Politics

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၂) - ဗိုလ်နေဝင်း တင်းကျပ်စွာ ချုပ်ကိုင်လာခြင်း

This article has been converted from Zawgyi One to Unicode

မိုးတွေ ရွာကောင်းရွာနေနိုင်တဲ့ ၁၉၅၃ ခုနှစ် ဇူလိုင်လအတွင်းက နေ့တနေ့မှာ ဒုတိယဗိုလ် သန်းရွှေ အမှတ် (၁) ခြေမြန်တပ်မမှာ စတင် တာဝန်ထမ်းဆောင် ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို ခရီးထွက်ခဲ့ရပြီး အရာရှိ အတော်များများကတော့ ဗိုလ်သန်းရွှေဟာ တိုက်ပွဲဝင်ဖို့ တွန့်ဆုတ်နေတတ်တဲ့ အရာရှိတယောက်လို့ ပြောကြပါတယ်။ နောက် ၅ နှစ်ကြာတဲ့အခါမှာတော့ သူဟာ ဗိုလ်ကြီးအဆင့်ကို တက်လာပါတယ်။

၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ရန်ကုန်ကိုလာဖို့ အမိန့်စာတစောင် ဗိုလ်ကြီးသန်းရွှေ လက်ခံရရှိခဲ့ပါတယ်။ သူ့ရဲ့ တာဝန်အသစ်ကတော့ စိတ်ဓာတ် စစ်ဆင်ရေးဌာနမှာ တာဝန်ထမ်းဆောင်ရင်း ဦးစောဦးနဲ့ ဦးချစ်လှိုင်တို့ရဲ့ လက်အောက်မှာ လေ့လာသင်ယူဖို့ပါပဲ။

အဲဒီအချိန်မှာ မြန်မာစစ်တပ်ရဲ့ တပ်မှူးတွေဟာ အစိုးရသစ်တခု ထူထောင်နိုင်ဖို့ ဗိုလ်ချုပ်နေဝင်းမှာ အစီအစဉ်ရှိတဲ့ အကြောင်း ၁၉၅၆ ခုနှစ် မိတ္ထီလာမှာ ပြုလုပ်ခဲ့တဲ့ တပ်မှူးညီလာခံ အပြီးမှာကတည်းက သိနေကြပါပြီ။ ဒါက အာဏာသိမ်းမှုတခု မဖြစ်လာမီ လုပ်ရမယ့်အကြောင်းလည်း ဖြစ်ပါတယ်။

တကယ်တော့ ဗိုလ်ချုပ်နေဝင်းဟာ ဗုဒ္ဓဝါဒကိုရော၊ ဆိုရှယ်လစ်ဝါဒကိုပါ ယုံကြည်သက်ဝင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာကို ရယူပြီးတဲ့နောက် နိုင်ငံကို ဦးဆောင်ထိန်းချုပ်ဖို့ နိုင်ငံရေး အယူဝါဒတခု သူက ရှိချင်ခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် ဝါဒနဲ့ ဆိုရှယ်လစ် အတွေးအမြင်တွေ ပြန့်ပွားထွန်းကား လာစေဖို့ ဗိုလ်မှူးကြီး ဘသန်း၊ ဦးစောဦးနဲ့ ဦးချစ်လှိုင်တို့ကို အထူးအားထားခဲ့တယ်။ သူနဲ့ သူယုံကြည်တဲ့ လုပ်ဖော်ကိုင်ဖက် တွေကလည်း ဆိုရှယ်လစ်ဝါဒဟာ တိုင်းပြည်မှာ စတင်ကျင့်သုံးဖို့ အကောင်းဆုံး အယူဝါဒလို့ ယုံကြည်သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် မာ့က်စ်ဝါဒ အတွေးအခေါ်တွေကို ထပ်တူကူးပြီး အဲဒီလမ်းစဉ်အတိုင်း လုပ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ မှားယွင်းမှုမျိုး ထပ်ဖြစ်လာမှာ မလိုချင်ဘူးလို့ ဗိုလ်ချုပ်နေဝင်းက ဦးစောဦးနဲ့ ဦးချစ်လှိုင်ကို ပြောခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ဖို့ ကြိုးစားခဲ့တဲ့ ဝန်ကြီးချုပ် ဦးနုရဲ့ လမ်းစဉ်ကိုလည်း သူက မလိုက်ချင်ပါဘူး။

