တနသာၤရီတိုင်းဒေသကြီး ထားဝယ်ဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဖော်ထုတ်မှုကြောင့် ဒေသခံများမှာ မြေ သိမ်းခံရမှုများနှင့် ကြုံတွေ့နေရပြီး လျော်ကြေးအပြည့်အဝ မပေးခြင်း ၊ လျော်ကြေး လုံးဝ မရရှိသေးခြင်း စသည့် ပြဿနာများ ယခု အချိန်အထိ ပြေလည်မှု မရရှိသေးကြောင်း မြေသိမ်းခံရသော ဒေသခံများက ပြောသည်။
အစိုးရက ထားဝယ်ဒေသအတွင်း မြေသိမ်းယူမှုများအတွက် “ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆပ်ကော်မတီ”၏ လက်အောက်ခံ ကော်မတီခွဲတခုဖြစ်သော “လယ်ယာ ဥယျာဉ်ခြံမြေ သီးပင်စား ပင် များ လျော်ကြေးငွေ ပေးချေနိုင်ရေး ဦးစီးကော်မတီ”တခု ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသော်လည်း၊ နေရာဒေသ တခုနှင့်တခု လျော်ကြေး သတ်မှတ်မှု မတူညီခြင်းနှင့် ဒေသခံများကို အသိမပေးဘဲ မြေသိမ်းယူခြင်းတို့ကို စီမံကိန်း လုပ်ပိုင်ခွင့်ရ Italian-Thai Development ကုမ္ပဏီက ပြုလုပ်လျက်ရှိနေဆဲ ဖြစ်ကြောင်းလည်း ဒေသခံများက ထုတ်ဖော် ပြောဆိုသည်။
ထားဝယ်စီမံကိန်းအတွက် ကျောက်ထုတ်နေသော တလိုင်းသန့် ကျောက်ထုတ်စခန်းမှ မြေဖို့လိုက်သဖြင့် စပါးခင်းများ ပျက်စီးသွားရာ လယ်သမား ၃၀ ခန့်က လျော်ကြေး တောင်းခံထားသော်လည်း အကြောင်းမပြန်သေးဟု လယ်မြေ ပျက်စီး ဆုံးရှုံးသွားသူ ပရဒတ်ရွာမှ ကာယကံရှင် လယ်သမား ဦးပေါ်နိုင်က ဧရာဝတီသို့ ပြောသည်။
“တောင်ဖြိုတာ များလာတော့ လယ်လုပ်စားလို့ မရတော့ဘူး။ အခုက ဒီတနှစ် အတွက်ပဲ သီးနှံလျော်ကြေး တောင်းထားတာ။ အခု ထက်ထိတော့ မရသေးဘူး”ဟု ဦးပေါ်နိုင်က ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဖော်ထုတ်မှုကြောင့် ထားဝယ်ဒေသတွင် မြေလျော်ကြေး ကျပ် ဘီလီယံ ၃၄၀ ကျော် ပေးရမည်ဖြစ်ရာ အစိုးရဘက်မှ ၃၃ ဘီလီယံသာ ပေးနိုင်သေးပြီး ကျပ် ၃၀၇ ဘီလီယံ ကျော် ကျန်ရှိနေသေးကြောင်း ပို့ဆောင် ရေး ဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်၊ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌလည်း ဖြစ်သူ ဦးဖုန်းဆွေက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်း၌ မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
အစိုးရကလည်း မြေဧကပေါင်း ၇၉၉၇.၄၉ ဧကအတွက် လူပေါင်း ၁၅၇၅ ဦးကို လျော်ကြေးပေးခဲ့ပြီးကြောင်း ထုတ်ပြန်ထားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီခဲ့ကြပြီး ယင်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သည့် Italian-Thai Development ကုမ္ပဏီက ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ အာဏာပိုင်များနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာအစိုးရက အဆိုပါ ကုမ္ပဏီအား လုပ်ပိုင်ခွင့် သက်တမ်း ၇၅ နှစ်ဖြင့် လုပ်ကိုင်ခွင့် ချပေးခဲ့သော်လည်း အီတာလျံ-ထိုင်းဘက်က အရင်းနှီးကြီးသည့်အတွက် ဆက်လက်လုပ်ဆောင်ရန် မတတ်နိုင်သဖြင့် ယခုအခါ တတိယနိုင်ငံ အဖြစ် ဂျပန်နိုင်ငံက ဆက်လက် ဆောင်ရွက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယခုအချိန်အထိ မရှင်းလင်းသေးပေ။
