ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပိတ်ဆို့ ဆန္ဒပြသူများကို ဦးဆောင်နေသည့် ဆူထေ့ပ် သပ်ဆူဗန်က ယင့်လတ် အစိုးရ နုတ်ထွက် ပေးရေးမှ လွဲပြီး တခြားမည်သည့် ညှိနှိုင်းမှုမျိုးကိုမှ လက်ခံမည် မဟုတ်ကြောင်း ပြောကြား လိုက်သည်။
လက်ရှိထိုင်းအစိုးရကို ဆန့်ကျင်နေသူများက ဘန်ကောက်မြို့တွင်းရှိ နေရာ ၇ ခုကို သွားလာလှုပ်ရှားမှုနှင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့် သွားစေရန် တနင်္ဂနွေနေ့ ညနေပိုင်းက စတင်ပြီး ဆန္ဒပြနေခြင်း ဖြစ်ရာ ယင်း ဆန္ဒပြသူများ၏ ဦးဆောင်သူ ဆူထေ့ပ် သပ်ဆူဗန်က ထိုသို့ ပြောကြားခြင်း ဖြစ်ကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။
“ညှိနှိုင်းမှုတွေ လုပ်ဖို့ တချို့လာပြောကြပါတယ်၊ ဘယ်ကိစ္စကိုမှ လက်မခံဘူး၊ ဒါပေမယ့် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဖြတ်လမ်း နိုင်ငံရေး အသုံးပြုနေတဲ့ ယင့်လတ် အစိုးရ နုတ်ထွက်ပေးရေးကိုပဲ လက်ခံမယ်”ဟု ဆူထေ့ပ် သပ်ဆူဗန်က ဇန်နဝါရီ ၁၂ ရက် ညနေပိုင်း၌ ဆန္ဒပြသူများကို ပြောကြားကြောင်း ထိုင်းဘာသာနှင့် ထုတ်လွှင့်နေသည့် ဒေးလီး နယူးစ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဆက်လက်ပြီးတော့ ဆူထေ့ပ် သပ်ဆူဗန်က“ဒီတခါ အရှုံးနဲ့ အနိုင်ပဲ၊ အစိုးရက အနိုင်ရရင် ကျနော် ထောင်ထဲဝင်မယ်၊ ထောင်ထဲမှာ သေသွားရင်လည်း ဘာမှ မဖြစ်ဘူး၊ တကယ်လို့ နိုင်ခဲ့ရင် ဘယ်နိုင်ငံရေး ပါတီကမှ ပြည်သူလူထုကို အနိုင်ကျင့်လို့မရတော့ဘူး”ဟု သူက ဆိုသည်။
ဘန်ကောက်မြို့လယ် နေရာများ ပိတ်ဆို့ ဆန္ဒပြမှုတွင် အချက်အချာကျသည့် Ratchaprasong နှင့် Pathumwan နေရာများလည်း ပါဝင်ကြောင်း သတင်းများက ဆိုသည်။
နောက်ဆုံးရ ထိုင်းသတင်းများတွင် ဆန္ဒပြမှုများကြောင့် ဘန်ကောက်မြို့တွင်းက krungsri ဘဏ် ၇ ခုမှ ဝန်ဆောင်မှုများကို ယာ ယီ ရပ်ဆိုင်ထားကြောင်း ဖော်ပြသည်။
ယခု ဆန္ဒပြမှုအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူများကလည်း ထုတ်ဖော်ပြောကြား ထားသည်။
ဘန်ကောက်မြို့၏ အရေးပါသော လမ်းဆုံလမ်းခွများ၌ ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်တပ် အင်အား နှစ်သောင်း နီးပါး လုံခြုံရေး ယူထား ကြောင်း သတင်းများတွင် ပါရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းကပင် ဆန္ဒပြသူများက ဇန်နဝါရီ ၁၃ ရက်ကို ပစ်မှတ်ထား၍ ဘန်ကောက်မြို့၏ နေရာ ၂၀ ခန့်ကို ပိတ်ဆို့ ဆန္ဒပြပွဲများ(Bangkok Shutdown) ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားသည်။
ယခုလ ၁၁ ရက်နေ့ကလည်း နိုင်ငံခြားသား အများဆုံးရှိသည့် ဘန်ကောက်မြို့လယ်က ခေါက်ဆန်လမ်း အနီးဝန်းကျင်၌ ပြစ်ခတ်မှု တခုဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၇ ဦးခန့် ဒဏ်ရာရရှိသွားသည်။ ယင်းပစ်ခတ်မှု တရားခံကို ထိုင်းရဲများက စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရ သည်။
ပဋိပက္ခ ဆန္ဒပြပွဲများအတွင်း လူ ၈ ဦးခန့် သေးဆုံးမှု ရှိခဲ့ကြောင်း သတင်းများတွင်လည်း ဖော်ပြထားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဘန်ကောက်မြို့ ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန် တယ်လီဖုန်းမှ တဆင့် တိုက်တွန်းပြောဆိုသည်ဟု ထိုင်း ဝန်ကြီးချုပ် ဒု နိုင်ငံခြားရေး ဝန်ကြီး Surapong Towichukchaikulက ယနေ့တွင် သတင်းထောက်များ ကို ပြောကြားသည်။
ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် စားပွဲဝိုင်းပေါ်တွင် အတိုက်အခံပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်၊ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်း ပရန် တို့ကို ပြောကြားခဲ့သော်လည်း အတိုက်အခံများဘက်က လက်မခံခဲ့ပေ။
ယမန်နှစ် နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့သည့် ဆန္ဒပြမှု ပဋိပက္ခများသည် ပြည်ပ၌ တိမ်းရှောင်နေရသော ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် က လွှတ်တော်တွင် အတည်ပြုချက်ယူခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နေထိုင်နေသူ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်က ဘန်ကောက်မြို့၌ ဖြစ်ပွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီဆန္ဒပြပွဲတွင် ရွှေ့ပြောင်း အလုပ်သမား အများအပြား ပါဝင်ပြီး ၁၃ ဦးခန့် အဖမ်းခံရကြောင်း သိရသည်။