စပ်ကြားအစိုးရများအကြောင်း သုံးသပ်ကြည့်ခြင်း (၃)

လယ်ရီ ဒိုင်းမွန်း

This article has been converted from Zawgyi One to Unicode

အုပ်ချုပ်ရေးစနစ်တွေ အစိုးရတွေကို အမျိုးအစား ခွဲခြားသတ်မှတ်ရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းကိစ္စတွေ ပေါ်လာပြီး အဲဒီလိုခွဲခြား သတ်မှတ်ကြတာက လွယ်ကူရှင်းလင်းမှုမရှိဘဲ အငြင်းပွားစရာလည်း ကောင်းတယ်ဆိုတာကို တခြားပညာရှင်တွေကလည်း ပြောပါတယ်။ ဖမ်းဆုပ်ရခက်ပြီး ရှုပ်ထွေးတဲ့ လက်တွေ့ အခြေအနေတွေကို စံတော်ဝင် ပုံစံတွေနဲ့ နှိုင်းယှဉ်ရတာကို မကြိုက်ပေမယ့် တခြားနည်းလည်း မရှိပါ။ ဒါကြောင့်မို့လည်း ကျနော်က အုပ်ချုပ်ရေး စနစ်တွေ တော်တော်များများကို “ယတိပြတ်မပြောနိုင်သော” လို့ တံဆိပ်ကပ်ပေးထားတာ ဖြစ်ပြီး အဲဒီလို တံဆိပ်ကပ်ထားတာကလည်း ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲရှိသော အာဏာပိုင်စနစ်တို့ကြားက နယ်နိမိတ်မျဉ်းကို ကွဲပြားခြားနားပုံကိုပဲ အာရုံစိုက်ပြောဆိုနိုင်ပါတယ်။ လစ်ဘရယ် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲရှိသော ဒီမိုကရေစီ တို့ကြားက ခြားနားချက်၊ ပြိုင်ဆိုင်မှုရှိရှိ ရွေးကောက်ပွဲ ကျင်းပတဲ့ အာဏာပိုင်စနစ်နဲ့ တစ်စုတစ်ဖွဲ့ အာဏာလွမ်းမိုး  စနစ်တွေကြား ခြားနားချက်တွေကို ပြောမယ်ဆိုတာလည်း ခက်ခဲပါတယ်။ အငြင်းပွားစရာဖြစ်စေမဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လိုလာပြန်ပါတယ်။ ဒါကြောင့် ဇယား ၂ မှာ အုပ်ချုပ်ရေးစနစ်တွေကို အဆင့်ခွဲခြားထားတာက အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပေးခြင်းဆိုတာထက် အရှိကိုသရုပ်ဖော်ပြခြင်းလို့ ပိုပြောနိုင်ပါတယ်။

ရှယ်ဒလာ ပြောခဲ့သလိုပါပဲ ရွေးကောက်ပွဲသက်သက် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အာဏာပိုင်စနစ်တွေကို ခွဲခွဲခြားခြား ပြောဖု့ိဆိုတာက လွတ်လပ်မှု၊ တရားမျှတမှု၊ အားလုံးပါဝင်အောင် လမ်းဖွင့်ပေးထားမှု၊ ရွေးကောက်ပွဲတွေ အဓိပ္ပါယ်ရှိမှု ဆိုတာတွေအပေါ် မူတည်ပါလိမ့်မယ်။ အတိုက်အခံပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတဲ့အခါ၊ ပြည်သူတွေမဲပေးတဲ့အခါ၊ မဲတွေကို ရေတွက်တဲ့အခါ ဘယ်လောက်အထိ လုပ်နိုင်လဲဆိုတဲ့ ရှု့ထောင့်ကနေကြည့်ပြီး ရွေးကောက်ပွဲတွေ လွတ်လပ်မှု၊ တရားမျှတမှု ရှိမရှိ ဆိုတာကို အဆုံးအဖြတ်ပေးဖို့ဆိုတာ ပိုခက်တောင်ခက်ပါတယ်။ ဒါကြောင့်မို့လည်း ယတိပြတ်မပြောနိုင်တဲ့ နိုင်ငံတွေ၊ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အာဏာပိုင်နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးရင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လာရောက်လေ့လာပြီး ပေးအပ်တဲ့အကဲဖြတ်ချက်တွေက အပေါ်ယံကျတယ်၊ အချိန်စောလွန်းတယ်၊ နိုင်ငံရေးအရ ဘက်လိုက်တာတွေပါတယ်ဆိုပြီး ခဏခဏ ဝေဖန်ခံနေရတာပါ။

နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက နိမ့်နေ၊ နည်းနေရင်၊ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတခုခုကို ထောက်ခံသူတွေက မဲဆွယ်စည်းရုံး လှုပ်ရှားဖို့အတွက် လွတ်လပ်ခွင့််တွေ အများအပြားရထားရင်၊ မဲဆန္ဒရှင်တွေက သူတို့ရဲ့မဲပေးပိုင်ခွင့်ကို လက်တွေ့ကျင့်သုံးတဲ့နေရာမှာ အကျပ်ကိုင်ခြိမ်းခြောက်ခံရမှုတွေ လုံးဝမရှိသလောက်နီးပါး ဖြစ်နေတယ်ဆိုရင် ရွေးကောက်ပွဲတွေက လွတ်လပ်ပါတယ်။ လွတ်လပ်စွာမဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ဆိုရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနှိုင်မှု၊ လွတ်လပ်စွာလှုပ်ရှားမှု၊ လွတ်လပ်စွာ စုဝေးမှု၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့နိုင်မှု ဆိုတာတွေပါဝင်ရပါမယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းမှာ အပြည့်အ၀ မလှုပ်ရှားနိုင်ရင်တောင် နိုင်ငံရေးနယ်ပယ်မှာတော့ လှုပ်ရှားနိုင်ခွင့်ရှိရပါမယ်။ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်နဲ့ လူမှုအဖွဲ့အစည်းနယ်ပယ် ဆိုတာကို ခွဲခြားပြောဆိုဖို့ခက်သလို၊ အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အတိုင်းအဆကိုလည်း တိုင်းတာဖို့ဆိုတာ ခက်ပြန်ပါသေးတယ်။ ဒီမိုကရေစီ လုံးဝမဆန်ဘူးလို့ ပြောနိုင်ဖို့အတွက် အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေ ဘယ်နှစ်ယောက်လောက် သေဆုံးပေးရမလဲ ဆိုတာကိုလည်း မေးစရာဖြစ်လာပါတယ်။ ထုံးစံအားဖြင့်ဆိုရင်တော့ လူတစ်ယောက်ထက်ပို သေရင်တောင် ဒီမိုကရေစီမဆန်ဘူးလို့ ပြောရမှာပါ။

ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ၁၉၉၈ ခုနှစ်ရွေးကောက်ပွဲတွေ မတိုင်ခင် ၂ လအလိုမှာ လူအသက်သေဆုံးမှု ဖြစ်စေတဲ့ တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၂၁ ခုလောက် ဖြစ်ခဲ့ပါတယ်။ အန္ဒိယနိုင်ငံမှာဆိုရင် ရွေးကောက်ပွဲတွေနဲ့ သက်ဆိုင်တဲ့ လူသတ်မှုဆိုတာက သမိုင်းအစဉ်အလာလို ဖြစ်နေပြီး မကြာသေးခင် နှစ်တွေအတွင်းမှာဆိုရင် တချို့ပြည်နယ်တွေမှာ လန့်ဖျပ်စရာကောင်းတဲ့အထိ မြင့်တက်လာခဲ့ပါတယ်။ အန္ဒိယနိုင်ငံက ဒီမိုကရေစီ ဖြစ်တယ်ဆိုတာ သြဇာ တိက္ကမ ကြီးမားတဲ့ လေ့လာစောင့်ကြည့်သူတွေက မငြင်းပေမယ့် အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေ ထူပြောတာကြောင့် (ဘီဟာပြည်နယ်လို) တချို့နေရာဒေသတွေက ရွေးကောက်ပွဲဖြစ်စဉ်ကို အကြီးအကျယ် စွန်းထင်း စေပါတယ်။ ဒါကြောင့် အဲဒီပြည်နယ်တွေအတွင်း ဒီမိုကရေစီက မလွတ်လပ်တဲ့ ဒီမိုကရေစီဖြစ်ပြီး အရည်အသွေး ကျဆင်းနေပါတယ်။ အစိုးရတခုကို စောကြောစစ်ဆေးတဲ့နေရာမှာ တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရက ဒါမှမဟုတ် အာဏာရပါတီက အပြစ်ပေးအရေးယူခြင်း၊ ခြိမ်းခြောက်အကြမ်းဖက်ခြင်းနဲ့ အသရေဖျက်ခြင်းတွေ လုပ်ဆောင်ပြီး အတိုက်အခံတွေပေါ်ကို နိုင်ငံရေးအရ အကြမ်းဖက်တာတွေကို ရှင်းရှင်းလင်းလင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေမနေ  ဆိုတာကို အရေးတယူထည့်သွင်း စဉ်းစားရပါတယ်။

