အကြွင်းမဲ့တန်ဖိုးစံ - ဒီမိုကရေစီ (၄)

အမတြာ ဆင်း

This article has been converted from Zawgyi One to Unicode

အခြေခံကျသော ဒေသဆိုင်ရာ ကွဲလွဲချက်များ အဆိုအပေါ် အကာအကွယ်ပြုရာတွင် အခြားသော ငြင်းခုံဆွေးနွေးမှုတရပ်လည်း ရှိသည်။ ယင်းမှာ စီးပွားရေး အခြေအနေများနှင့် ပတ်သက်ခြင်းမရှိဘဲ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများနှင့် ဆက်နွှယ်နေခြင်းဖြစ်သည်။ ယင်းအဆိုများထဲတွင် “အာရှတန်ဖိုးများ” သည် အထင်ရှားဆုံးဖြစ်မည် ထင်ပါသည်။ အာရှသားတို့၏ အစဉ်အလာအရ တန်ဖိုးထားသည့် ကျင့်ဝတ်စည်းကမ်းများ၊ နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှု မရှိခြင်းတို့ကြောင့် အဆိုပါ အာရှနိုင်ငံများတွင် ဒီမိုကရေစီအပေါ် ပို၍ပင် အယုံအကြည်ကင်းမဲ့နေမည်မှာ မလွဲဧကန်ဖြစ်ကြောင်း “အာရှတန်ဖိုး” အမြင်က ဆိုပါသည်။

အာရှယဉ်ကျေးမှုသမိုင်းတွင် ယင်းသို့သော အမြင်တွင် စစ်မှန်သော အခြေခံအကြောင်းတရားကို ရှာဖွေရန်မှာ အတော်လေး ခက်ခဲပါသည်။ အထူးသဖြင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသ၊ အီရန်နှင့် အခြား အာရှဒေသများ၏ အစဉ်အလာ ဓလေ့ထုံးစံများကို လေ့လာကြည့်မည်ဆိုပါက ထိုသို့ရှာဖွေရန် ခက်ခဲကြောင်း သိနိုင်ပါသည်။ ဥပမာအနေဖြင့် ပြောရလျှင် ဘီစီ ၃ ရာစုက အာသောကဘုရင်၏ အိန္ဒိယ အင်ပါယာခေတ်က ရေးထိုးခဲ့သော ကျောက်စာများတွင် လူနည်းစုအုပ်စုများ အကာအကွယ်ပေးရန် နိုင်ငံတော်၏ တာဝန်နှင့် ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုများအရ မတူကွဲပြားမှုများအပေါ် သည်းခံနားလည်နိုင်ရေးကို ထောက်ခံသော ရှေးအကျဆုံးနှင့် ရှင်းလင်းမှုအရှိဆုံး ရေးသားဖော်ပြချက်တခု အနေဖြင့် တွေ့နိုင်မည်ဖြစ်ပါသည်။

စင်စစ် အာရှတိုက်သည် ဧရိယာအားဖြင့် အလွန်ကျယ်ဝန်းပြီး ကမ္ဘာလူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် နေထိုင်သောဒေသ ဖြစ်ပါသည်။ ဤသို့များပြားလှသော လူအများအပေါ် တစုတစည်း ယေဘုယျ ကောက်ချက် ဆွဲဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။ တခါတရံတွင် “အာရှတန်ဖိုး” အမြင်အပေါ် ထောက်ခံပြောဆိုသူများသည် အရှေ့အာရှကိုသာ သီးခြားသက်ဆိုင်ရာ ဒေသအဖြစ် အဓိက ဦးစားပေး၍ ရည်ညွှန်းရှုမြင်လိုဟန် ရှိပါသည်။