ထိုကဲ့သို့ မရှင်းလင်းသေး၍ ဒေသခံများ၏ နစ်နာမှုများအတွက် လျော်ကြေးကိစ္စရပ်များ မည်သို့ ဆက်လက် ဆောင်ရွက်ပေးမည် ကို တိတိကျကျ မသိရသေးကြောင်း ထားဝယ်ဒေသခံ ဦးတင့်လွင်က ပြောသည်။
“ကျနော်တို့ ဒေသခံတွေကတော့ ရှမ်း(ထိုင်း)တွေထက်စာရင် ဂျပန်ဝင်လာတာ ပိုကောင်းမလားဆိုပြီး မျှော်လင့်နေကြတယ်။ တချို့ကလည်း ဘယ်သူလာလာ ဘာမှ မဖြစ်နိုင်ဘူးဆိုပြီး ပြောကြတယ်။ ကျနော်တို့ အနေအထားကတော့ ဘယ်သူပဲလာလာ တာဝန် သိ တဲ့ ၊ တာဝန်ခံတဲ့ သူတွေကိုပဲ လာစေချင်တယ်”ဟုလည်း ဦးတင့်လွင်က ဆိုသည်။
ထားဝယ်စီမံကိန်းနှင့် ဆက်စပ်ဒေသများဖြစ်သော သရက်ချောင်း၊ ရေဖြူနှင့် လောင်းလုံမြို့နယ်များရှိ ကျေးရွာများ၌လည်း မြေ သိမ်းခံရမှုများ ပေါ်ပေါက်လျက်ရှိပြီး၊ အများစုမှာ စီမံကိန်းဦးစီးလုပ်ဆောင်နေသော Italian-Thai Development ၏ ပွင့်လင်းမြင် သာမှု မရှိခဲ့ခြင်းကြောင့် ဒေသခံများနှင့် ကုမ္ပဏီတို့ကြား ယုံကြည်မှု မရှိတော့ဘဲ ပြဿနာ ပိုမိုကြီးမားလာနိုင်ကြောင်း ထားဝယ် ဒေသတွင် လယ်ယာမြေအရေး ကူညီဆောင်ရွက်နေသူ ကိုမင်းအောင်သူကလည်း ပြောသည်။
“စီမံကိန်းတွေ ရောက်လာလို့ ဒီဒေသမှာ ဘာမှဖွံ့ဖြိုးသွားမှာ မဟုတ်ဘူး။ သူတို့ဘာတွေ လုပ်နေလဲဆိုတာ ဒီဒေသက လူတွေ ဘာမှမသိရဘူး။ သူတို့တွေ လာရှင်းပြတာလည်း ဘာမှန်းမသိဘူး။ နောက်ပြီး ရွာပြောင်းပေးရမယ်လို့ ထိုင်းကုမ္ပဏီက လာပြောနေတာ ၄ ခါလောက်ရှိပြီ”ဟု စီမံကိန်း ဧရိယာအတွင်းသို့ ရောက်ရှိသွားသော မူတူးကျေးရွာမှ ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
ထားဝယ်စီမံကိန်း ဧရိယာအတွင်းရှိသော လယ်မြေ၊ ယာမြေ၊ စားကျက်မြေ၊ ဆားချက်ကွင်း၊ သီးနှံစိုက်ကွင်းများ၊ တံငါလုပ်ငန်း စသည့် နေရာများမှာ ၂၀၁၁ ခုနှစ်မှ စတင်၍ ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ၊ ဒေသခံများသည် အခြားနီးစပ်ရာ ကျပန်း အလုပ်အကိုင်များ လုပ်ကိုင်ခြင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် နေ့စားအဖြစ် သွားရောက် လုပ်ကိုင်ခြင်းနှင့် နယ်စပ်မှ တဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မှု ပိုများလာကြောင်း ဒေသခံများက ပြောသည်။
မြေသိမ်းခံရမှုများအတွက် လျော်ကြေးရသူုများရှိသကဲ့သို့ လျော်ကြေးမရသူများလည်း ရှိကြောင်း၊ တချို့မှာ ၂၀၁၁ ခုနှစ်တွင် လျော်ကြေး မယူခဲ့ဘဲ ၂၀၁၃ ခုနှစ်မှသာ လျော်ကြေးယူသည့်အတွက် ငွေပိုရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် တချို့လယ်ယာမြေများမှာ စီမံကိန်း ဝင်ရောက်လာပြီးနောက် ဈေးနှုန်းများ မြင့်လာခဲ့ပြီး ယခင် အရောင်းအဝယ် လုပ်နေ သော ဈေးထက် ၃ ဆခန့် အထိ မြင့်တက်လာသည်ဟု ဆိုကြသည်။
