ဧရာဝတီမြစ်ကြီးဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီးဖြစ်သလို၊ ဒီမြစ်ကြီးကို အမှီပြုပြီး မြို့တွေထွန်းကားခဲ့၊ ကူးသန်း ရောင်းဝယ်ရေးတွေ လုပ်ဆောင်ခဲ့ကြတာပါ။ မြစ်ကြီးအစပြု စီးဆင်းတဲ့ မြစ်ဆုံ ဒေသဟာ သာယာ လှပသလို၊ ဇီ၀ မျိုးစိတ်တွေ စုံလင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ ဧရာဝတီရဲ့ အသက် ဇာတိကို ခြိမ်းခြောက်နေတာ အမှန်ပါ၊ နဂိုကမှ ရွှေကျင်တာတွေ၊ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ဧရာဝတီမြစ်ဟာ သဲသောင် ဖြစ်ထွန်းမှုတွေ ပိုများလာပြီး ရေကြောင်းကျပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဧရာဝတီမြစ်ဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ မြစ်ဖြစ်တာကြောင့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အချိန်မှာ China Power Investment Coorporation (CPI) ကနေ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားရတဲ့အတွက် နစ်နာနေပါတယ်လို့ ထုတ်ဖော် ပြောကြားလာတာဟာ အလွန်စိုးရိမ်ဖို့ ကောင်းတဲ့ ပြောကြားချက်ပါ။
|
မြစ်ဆုံစီမံကိန်းကို အရင်စစ်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အခမဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အေးရှားဝေါလ် ကုမ္ပဏီက လက်ငင်းငွေ ငါးရာခိုင်နှုန်း၊ တရုတ်နိုင်ငံက CPI က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး စီမံကိန်းကာလက နှစ် ၅၀ အထိဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်ခဲ့မယ် ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာကြည့်ရအောင်ပါ။
မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ-တရုတ် သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ “သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု (Environmental Impoct Assessment-Special Investigation) ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာချက်ထဲမှာ ဖော်ပြထားတာ “မြန်မာနိုင်ငံ၏ ဇီဝစုံလင်မှု ထိန်းသိမ်း စောင့်ရှောက်ရေး အဆက်အစပ် လမ်းကြောင်းနှင့် ဇီဝမျိုး စုံလင်ရာဒေသကို ဆိုးရွားစွာ ထိခိုက်မှုရှိမည်။ ဒေသတွင်း အောက်ခြေပြည်သူများ၏ နေထိုင်မှုနှင့် စားဝတ်နေရေး ကိုများစွာထိခိုက်နိုင်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တရုတ် အလုပ်သမားများ အကြီးအကျယ် ဝင်ရောက်လာလျှင် ထင်းလိုအပ်ချက်ကြောင့် ဆိုးဝါးသော သစ်တောပြုန်းတီးနိုင်ခြေ သိသာထင်ရှားစွာ ရှိနေသည်။ ကချင်ပြည်သူတို့၏ ယဉ်ကျေးမှု နှလုံးသား ထာဝရ ပျောက်ဆုံးမည်”တဲ့။
ဒါ့အပြင် “မြန်မာနိုင်ငံတွင်းက အပြည်ပြည်ဆိုင်ရာမြစ်များ” စာအုပ်မှာ ဦးဝင်းကျော် (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ ရေအား လျှပ်စစ်ဌာနက “သဘာဝအလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းဟာ မြစ် ချောင်းတွေရဲ့ သဘာ၀ ရေစီးရေလာကို ပျက်စီးစေပါတယ်။ မြစ်ဝှမ်းအတွင်းမှာ ရေစီးရဲ့ ပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှု ပုံသဏ္ဌာန်နဲ့ ရေအသုံးချမှု ပုံစံတွေဟာ ပြောင်းလဲကုန်ပါတယ်” လို့ ရေးသားထားပါတယ်။
မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေ များပြားနေတာကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ကနေ မိမိရဲ့ သမ္မတ သက်တမ်းအတွင်း ရပ်ဆိုင်း ထားမယ်လို့ ကြေညာခဲ့ပါတယ်။ သမ္မတကနေ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးနဲ့ အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးသို့ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ လိပ်မူပြီး ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ “မိမိတို့ အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေး ထား ရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်သွားရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်”လို့ အတိအလင်း ပါရှိပါတယ်။
မြစ်ဆုံစီမံကိန်း ဆိုရာမှာ ဧရာဝတီမြစ် အထက်ပိုင်းရှိ မြစ်ဆုံ၊ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာတို့မှာ စီမံကိန်း (၇) ခုနဲ့ လုပ်ငန်းသုံး ရေအားလျှပ်စစ် စက်ရုံ တခုပါဝင်မယ့် စီမံကိန်းကြီးဖြစ်ပါတယ်။ မြစ်ဆုံဆည်သာ တည်ဆောက် ခဲ့မယ် ဆိုရင် ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်တွေ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်မယ့် အန္တရာယ်ရှိပါတယ်။ ဧရာဝတီမြစ်ရဲ့ ရေစီးရေလာပြောင်းလဲမှုကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အထိ သက်ရောက်နိုင်ခြေ ရှိသလို စိုက်ပျိုးမြေ ဧကပေါင်းများစွာ ပျက်စီးနိုင်ပါတယ်။