မြန်မာနိုင်ငံသား အများစုက ဗုဒ္ဓဘာသာ ဖြစ်နေတဲ့အတွက် သူ့ရဲ့ နိုင်ငံရေး သဘောတရားအသစ်မှာ ဗုဒ္ဓဘာသာ အတွေးအခေါ်လည်း ပါဝင်စေချင်ပြန်ပါတယ်။ ဒါကြောင့် သူက ဦးစောဦးနဲ့ ဦးချစ်လှိုင်ကို ဗုဒ္ဓဘာသာ ယုံကြည်မှုနဲ့ ပေါင်းစပ်ထားပြီး မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ လိုက်လျော ညီထွေရှိမယ့် ဆိုရှယ်လစ် သဘောတရားတခု ရေးဆွဲဖို့ တောင်းဆိုခဲ့တယ်။ နောက်ဆုံးရလဒ် အဖြေအနေနဲ့ကတော့ အလယ်အလတ် လမ်းစဉ်လို့ ဦးစောဦးက မိတ်ဆက်ခဲ့တဲ့ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ပေါ် ထွက်လာခဲ့ပါတယ်။

လူငယ်အရွယ်ပဲ ရှိသေးတဲ့ ဗိုလ်ကြီး သန်းရွှေဟာ ဦးစောဦးနဲ့ အတူရှိစဉ်မှာလည်း အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။ သိပ်မကြာခင်မှာပဲ သူဟာ စိတ်ဓာတ်စစ်ဆင်ရေး ဌာနရဲ့ တိုင်းအဆင့် အကြီးအကဲအဖြစ် မန္တလေးကို ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်ရပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ တောင်ပိုင်းတိုင်းနဲ့ မြောက်ပိုင်းတိုင်းရယ်လို့ စစ်တိုင်း ၂ တိုင်းပဲရှိပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ဗိုလ်ချုပ် ကြီးနေဝင်းက ဗိုလ်မှူးကြီး စန်းယုကို ဗိုလ်ကြီး သန်းရွှေ တာဝန်ကျနေတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ပါတယ်။ ဗိုလ်မှူး ကြီးစန်းယုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင် ချိန်မှာ ဗိုလ်ကြီး သန်းရွှေဟာ သူ့ရဲ့ အထက်လူကြီးနဲ့ လုပ်ငန်းခွင် ဆက်ဆံရေးမျိုးပဲ ရှိခဲ့တယ်လို့ ဦးချစ်လှိုင် က ပြန်ပြောပြပါတယ်။

၁၉၆၂ မတ်လမှာ ဗိုလ်ချုပ်ကြီး နေဝင်းက သူအစောကြီးကတည်းက စီစဉ်ထားတဲ့အတိုင်းပဲ ဦးနုရဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်ပါတယ်။ ဇူလိုင်လထဲ  ရောက်တဲ့အခါ  ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့  တော်လှန်ရေးကောင်စီက “မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BSPP)” ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ အဖွဲ့ဝင်တွေကတော့ ဗိုလ် ချုပ်ကြီးနေဝင်းနဲ့ သူ့ကိုသစ္စာခံတဲ့ တပ်မှူးတွေပါပဲ။

နောက်နှစ်မှာတော့  ဗိုလ်မှူးကြီး  စန်းယုက ဗိုလ်ကြီး သန်းရွှေကို ရန်ကုန်ဆင်ခြေဖုံးက မင်္ဂလာဒုံမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်းကို ပို့လိုက်တဲ့အတွက် အဲဒီမှာတာဝန်ယူနေတဲ့ သူ့ရဲ့ ဆရာဟောင်းတွေဖြစ်တဲ့ ဦးစောဦး၊ ဦးချစ်လှိုင်တို့နဲ့ ၁၉၆၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်းကို ၁၉၇၁ ခုနှစ်မှာ ဗဟိုနိုင်ငံရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်ခဲ့ပါတယ်။