ကုမ္ပဏီက ထားဝယ်မြစ်အနောက်ဘက်ခြမ်း ကျေးရွာ ၃၀ ကျော်ကို လျော်ကြေးပေးရာတွင် ၂၀၁၀-၁၁ ခုနှစ်၌ ၁ ဧကလျှင် ၅ သိန်းနှုန်း ၊ ၂၀၁၁-၁၂ ခုနှစ်တွင် ၁၅ သိန်းနှုန်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ၂၇ သိန်းနှုန်း၊ တချို့နေရာများတွင် ၃၅ သိန်း နှင့် လမ်းမကြီး ဖောက်လုပ်သည့် နေရာများတွင် ၁ ဧကလျှင် ကျပ်သိန်း ၁၀၀ အထိ ပေးလျော်ခဲ့ခြင်းများ ရှိကြောင်း ကိုမင်းအောင်သူက ပြောသည်။
“ဒေသခံတွေမှာက လျော်ကြေး မယူရင်လည်း မရဘူး။ သူတို့က ယူလည်းသိမ်းမှာ။ မယူလည်း သိမ်းမှာ။ ပြီးတော့ ဒီဒေသ ပေါက်ဈေးက အပြင်မှာ တဧကကို သိန်း ၅၀ ကျော်လောက် ရှိတယ်။ အဲဒီအချိန်မှာ သူတို့ လျော်ကြေးပေးတာက ၁၅ သိန်းပဲ ရှိတယ်။ သူတို့က ပလပ် မြေတွေဆိုပြီး ပြောတယ်။ ဒီဒေသမှာ ပလပ် မြေဆိုတာ မရှိဘူး။ အကုန်လုံး စိုက်လို့ရတဲ့ မြေတွေချည်းပဲ”ဟု ဒေသ ခံ တဦးဖြစ်သည့် ဦးညီလေးက ပြောဆိုသည်။
ထို့အပြင် လျော်ကြေးရရှိသော ဒေသခံများမှာလည်း ယင်းငွေကို စီမံခန့်ခွဲမှု မလုပ်နိုင်သဖြင့် နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ကုန်ဆုံးသွားပြီး လယ်မဲ့၊ ယာမဲ့ ဘဝသို့ရောက်ရှိကာ စားဝတ်နေရေးအတွက် ကျပန်းအလုပ်များ လုပ်ကိုင်နေရကြောင်း ဒေသ ခံ များ က ပြောဆိုသည်။
ယခင်က ဓနိတောနှင့် အုန်းခြံပိုင်ဆိုင်ခဲ့သူ ဒေသခံ ဦးမျိုးနိုင်က “ကျနော့်မြေကို ဘာမှညှိနှိုင်းမှုမရှိဘဲ ဘူဒိုဇာနဲ့ လာထိုးသွားတယ်။ သွားပြောတော့ ခဏရပ်ပေးပြီး နောက်ရက်မှာ လျော်ကြေး လာပေးတယ်။ ၅ သိန်းနှုန်းနဲ့ ၆ ဧက အတွက် သိန်း ၃၀ လောက် ရ တယ်။ ၂၀၁၁ မှာနော်။ အခု သုံးလို့ကုန်တဲ့ အပြင် အကြွေးတောင် တင်နေတယ်။ ကျနော်တို့က ဒီလယ်မြေလုပ်တာက လွဲရင် တခြား အလုပ်ကို လုပ်မစားတတ်ဘူး”ဟု ဆိုသည်။
ဒေသခံများက လျော်ကြေးများ မရရှိဟု ပြောဆိုမှုများနှင့် ပတ်သက်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ ဧရာဝတီမှ တွေ့ဆုံမေးမြန်းရာ တာဝန်ရှိသူ တဦးက ကုမ္ပဏီမှ လျော်ကြေးပေးသော ငွေပမာဏမှာ အလွန်များပြားပြီး၊ လျော်ကြေး ကိစ္စများအတွက် သီးသန့် ကော်မတီတခုဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း၊ မြေလျော်ကြေး မတူညီမှုများမှာ ယခင်က ရှိခဲ့သော် လည်း ယခုနောက်ပိုင်းတွင် စံနှုန်းတခု သတ်မှတ်၍ လျော်ကြေးပေးလျက် ရှိကြောင်း ပြန်လည်ရှင်းပြသည်။
“ကျနော်တို့က ကုမ္ပဏီနဲ့ လယ်သမားတွေကြားမှာ ညှိပေးတယ်။ နစ်နာကြေးတွေလည်း ပေးခဲ့တယ်။ ပမာဏ တော်တော် များပါတယ်။ အရင်က နစ်နာကြေးပေးတာ မတူပေမယ့် အခုနောက်ပိုင်း စံတခုတည်းပေးဖို့ ညှိထားတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြော ဆိုသည်။