ရွေးကောက်ပွဲတွေ လွတ်လပ်မှုရှိ မရှိဆိုတာကို စစ်ဆေးတဲ့နေရာမှာ အကြမ်းဖက်မှုတွေ၊ အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အတိုင်းအဆ၊ ပုံသဏ္ဍန်နဲ့ နောက်ခံအနေအထားကို အသေးစိတ်ကအစ သေသေချာချာနဲ့ စစ်ဆေးဆုံးဖြတ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲတရားမျှတမှု ဆိုတာလည်း ဒီလိုပါပဲ။ ဒီမိုကရေစီတစ်ခု ဖြစ်တည်ဖို့ လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်တွေကိုတောင် အကြီးအကျယ် ချိုးဖောက်နေပြီး အစိုးရနဲ့ အတိုက်အခံတွေ ကြားမှာ မညီမျှတဲ့ ကစားကွင်းတခုကို ဖန်တီးပေးနေပြီဆိုရင် အဲဒီနိုင်ငံရေးစနစ်က ရွေးကောက်ပွဲရှိတဲ့ အာဏာပိုင်စနစ်ဆီကို လျှောကျသွားပြီလို့ လယ်ဗစ်စကီးနဲ့ ဝေးတို့က အခိုင်အမာပြောထားပါတယ်။ ဒါပေမယ့် ရင့်ကျက်ခိုင်မာပြီးသား လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံတွေမှာလည်း လုံးဝညီညာပြန့်ပြူးတဲ့ ကစားကွင်းဆိုတာ မရှိပါ။ အာဏာရပါတီ ဒါမှမဟုတ် အစိုးရအဖွဲ့က “အာဏာလက်ရှိပုဂ္ဂိုလ်” ရဲ့ အားသားချက်တွေကို ရတတ်ပါတယ်။ ဆိုလိုတာကတော့ မီဒီယာကို ပိုပြီးလွယ်လင့်တကူသုံးနိုင်၊ စီးပွားရေးလုပ်ငန်းတွေ ဆီကနေ ရန်ပုံငွေကို ပိုပြီးအလွယ်တကူ ကောက်ခံနိုင်၊ ဒါမှမဟုတ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့အခါ အစိုးရ မော်တော်ယာဉ်တွေ၊ဝန်ထမ်းတွေကို (တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ) ပိုပြီးလွယ်လွယ်ကူကူ သုံးစွဲနိုင်မှုကို ဆိုလိုတာပါ။ ပြီးပြည့််စုံပြီး ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ ဒီမိုကရေစီစနစ်ဆိုတာ မရှိဘဲ အမြဲပြတ်လေ့လာ စောင့်ကြည့်နေဖို့ လိုအပ်ပြီး  နေရာအနှံ့ဖြစ်ပေါ်တဲ့ အကြမ်းဖက်မှုတွေက ရွေးကောက်ပွဲတွေရဲ့ ယေဘုယျ ဒီမိုကရေစီ စရိုက်လက္ခဏာတွေကို ပျက်ပြယ်မသွားအောင် လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။