အာရှနှင့်အနောက်ကြားမှ ဆန့်ကျင်ကွဲလွဲမှုများအပေါ် ယေဘုယျ ယူဆချက်သည် ထိုင်းနိုင်ငံ၏ အရှေ့ ဘက်နိုင်ငံများ အပေါ်တွင်သာ အလေးထားနေခြင်း ဖြစ်သည်။ သို့နှင့်တိုင် အာရှ၏ ကျန်ဒေသများ အားလုံးသည်လည်း အလားတူသဘောမျိုးသာ ရှိသည်ဟူသော ပိုမိုအလှမ်းကွာသည့် အဆိုတရပ်လည်း ရှိနေပါသေးသည်။ လူ့အဖွဲ့အစည်းနှင့် အစိုးရအပေါ် အနောက်တိုင်း အယူအဆများနှင့် အရှေ့အာရှ၏ အယူအဆများကြား အခြေခံကျသော ကွဲလွဲချက်များကို အကြမ်းဖျင်း ပုံဖော်ပြခဲ့သော လီကွမ်ယူကို ထိုသို့ ရှင်းလင်းဖော်ပြခဲ့မှုအတွက် ကျနော်တို့အနေဖြင့် ကျေးဇူးတင်ရမည် ဖြစ်ပါသည်။ ယင်းကွဲလွဲမှုအပေါ် ရှင်းပြရာတွင် အရှေ့အာရှသားများဟု ကျနော်ဆိုသည့်အခါ ကျနော့်အနေဖြင့် စိနတိုင်းနှင့် မဇ္ဈိမတိုင်းကြား ရောယှက်နေသည့် အရှေ့တောင်အာရှမှ တမူထးူခြားသည့် ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်တို့ကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် မဇ္ဈိမတိုင်းသား အိန္ဒိယယဉ်ကျေးမှု ကိုယ်၌ကလည်း အလားတူတန်ဖိုးများကို အလေးအနက်ထားသည်သာ ဖြစ်ပါသည်။

သို့သော် အရှေ့အာရှကိုယ်၌သည်ပင် အံ့အားသင့်ဖွယ်ရာ အမျိုးမျိုးကွဲပြားသော ယဉ်ကျေးမှုများ ရှိနေကြသည်။ ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အခြားဒေသတွင်း နိုင်ငံများအကြားတွင်သာမက နိုင်ငံတခုချင်းစီ အတွင်းမှာပင် ပဒေသာစုံသော ယဉ်ကျေးမှုတွေကို မူကွဲအမျိုးမျိုးနှင့် တွေ့နေရသည်။ အာရှတန်ဖိုး အယူအဆများကို အနက်ပြန်ရာတွင် ကိုးကားစံပြုခံရသူများ ကွန်ဖြူးရှပ်ဖြစ်ပါသည်။ သို့သော် အဆိုပါနိုင်ငံများတွင် ကွန်ဖြူးရှပ်သည်သာ အသိပညာအရ လွှမ်းမိုးမှုရှိနေသည် မဟုတ်ပေ။ (ဥပမာအနေဖြင့် နှစ်ပေါင်း တထောင့်ငါးရာကျော်လောက် အင်ပြည့်အားပြည့် သြဇာကြီးမားခဲ့သော ဗုဒ္ဓယဉ်ကျေးမှုအစဉ်လာ ဓလေ့ထုံးစံများသည်လည်း အလွန်ရေးကျ၍ အလွန်ပျံ့နှံ့တည်ရှိနေပါသည်။ အလေးထားလောက်သည့် ခရစ်ယာန် ဓလေ့ထုံးစံများ အပါအဝင် တခြားသောသြဇာ လွှမ်းမိုးထားမှုများလည်း ရှိပါသေးသည်။) ဆိုခဲ့ပါ ယဉ်ကျေးမှုများထဲမှ မည်သည့် ယဉ်ကျေးမှုတွင်မှ လွတ်လပ်မှုအပေါ် ကြီးစိုးနေသည့် တသားတည်းဖြစ်နေသော ကိုးကွယ်ဝတ်ပြုမှုမျိုး မရှိပေ။