ဗိုလ်ကြီး သန်းရွှေက နိုင်ငံရေးသမိုင်းဌာနရဲ့  ဌာနမှူးအဖြစ် တာဝန်ယူရပါတယ်။ သူ့ရဲ့တာဝန်က ပါတီကေဒါ အသစ်တွေကို နိုင်ငံရေးသမိုင်းနဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို သင်ကြားပေးဖို့ပါ။ အဲဒီ အချိန်က သဘောတရားကို နာမ-ရူပလို့ သိကြပါ တယ်။ နာမ ဆိုတာ လူသားတို့ရဲ့  စိတ်ပိုင်းဆိုင်ရာကို ဆိုလိုပြီးတော့ ရူပကတော့ ရုပ်ပိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာမှာ နာမနဲ့ ရူပဟာ သီးခြားစီ မဟုတ်ဘဲ အပြန်အလှန် မှီခိုနေကြပါတယ်။ နာမ-ရူပ (နာမ်နဲ့ ရုပ်) ပေါင်းစပ်လို့ သက်ရှိလူသား ဖြစ်ပါ တယ်။

ဗိုလ်ကြီးသန်းရွှေက မနက်တိုင်း သင်တန်းတွေ မှာ စာသင်တဲ့အခါမှာ လူငယ်စစ်ဗိုလ်လေးဟာ ဗိုလ်သင်တန်း ကာလတွေကနဲ့ သိပ်ပြီးပြောင်းလဲလာတာ မရှိဘူးလို့ ဦးချစ်လှိုင်က သုံးသပ်ပါတယ်။ တခါတရံ သင်တန်းသားတွေဟာ သူနဲ့ ပြောဆို ဆက်ဆံရာမှာ ကမောက်ကမ ဖြစ်မှုတွေလည်း တွေ့ခဲ့ရပါတယ်တဲ့။ ဗိုလ်ကြီးသန်းရွှေဟာ သူ့ရဲ့ နိုင်ငံရေး အယူအဆကို ထုတ်ဖော်ပြောဆိုခဲပေမယ့် ဦးချစ်လှိုင်ကတော့ သူ့ကို လက်တွေ့ကျသူ၊ မျိုးချစ်စိတ်ရှိသူ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကိုသစ္စာရှိတဲ့ နောက်လိုက်တဦးလို့ ယုံကြည်ထားခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဗိုလ်ကြီးသန်းရွှေဟာ သူ့ရဲ့မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောခြင်းကနေ ရှောင်ကြဉ်တတ်ပေမယ့် ရာထူးမြန်မြန်တက်ဖို့ အခွင့်အလမ်း ပိုကောင်းတဲ့ တိုက်ခိုက်ရေး တပ်တွေဆီကို ပြန်ပြောင်းချင်တယ်ဆိုတာကိုတော့ ပြောခဲ့ပါတယ်။ သူ့ဆန္ဒတွေ ၁၉၆၉ ခုနှစ် ဇန်နဝါရီလမှာ ပြည့်စုံခဲ့ပြီး ကရင်ပြည်နယ်မှာရှိတဲ့ အမှတ် (၇၇) ခြေမြန်တပ်မကို ဗိုလ်မှူးရာထူးနဲ့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီတပ်ရင်းနဲ့အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၊ ပဲခူးရိုးမ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေကို လှည့်လည်သွားခဲ့ရပါတယ်။