ရွေးကောက်ပွဲတွေကို အကဲဖြတ်လေ့လာတဲ့အခါမှာ သူတို့ရဲ့ လုပ်ဆောင်ပုံစနစ်အတွင်းက ထူးခြားတဲ့ စရိုက်လက္ခဏာတွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိမရှိဆိုတာကို အကဲဖြတ်ဖို့အတွက် အနုစိတ်ကျကျ ကြိုတင်သတ်မှတ်ချက်တွေ ရှိထားပါပြီ။ ဘက်မလိုက်ဘဲ ကြားနေတဲ့ အာဏာပိုင် အဖွဲ့အစည်တခုခုက ကျင်းပပေးတယ်ဆိုရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ မဲပေးတဲ့အခါမှာ နဲ့ မဲရေတွက်တဲ့အခါမှာ လိမ်ညာမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ ရွေးကောက်ပွဲကျင်းပရေး အဖွဲ့က အရည်အချင်းတွေပြည့်ဝပြီး အရင်းအမြစ်တွေ ကြွယ်ဝတယ်ဆိုရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေကို ရဲ၊ စစ်တပ်၊ နဲ့ တရားရုံးတွေက ရွေးကောက်ပွဲလုပ်ငန်းစဉ် တခုလုံးမှာ ကျောသားရင်သား မခွဲခြားဘဲ တပြေးညီဆက်ဆံတယ်ဆိုရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူတွေအားလုံးက ပြည်သူပိုင်မီဒီယာကို အားလုံးတပြေးညီ သုံးစွဲနိုင်ခွင့်ရတယ်ဆိုရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ အတိုက်အခံတွေ အင်အားနည်းသွားအောင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲထားတာ မရှိဘူးဆိုရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ မဲပေးခြင်းနဲ့ မဲရေတွက်ခြင်းကို ရွေးကောက်ပွဲကျင်းပရာ နေရာဌာနအားလုံးမှာ လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပေးထားရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ လျှို့ဝှက်မဲပေးမှုဖြစ်အောင် သေချာကြပ်မတ် လုပ်ဆောင်ပေးရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ အရွယ်ရောက်သူအားလုံးနီးပါး မဲပေးပိုင်ခွင့်ရှိရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ ရွေးကောက်ပွဲကျင်းပြခြင်းနဲ့ မဲရေတွက်ခြင်း လုပ်ထုံးလုပ်နည်းတွေက ပွင့်လင်းမြင်သာမှုရှိပြီး အာလုံးသိနိုင်အောင် ထုတ်ပြန်ပေးထားရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ စောဒကတက်မှုတွေကို ဖြေရှင်းဖို့ ရှင်လင်းပြီး ဘက်မလိုက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိတယ်ဆိုရင် ရွေးကောက်ပွဲတွေ တရားမျှတပါတယ်။

ရွေးကောက်ပွဲ တရားမျှတအောင် လုပ်ဆောင်ပေးနိုင်တာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် လွတ်လပ်မှုနဲ့  တရားမျှတမှုကို အားနည်းသွားအောင် ပြင်းပြင်းထန်ထန်ကြိုးစား ထုတ်လာပြီဆိုရင်တော့ သက်ဆိုင်ရာ အင်စတီကျူရှင်း နယ်ပယ်တွေမှာ (ရွေးကောက်ပွဲရက် မရောက်ခင် အစောကြီးထဲကိုက) ထင်ရှားလာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာ ပုဂ္ဂိုလ်တွေမှာ  အဲဒီပေါ်လာတဲ့ အင်စတီကျူးရှင်းဆိုင်ရာ ဘက်လိုက်မှုတွေ၊  မတော်မတရား လုပ်ဆောင်မှုတွေ ကို မြင်နိုင်ဖို့လုံလောက်တဲ့ အချိန်၊ အတွေ့အကြုံ၊ သတ္တိ၊ ကျွမ်းကျင်မှု ရှိမရှိဆိုတာ အပေါ်မူတည်ပြီးတော့ပဲ မြင်မမြင်ဆိုတာ ကွာခြားသွားမှာပါ။

ဆက်လက်ဖော်ပြပါမည်။

(လယ်ရီဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာ၊ National Endowment for Democracy’s International Forum for Democratic Studies ၏ ပူးတွဲညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး Hoover Institution တွင်လည်း ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သည်။ မကြာသေးခင်က ထွက်ရှိထားသော စာအုပ်များမှာ Political Parties and Democracy [Richard Gunther နှင့် ပူးတွဲတည်းဖြတ်] နှင့် The Global Divergence ofDemocracies (Marc F. Plattner နှင့် ပူးတွဲတည်းဖြတ်) တို့ဖြစ်သည်။)

Loading