ထို့ပြင် ကွန်ဖြူးရှပ်ကိုယ်တိုင်က နိုင်ငံတော်အပေါ် မျက်ကန်းသစ္စာခံခြင်းကို ထောက်ခံခြင်း မပြုခဲ့ပေ။ ဇီးလူးဆိုသူက ကွန်ဖြူးရှပ်ကို “မင်းသားတပါးအား မည်သို့အမှုတော် ထမ်းရမည်နည်း” ဟု မေးသောအခါ၊ ကွန်ဖြူးရှပ်က “အကယ်၍ အမှန်ပြောခြင်းက မင်းသားကို ဒေါသထွက်စေမည် ဆိုလျှင်ပင် သူ့ကို အမှန်အတိုင်းသာပြောပါ” ဟု ပြန်ဖြေခဲ့သည်။ ကွန်ဖြူးရှပ်အနေဖြင့် လက်တွေ့ကျသော သတ္တိရှိမှုနှင့် အသိအလိမ္မာရှိမှုကို မငြင်းပယ်ခဲ့ပေ။ သို့သော် (လိုအပ်ပါက လိမ္မာပါးနပ်စွာဖြင့်) မင်းဆိုးမင်းညစ်ကို ဆန့်ကျင်ရန် အကြံပြု ထောက်ခံချက်များကို စွန့်လွှတ်ခဲ့ခြင်း မရှိပေ။ “ကောင်းမွန်သော အမူအကျင့်များ တိုင်းပြည်အနံှံ့ ပျံ့နှံ့လွှမ်းမိုးနေသည့်အခါ ရဲရဲဝံ့ဝံ့ပြောဆိုပြီး ရဲရဲဝံ့ဝံ့လုပ်ကိုင်ပါ။ အဆိုပါအမူအကျင့်များ ပျောက်ဆုံး ပျက်စီးနေသည့်အခါ ရဲရဲဝံ့ဝံ့ လုပ်ကိုင်ပြီး နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပြောဆိုပါ” ဟု ကွန်ဖြူးရှပ်က ဆိုသည်။

တကယ်စင်စစ် အာရှတန်ဖိုးအမြင်၏ ပင်မထောက်တိုင်ကြီး နှစ်ရပ်ဖြစ်သော မိသားစုအပေါ် သစ္စှာရှိမှုနှင့် တိုင်းပြည်အပေါ် ရိုသေနာခံမှုတို့သည် တခုနှင့်တခု ပြင်းပြင်းထန်ထန် ပဋိပက္ခဖြစ်နေကြောင်း ကွန်ဖြူးရှပ်က ရှင်းရှင်းလင်းလင်း လမ်းညွှန်ပြခဲ့ပါသည်။ “အာရှတန်ဖိုး” အမြင်ကို ထောက်ခံသူများက နိုင်ငံတော်၏ အခန်း ကဏ္ဍကို မိသားစုနမူနာပုံစံကို ချဲ့ထွင်ထားခြင်းအဖြစ် ရှုမြင်ကြသည်။ သို့နှင့်တိုင် နိုင်ငံတော်နှင့် မိသားစုအကြားတွင် အားပြိုင်မှုရှိနိုင်ကြောင်း ကွန်ဖြူးရှပ်၏ ဟောပြောပို့ချမှု ကိုယ်တိုင်ကလည်း သက်သေခံခဲ့ပါသည်။

“ရှီ” ပြည်နယ်ကို အုပ်ချုပ်သူဘုရင်ခံက ကွန်ဖြူးရှပ်အား ဤသို့ဆိုခဲ့သည်။ ကျွန်ုပ်၏ တိုင်းသူပြည်သားများထဲတွင် ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်တဦးရှိပါသည်။ ထိုပုဂ္ဂိုလ်၏ ဖခင်သည် သိုးတကောင်ကို ခိုးယူသောအခါ ၎င်းသည် ဖခင်ဖြစ်သူကို လူသိရှင်ကြား စွပ်စွဲရှုတ်ချလေသည်။ ယင်းသို့ ပြောဆိုမှုအပေါ် ကွန်ဖြူးရှပ်က “ကျွန်ုပ်၏ လူများအနက်မှ တည်ကြည်ဖြောင့်မတ်သူများကမူ ခြားနားစွာ ပြုမူကြပါသည်။ ဖခင်ဖြစ်သူသည် သားအတွက် အကာအကွယ်ပေးပြီး သားဖြစ်သူသည် ဖခင်အတွက် ကာကွယ်သမှုပြုပါသည်။ ဤသို့ဆောင်ရွက်ရာတွင် သူတို့သည် တည်ကြည် ဖြောင့်မတ်မှုရှိကြပါသည်” ဟု ဆိုသည်။