မွန်ပြည်နယ်မှာ ဗိုလ်မှူးသန်းရွှေဟာ သူ့ရဲ့ ဘဝကြင်ဖော်ဖြစ်လာမယ့် ဒေါ်ကြိုင်ကြိုင်နဲ့ ဆုံစည်း ခဲ့ရပြီး ချက်ချင်းလိုလိုပဲ ချစ်ကျွမ်းဝင်သွားကြတယ်လို့ ဆိုပါတယ်။  ဒေါ်ကြိုင်ကြိုင်ဟာ  မွေးချင်း ၁၁ ယောက်မှာ ဒုတိယအငယ်ဆုံး သမီးဖြစ်ပြီးတော့ သူ့ ဖခင်ဦးကြူတင်က တရုတ်လူမျိုး စစ်စစ်ဖြစ်ပြီး မိခင် ဒေါ်ဖွားမေကတော့ ပအို့ဝ်အမျိုးသမီးပါ။ ဒေါ်ဖွားမေဟာ လူငယ်စစ်ဗိုလ်လေးကို မသိပါဘူး။ ဒါပေမယ့် စစ်ရုံးမှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်တွေ ကနေတဆင့် ဗိုလ်မှူး သန်းရွှေရဲ့ နောက်ခံအကြောင်းကို စုံစမ်း ကြည့်ပြီးတဲ့အခါမှာတော့ သူ့သမီးနဲ့ လက်ထပ်ခွင့် ပြုလိုက်ပါတယ်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ရန်ကုန် စစ်ရုံးချုပ်ကို ပြောင်းရွှေ့လာပြီး စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်နဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေကို တာဝန်ယူ စီမံခန့်ခွဲရပါတယ်။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်က လက်နက်ကိုင် သူပုန်တွေကို တိုက်ထုတ်ဖို့နဲ့ ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ကြားက ရန်သူတွေရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပစ် နိုင်ဖို့အတွက်မြန်မာ စစ်တပ်က “ရွှေလင်းယုန် စစ်ဆင်ရေး” ကို ဆင်နွှဲနေ ချိန်ဖြစ်ပါတယ်။

ဗိုလ်မှူးသန်းရွှေနဲ့ စစ်ရုံးချုပ်က ဦးစီးအရာရှိတွေရဲ့အလုပ်ဟာ သမားရိုးကျပဲဖြစ်ပေမယ့် စိတ်ဝင် စားစရာကောင်းတဲ့ တာဝန်တွေလည်း အဲဒီအချိန်က ရှိနေပါသေးတယ်။ စိတ်ထားနူးညံ့ပုံရတဲ့ ဗိုလ်မှူးချုပ် စန်းယုဟာ အလုပ်ကြိုးစားသူ ဖြစ်ပေမယ့် သူတပါးအပေါ် ယုံမှားသံသယ ကြီးမားတတ်သူလည်း ဖြစ်ပါတယ်။ သူက ရှေ့တန်းကပို့လိုက်တဲ့ စာတွေနဲ့ မိသားစုရဲ့စာတွေကို စစ်ဦးစီးမှူး (ဒုတိယတန်း) တွေကဖတ်ပြီး အန္တရာယ်ရှိနိုင်တဲ့စာကို စောင့်ကြည့်စေချင်ပါတယ်။ တခါတလေ သံသယရှိတဲ့စာတွေကို ဖွင့်ဖောက်စစ်ဆေးဖို့ အရာရှိတွေကို ညွှန်ကြားတတ်ပါတယ်။  တပ်ရင်းတပ်ဖွဲ့တွေနဲ့  ရှေ့တန်းနယ်မြေ အတွင်းကိုပို့တဲ့ စာတွေကိုတောင်မှ သူက ဒီလိုလုပ် စေချင်ပါတယ်။

