မတော် ထိပ်ပိုင်းမှ အားပေးအားမြှောက် ရှိနေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
“အမှန်တကယ်တော့ ဒီအစီရင်ခံစာ ထုတ်တယ် ဆိုတာက တဖက်တလမ်းကနေပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေရာမှာ သူတို့ရဲ့ ဂုဏ်သိက္ခာပိုင်းကို ဝိုင်းဝန်း မြှင့်တင်ပေးလိုတဲ့ ဆန္ဒနဲ့ ကျမတို့က ထုတ်တာ ဖြစ်တယ်”ဟု ဒေါ်တင်တင်ညိုက ဆို သည်။
ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နေချိန်တွင် နိုင်ငံတကာက အသိအမှတ်ပြုမှုများ တရားဝင် ဖြစ်လာစေရန် ယခုကဲ့သို့ ကျူးလွန်မှုမျိုး ဆက်မရှိရန် လုပ်ဆောင်မှသာ ဖြစ်မည်ဟု ထောက်ပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၀၂ ခုနှစ်က SWAN အဖွဲ့၏ “မုဒိန်းကျင့်ခွင့် လိုင်စင်”အမည်ရ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်းလည်း အဆိုပါ အစီရင်ခံ စာ တွင် ထပ်မံ အသိပေးထားသည်။
စစ်တပ်၏ အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက် ကျုးလွန်နေမှုများ ရပ်တံ့သွားရန်၊ စစ်တပ်သည် အရပ်သား အုပ်ချုပ်မှု အောက်တွင် ရှိရန်လိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အရ အရပ်သား အစိုးရ ဖော်ဆောင်နိုင်သော်လည်း စစ်တပ်သည် အထူး အခွင့်အရေး ရနေသည့် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုကြောင်း အစီရင်ခံစာ၏ နိဂုံးပိုင်းတွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံတွင် ယခင် ကျူးလွန်ခဲ့မှုများ အတွက် လွတ်ငြိမ်းခွင့်များ ပေးထားခြင်းသည် ယခုထိ ကျူးလွန် နေမှုများကို ခွင့်ပြုထားသကဲ့သို့ ရှိနေကြောင်း ဒေါ်တင်တင်ညိုက ထောက်ပြ ပြောဆိုသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အပေါ် စစ်တပ်က လိင်အကြမ်းဖက်မှုများ ရပ်တံ့စေရေး တရားစီရင်ရေး စနစ်ပြောင်း လဲရန်လည်း အစီရင်ခံစာတွင် အကြံပြု ထားသည်။
စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာ အဆုံးသတ်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်မှုကို အာမခံချက်ပေးပြီး အတိတ်ကာလ လူ့အခွင့် အရေး ချိုးဖောက်မှုများအား တာဝန်ခံမှုကို တောင်းဆိုရန်နှင့် အမျိုးသမီးများအား ကာကွယ် စောင့်ရှောက်မှုများ သေချာမှု ရှိစေရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုပါရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
ယခုကဲ့သို့ အကြမ်းဖက်မှုများ ဆက်လက် ရှိနေမည် ဆိုပါက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို များစွာ အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ ယခု အစီရင်ခံစာ ထုတ်လိုက်ခြင်းအားဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တဖက်တလမ်းက အမှန်တရားကို ဖော်ထုတ်ပေးလို၍ ဖြစ်ကြောင်း ဒေါ်တင်တင်ညိုက ပြောသည်။