နိုင်ငံရေးအခွင့်အရေးများနှင့် ဒီမိုကရေစီအပေါ် ဆန့်ကျင်ငြင်းဆန်မှုအဖြစ် အာရှတန်ဖိုး အမြင်အပေါ် ကြီးကျယ် ခန့်ညားစွာ အနက်ပြန်ဖွင့်ဆိုခြင်းသည် စေ့စေ့စပ်စပ် ဝေဖန်ဆန်းစစ်မှုကိုတော့ ခံနိုင်ရည်မရှိပေ။ အာရှတန်ဖိုးအဆိုကို တင်သွင်းလာခဲ့သူများမှာ ပညာရပ်နယ်ပယ်မှ ပညာရှင်များမဟုတ်ဘဲ နိုင်ငံရေး ခေါင်းဆောင်များနှင့် အာဏာရှင် အစိုးရများ၏ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေခြင်းကြောင့် ဆိုခဲ့ပါ ယုံကြည်မှုအပေါ် ပညာရပ်အမြင်အရ ပံ့ပိုးနိုင်မှု အားနည်းချက်ကို ကျနော့်အနေဖြင့် အလွန်အကျူး အပြစ်မဆိုသင့်ဟု ယူဆပါသည်။ သို့နှင့်တိုင် ကျနော်တို့လို ပညာရပ်နယ်ပယ်မှ ပုဂ္ဂိုလ်များသည် လက်တွေ့နိုင်ငံရေး ကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်မှု မရှိနိုင်သလိုပင် အပြန်အလှန်အားဖြင့် လက်တွေ့နယ်ပယ်မှ နိုင်ငံရေးသမားများသည်လည်း ပညာရပ်နယ်ပယ်တွင် ကျွမ်းကျွမ်းကျင်ကျင် မရှိလှကြောင်း တွေ့ရသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။

တကယ်တော့ အာရှဓလေ့ထုံးတမ်း အစဉ်အလာများအတွင်း အာဏာရှင်ဆန်သော စာပေလက်ရာများကို ရှာဖွေရန် အခက်အခဲ မရှိသလိုပင် အနောက်တိုင်း ဂန္တဝင်လက်ရာများတွင်လည်း ဤသို့သော အရေးအသားများကို ရှာဖွေရန် အခက်အခဲမရှိလှပေ။ ပလေတို သို့မဟုတ် အကွီနပ်စ်၏ လက်ရာများ ကို သေသေချာချာ လေ့လာသုံးသပ်ကြည့်ပါကလည်း စည်းကမ်းလိုက်နာမှုသည် အာရှတန်ဖိုး သက်သက်မဟုတ်ကြောင်း (အနောက်တိုင်းသားများလည်း လိုက်နာကြောင်း) တွေ့ရမည်သာဖြစ်သည်။ အမိန့်နာခံမှုနှင့် စည်းကမ်းလိုက်နာမှုတို့နှင့် စပ်လျဉ်းသော အာရှစာပေလက်ရာ တချို့ ရှိနေခြင်းကြောင့် အကြွင်းမဲ့တန်ဖိုးစံအဖြစ် ဒီမိုကရေစီ၏ ယုတ္တိခိုင်မာမှုအပေါ် ငြင်းပယ်ခြင်းနှင့် အလားတူဖြစ်ပေလိမ့်မည်။