အထူး သတိချပ်ရမှာက လူပေါင်းသောင်းချီ သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ Three Gorges Dam ဆိုတဲ့ ဆည်ကြီး တည်ဆောက်မှုရဲ့ အကျိုးဆက်အဖြစ် ဖိအားတွေကြောင့် ငလျင်လှုပ်ခဲ့ရတယ်လို့ သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။ ဒါ့အပြင် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းတွေ မလုပ်ဆောင်လို့၊ ဆည်တွေဆောက်လို့ ပျောက်ကွယ်သွားရတဲ့ မြစ်အရေအတွက်ဟာ တရုတ်နိုင်ငံအတွင်းမှာ ထောင်ချီပြီး ရှိပါတယ်။
သူတို့နိုင်ငံမှာတောင်မှ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို ထည့်မတွက်တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ ကျမတို့ ဧရာဝတီမြစ်ကြီး ပျက်စီးသွားမှာ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှာကို ထည့်တွက်စဉ်းစားမှာ မဟုတ်ပါဘူးဆိုတာ သေချာနေပါတယ်။ မြစ်ဆုံဆည် တည်ဆောက်လို့ ဆည်ဖိအားကြောင့် ငလျင်လှုပ်ခဲ့ရင် ပြည်သူတွေပဲ ထိခိုက်နစ်နာရမှာပါ။ အသက်သွေးကြောသဖွယ် အရေးပါတဲ့ ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ဆုံးသွားမှာကို အတွေးနဲ့တင်ပဲ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နောက်တက်လာမယ့် အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထား၊ မထားဆိုတာ မြစ်ဆုံ စီမံကိန်းကို ဆက်အကောင်အထည်ဖော်၊ မဖော်ကိစ္စနဲ့ စောင့်ကြည့် အကဲဖြတ်ရမှာပါ။ အခုအချိန်ထိ ပြည်သူလူထုကနေ ပြတ်ပြတ်သားသား ကန့်ကွက်နေပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေရဲ့ သဘောထား က ပြတ်ပြတ်သားသား မရှိတာ တွေ့ရပါတယ်။ အရင်အစိုးရ အဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ သမ္မတကို တာဝန်ယူဖို့ ပြောနေတဲ့ သဘော မှာ တွေ့ရတော့ ကျမတို့အနေနဲ့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လာရင် ပြည်သူတွေဘက်က ရပ်တည်ကာကွယ်တဲ့ စကားကို အတိုက်အခံဘက်က ကြားချင်မိတာ အမှန်ပါ။
၂၀၁၅ နောက်ပိုင်း ဦးသိန်းစိန်ပဲ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဆက်ခံ ဆက်ခံ၊ ဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတ ဖြစ်လာဖြစ်လာ မြစ်ဆုံစီမံကိန်းကို ပြန်အသက်သွင်းမယ် ဆိုရင်တော့ တိုင်းပြည်အတွက် အလားအလာ ကောင်းမှာမဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံသူ၊ နိုင်ငံသားတိုင်းအတွက် ထိခိုက်ဆုံးရှုံး နစ်နာမှုတွေ သေချာပေါက်ရှိနေတဲ့ စီမံကိန်းမှန်း သိပါလျက်နဲ့ ပြန်ခွင့်ပြုခဲ့ရင် အဲဒီအစိုးရ၊ အဲဒီ သမ္မတဟာ သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။
တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးများနေတယ်ဆိုတာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သက်သေပြနေပါတယ်။ မြစ်ဆုံကိစ္စဟာ လက်ပံတောင်းကိစ္စထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ နှစ် ၅၀ ဆိုတဲ့ သက်တမ်းအတွင်းမှာ ခဏရပ်လိုက်၊ ပြန်စလိုက် လုပ်နေရင် နောင်လာမယ့် မျိုးဆက်တွေဟာ ဧရာဝတီမြစ်ကို မြင်တွေ့ရဖို့တောင် ခဲယဉ်းသွား နိုင်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံအပေါ် မြစ်ဆုံစီမံကိန်း အကြောင်းပြုပြီး နိုင်ငံရေး ကစားကွက် ဖန်တီးနေသလားဆိုတာလည်း (အလေးအနက်) ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အခုကိုပဲ ကချင်ပြည်နယ်အတွင်းမှာ တရုတ်ဘက်ကို တရားမဝင် သစ်ခိုးထုတ်မှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်နေပါပြီ။ တရုတ်အလုပ်သမားတွေ ဝင်ရောက်လာရင် ဖြစ်လာနိုင်မယ့် လူမှုရေး အကျိုးဆက်တွေပါ ရှိနေပါတယ်။ ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား တည်ဆောက်နေတဲ့ “ယုံကြည်မှု” ပျက်ပြားသွားနိုင်တယ် ဆိုတာပါ သတိပြုသင့်ပါတယ်။
ကျမတို့ ပြည်သူတွေ လိုချင်နေတဲ့ အဖြေက ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းပစ်ဖို့၊ တနည်းအားဖြင့် နှစ် ၅၀ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်း လုံး၀ မပြုလုပ်ဖို့ဆိုတဲ့ အဖြေပါ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့လို့ CPI ကို လျော်ကြေး ပြန်ပေးရမယ်ဆိုရင်လည်း ကျမအနေနဲ့ တတ်နိုင်သလောက် ငွေကြေးထည့်ဝင်မှာပါ။ သန်း ၆၀ သော ပြည်သူတွေအနေနဲ့ တယောက်ကို တထောင်ပဲ ထည့်ဝင်၊ ထည့်ဝင်၊ စုစည်းညီညွတ်ခဲ့ရင် ကျမတို့ ပိုင်တဲ့ ဧရာဝတီမြစ်ကြီးကို ရွေးယူဖို့ အဆင်သင့် ရှိပါတယ်။
ရာဇဝင်ထဲက သက်ရှိမြစ်ကြီး မြစ်မင်း ဧရာဝတီ စီးဆင်းမြဲ စီးဆင်းနေနိုင်ဖို့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မယ့် အရေးကို ဘယ်လိုအခြေအနေ၊ ဘယ်လို အကြောင်းပြချက်နဲ့မှ လုံး၀ လက်ခံနိုင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။