၁၉၇၀ ကျော်နှစ်တွေ အတွင်းမှာတော့ ဗိုလ်ချုပ် ကြီးနေဝင်းဟာ စစ်တပ်ရဲ့ ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပေးမှုကို ဆက်လက်ရရှိထားဆဲ ဖြစ်ပေမယ့် ပြည်သူကြားမှာ ရေပန်းစားမှုကတော့ လျော့ကျလာခဲ့ပါတယ်။ ၁၉၇၄ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ ရန်ကုန်မြို့ လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပထမတခုက အလုပ်သမားအရေး အခင်းဖြစ်ပြီး နောက်တခုကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ရာကနေ စတင်ဖြစ်ပွားခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဦးသန့်ဆိုတာက မတူညီတဲ့ကမ္ဘာတွေမှာ နေထိုင်ကြသူတွေလို့ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက တက္ကသိုလ်က ထွက်ခဲ့ရသူဖြစ်ပြီးတော့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်ဖြစ်ပါတယ်။ ကျောင်းဆရာ တယောက်ဖြစ်ခဲ့ဖူးသလို၊ ဗိုလ်ချုပ်ကြီး နေဝင်း ဖြုတ်ချခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဦးသန့်ကတော့ အများက လေးစားကြတဲ့ သံတမန်တဦး ဖြစ်ပါတယ်။ တခါတုန်းက နယူးယောက်မှာရှိတဲ့ ရုံးကနေ မိခင်နိုင်ငံ ခဏပြန်လာတဲ့ ဦးသန့်ကို တွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီး နေဝင်းက ငြင်းဆန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦးကတော့ တွေ့ဆုံခဲ့ပြီး ဦးသန့်ကို ချက်ချင်း လေးစားသွားတဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်း ဒေါသတကြီး ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

၁၉၇၄ ခုနှစ် နယူးယောက်မြို့မှာ ဦးသန့် ကွယ်လွန်တော့ သူ့ရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်လည် သယ်ဆောင်လာတဲ့အခါမှာ ဦးနေဝင်းက နိုင်ငံတော်ဈာပနအဖြစ် ကျင်းပခွင့် မပြုခဲ့ပါဘူး။ အလောင်းကို ပြန်သယ်လာတာဟာ တရားမဝင်ဘူး၊ သယ်လာခဲ့ရင်လည်း ဦးသန့်ရဲ့ ကျန်ရစ်သူ မိသားစုတွေကို အရေးယူလိမ့်မယ်ဆိုတဲ့ သဘောမျိုး အစိုးရအာဏာပိုင်တွေက အရိပ်အမြွက် ပြသခဲ့တာ မျိုးတွေတောင်မှ ရှိခဲ့ပါတယ်။

ဒါကြောင့် ကျောင်းသားတွေက ဒေါသထွက်ပြီး ဦးသန့်ရဲ့  ခေါင်းတလားကို ရန်ကုန်တက္ကသိုလ်ကို သယ်ဆောင် သွားခဲ့ကြပါတယ်။ အခြေအနေကလည်း အစိုးရဆန့်ကျင်ရေး စုရုံးမှုအသွင်ကို ခပ်မြန်မြန်ပဲ ပြောင်းသွားပြီးတော့ ဦးသန့်ကို အရေးထားလေးစား ဂုဏ်ပြုပေးဖို့ သူတို့က တောင်းဆိုကြပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့ရဲ့ဝန်ကြီးတွေ အပါအဝင် ထင်ရှားတဲ့ ခေါင်းဆောင်တွေကို မြှုပ်နှံထားတဲ့ ရွှေတိဂုံစေတီခြေရင်းမှာ အထိမ်းအမှတ် အဆောက်အဦ ဆောက်လုပ်ပေးဖို့ သဘောတူလိုက်ပါတယ်။

ဒါပေမယ့် အစွဲအလမ်းကြီးတဲ့ ကျောင်းသားတဖွဲ့က ငြင်းပယ်လိုက်ပြီး ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ဖြိုချဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦ တည်ရှိရာမှာ မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ အခြေအနေတွေက ပိုရှုပ်ထွေးလာခဲ့ပါ တော့တယ်။

အပိုင်း (၃) ကို ဆက်လက်ဖော်ပြပါမည်။

(ဧရာဝတီမဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြခဲ့သော အောင်ဇော်၏ Dictator:A Story of Burma’s Military Rulers ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Loading