ခေတ်ပြိုင်နိုင်ငံရေး တိုက်ပွဲများ၏ အတွေ့အကြုံများအရ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ မွတ်ဆလင် နိုင်ငံများအား တသီးပုဂ္ဂလ လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အခြေခံကျကျ ချုပ်ချယ်ကန့်သတ်မှုရှိသော နိုင်ငံများအဖြစ် ဖော်ပြကြသည်။ သို့နှင့်တိုင် ဓလေ့ထုံးတမ်း အစဉ်အလာတရပ်အတွင်း အမျိုးမျိုးအထွေထွေ ကွဲပြားခြားနားမှုများ တည်ရှိနေခြင်းက မွတ်ဆလင်နိုင်ငံများအဖို့ ကောင်းစွာ အကျိုးဖြစ် ထွန်းစေပါသည်။ အိန္ဒိယရှိ အက္ကဘာနှင့် တခြားအင်ပါယာ အများစုသည် နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ သည်းခံနားလည်နိုင်စွမ်း ရှိခြင်းကို လက်တွေ့အနေဖြင့်ရော၊ သဘောတရားရေးရာ အနေဖြင့်ပါ ပြသနိုင်သော ဥပမာကောင်းများဖြစ်သည်။ တူရကီအင်ပါယာများသည်လည်း ခေတ်ပြိုင် ဥရောပအင်ပါယာများထက် ပို၍စိတ်ရှည် သည်းခံနားလည်မှု ရှိတတ်ပါသည်။ ကိုင်ရိုနှင့် ဘဂ္ဂဒက်ရှိ အုပ်စိုးသူများကြားတွင်လည်း လက်တွေ့ သာဓကများကို အများအပြား တွေ့ရှိနိုင်ပါသည်။ တကယ်စင်စစ်၊ ၁၂ ရာစုတွင် ဂျူးလူမျိုးပညာရှင်ကြီး တဦးဖြစ်သည့် မေမွန်နိုက်စ်သည် မတူကွဲပြားမှုများအပေါ် သည်းခံ နားလည်ပေးနိုင်စွမ်း မရှိဘဲ ဂျူးလူမျိုးများအပေါ် ဖိစီးနှိပ်စက်မှုများ ပြုလုပ်သည့် (၎င်း၏မွေးရပ်မြေ) ဥရောပမှ သည်းခံ နားလည်ပေးနိုင်စွမ်း၍ ယဉ်ကျေးရည်မွန်သော ကိုင်ရိုသို့ စွန့်ခွာထွက်ပြေးခဲ့ပြီး စူလတန်ဆာလာဒင်၏ သူကောင်းပြုမှုကို ခံယူခဲ့သည်။

အမျိုးမျိုးအထွေထွေ ပဒေသာစုံခြင်းဟူသည် ကမ္ဘာကြီးရှိ ယဉ်ကျေးမှုအများစု၏ အင်္ဂါရပ်ပင်ဖြစ်သည်။ အနောက်တိုင်း လူ့အဖွဲ့အစည်းသည်လည်း ချွင်းချက်တရပ် မဟုတ်ပေ။ ခေတ်သစ်အနောက်တိုင်းတွင် အောင်ပွဲခံခဲ့သော ဒီမိုကရေစီ အလေ့အကျင့်သည် အဓိကအားဖြင့် စက်မှုတော်လှန်ရေးနှင့် ဉာဏ်အလင်းခေတ်နှင့် အထူးသဖြင့် ၁၉ ရာစု အကုန်လောက်ကတည်းက ပေါ်ထွက်လာခဲ့သည့် အများဆန္ဒနှင့်အညီ ရလဒ်တခုဖြစ်ပေသည်။ ထောင်စုနှစ်နှင့် ချီသော အနောက်တိုင်းသမိုင်း၏ ဒီမိုကရေစီအပေါ် ထားရှိခဲ့သော သမိုင်းဝင် ကတိကဝတ်များကို ဖတ်ရှုပြီး အနောက်တိုင်း မဟုတ်သည့် အစဉ်အလာ ဓလေ့ထုံးစံများနှင့် နှိုင်းယှဉ်သုံးသပ်ခြင်းသည်ပင် ကြီးကျယ်သော အမှားတရပ်ဖြစ်သည်။ ယင်းသို့ အလေးအနက်မထားဘဲ လွယ်လင့်တကူ ကောက်ချက်ဆွဲယူမှုများကို အာရှတိုက်ရှိ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများ၏ စာပေလက်ရာများတွင် သာမက အနောက်တိုင်းရှိ ထိပ်တန်းပညာရှင်တချို့၏ သီအိုရီများတွင်ပါ တွေ့ရှိနိုင်ပေသည်။

ဥပမာအနေဖြင့် ထင်ရှားကျော်ကြားသော ပညာရှင်တဦးဖြစ်သည့် ဆင်မြူရယ် ဟန်တင်တန်၏ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း အပေါ် ယူဆချက်ကို အကိုးအကား ပြုလိုပါသည်။ အဆိုပါစာအုပ်၏ သီးဆစ်ထဲတွင် ယဉ်ကျေးမှု တရပ်စီရှိ သောင်းပြောင်းထွေလာ ပဒေသာစုံမှုကို လုံလုံလောက်လောက် အသိအမှတ်ပြုမထားပေ။ ဟန်တင်တန်အနေဖြင့် သူ၏လေ့လာမှုကို “တစ်သီးပုဂ္ဂလ ဝါဒဆိုင်ရာ အသိတရားနှင့် အခွင့်အရေးနှင့် လွတ်လပ်မှု အစဉ်အလာ” တို့ကို ယဉ်ကျေးသော လူ့အဖွဲ့အစည်းများအတွင်း တမူထူးခြားသည့် အနောက်တိုင်း၌သာ တွေ့ရှိနိုင် ကြောင်း ရှင်းလင်းစွာပင် နိဂုံးချုပ်ထားသည်။ ဟန်တင်တန်က “အနောက်တိုင်း၏ အခြားသော ယဉ်ကျေးမှုများနှင့်မတူဘဲ၊ တမူထူးခြားသည့် အနောက်တိုင်း၏ အဓိကကျသောလက္ခဏာရပ် များသည် အနောက်၏ ခေတ်မီတိုးတက် လာခြင်းထက်ပင် ရှေးကျသည်” ဟုလည်း ပြောဆိုထားသည်။ သူု့အမြင်တွင် “အနောက်တိုင်းသည် ခေတ်မမီသးခင်ကပင် အနောက်” ဟူ၍ သီးခြားဖြစ်နေခဲ့သည်။ ဤအဆိုသည် သမိုင်းအမြင်အရ စေ့စပ်သေချာစွာ စိစစ်ခြင်းကို ကျော်လွှားရှင်သန်နိုင်ခြင်းမရှိကြောင်း ကျနော့်အနေဖြင့် ဆွေးနွေးငြင်းခုံခဲ့ပြီး ဖြစ်ပါသည်။

အာရှတန်ဖိုးအမြင်နှင့် အနောက်တိုင်း အမြင်တို့သည် ပြဒါးတလမ်း၊ သံတလမ်းဖြစ်ကြောင်း အာရှအစိုးရများ၏ ပြောရေးဆိုခွင့်ရှိသူ တယောက်က နှိုင်းယှဉ်မှုပြုသည့် အခါတိုင်း အနောက်တိုင်းသား ပညာတတ် တဦးကလည်း အခြားတဖက်မှ အလားတူ နှိုင်းယှဉ်ခွဲခြားမှုမျိုး ကြိုးပမ်းဆောင်ရွက်တတ်ပေသည်။ အာရှသား၏ လိုရာဆွဲယူမှုနှင့် အနောက်တိုင်းသား၏ တွန်းပို့မှုတို့ကို အတူတကွ တွဲစပ်ကြည့်သည့်တိုင် ယင်းသို့စုစည်းထားသည့် အကောက်အယူ အနေဖြင့်လည်း ဒီမိုကရေစီသဘောတရား၏ အကြွင်းမဲ့တန်ဖိုးစံ တရပ်ဖြစ်နေခြင်းကို ပွန်းပဲ့အောင် တိုက်စားနိုင်စွမ်း မရှိခဲ့ပေ။

အငြင်းအခုံဖြစ်နေသည့်အပိုင်း

ဒီမိုကရေစီသည် လောကလုံးဆိုင်ရာ အကြွင်းမဲ့တန်ဖိုးစံ တရပ်ဖြစ်သည်ဟူသော အဆိုနှင့် စပ်လျဉ်းသည့် အရေးကိစ ္စအမြောက်အမြားကို ခြုံငုံမိစေရန် ကျနော် ကြိုးပမ်းခဲ့ပါသည်။ ဒီမိုကရေစီတန်ဖိုးများတွင် ၎င်း၏ လူသားဘဝ၌ မွေးရာပါပင်ကို မူလသဘောအရေးပါမှု၊ နိုင်ငံရေးဆိုင်ရာ မက်လုံးများကို ထုတ်လုပ်ရာတွင် ၎င်း၏ လက်တွေ့အသုံးချ၍ရသော အခန်းကဏ္ဍနှင့် တန်ဖိုးစံများ တည်ဆောက်ရာတွင် ၎င်း၏ အပြုသဘောဆောင်သော လုပ်ငန်းတာဝန်တို့ ပါဝင်ပါသည်။ ဤသို့သော အရည်အသွေးများသည် ဒေသတွင်းဆိုင်ရာ လက္ခဏာရပ်များ မဟုတ်ပေ။ စည်းကမ်းသေဝပ်မှုနှင့် အမိန့်နာခံမှုအပေါ် ထောက်ခံအား ပေးခြင်းလည်း မဟုတ်ပေ။ သောင်းပြောင်းထွေလာ တန်ဖိုးစံများ ရောယှက်နေခြင်းကပင် ယဉ်ကျေးမှု အများစု (အားလုံးလည်းဖြစ်နိုင်) အား သွင်ပြင်လက္ခဏာ သတ်မှတ်ပေးနေသယောင် ထင်ရပါသည်။ ယဉ်ကျေးမှု ဆိုင်ရာများအပေါ် ငြင်းခုံ ဆွေးနွေးခြင်းက ယနေ့ခေတ်တွင် ကျနော်တို့အနေဖြင့် ပြုလုပ်နိုင်သော ရွေးချယ်ပိုင်ခွင့်များကို ပိတ်ပင်တားဆီးခြင်း၊ ခွဲခြားကန့်သတ်ခြင်းများ မလုပ်ခဲ့ပေ။

ယခု ဤနေရာတွင် အဆိုပါ ရွေးချယ်မှုများကို ပြုလုပ်ရပေတော့မည်။ ဒီမိုကရေစီ၏ လက်တွေ့အသုံးဝင်သော နယ်ပယ်များနှင့် ခေတ်ပြိုင်ကမ္ဘာတွင် ဒီမိုကရေစီအတွက် ယုံကြည်စိတ်ချရသည့် အထောက်အထားများကို မှတ်သားရပေမည်။ ဤသို့သော ကိစ္စသည် တကယ်ပင် အားကောင်း ခိုင်မာမှုရှိပြီး ဒေသအပေါ် မှီတည်မနေကြောင်း ကျနော်ဆွးနွေးခဲ့ပြီး ဖြစ်ပါသည်။ ဒီမိုကရေစီသည် အကြွင်းမဲ့တန်ဖိုးစံ တရပ်ဖြစ်သည်ဟူသော အဆို၏ အားသည် အဆိုပါ အားသာမှုအတွင်း ရှိနေခြင်းဖြစ်ပါသည်။ ထိုအရာသည်ပင် အငြင်းအခုံ ဖြစ်နေသည့် နယ်ပယ်ဖြစ်ပါသည်။ စိတ်ကူးထဲက ယဉ်ကျေးမှုနှင့် မကိုက်ညီသောအချက်များ သို့မဟုတ် နောက်ခံသမိုင်းအသီးသီးက ချမှတ်ပြဋ္ဌာန်းလိုက်သည့် ရှိနေသည်ဟု ယူဆထားသည့် လူ့ယဉ်ကျေးမှုဆိုင်ရာ တွန်းအားပေးသည့်အရာများက အဆိုပါ အငြင်းအခုံနယ်ပယ်ကို အနိုင်ယူလိုက်နိုင်မည် မဟုတ်ပေ။

(ပြီး)

(အမတြာ ဆင်း (Amartya Sen) ၏ ဆောင်းပါး “Democracy as a Universal Value” ကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဒေါက်တာ အမတြာ ဆင်းသည် နိုဗဲလ်ဆုရ စီးပွားရေးပညာရှင်ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Loading