တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲတွင် အမျိုးသမီး အရာရှိ ၂ ဦးကို ခန့်အပ်လိုက်ခြင်းသည် အမျိုးသမီးများသည် သက်ဆိုင်ရာ ကဏ္ဍများ၌ တာဝန်ပေးအပ်၍ ရလာပြီဟု တပ်မတော်က ယူဆလာခြင်း ဖြစ်ကြောင်း တပ်မတော် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောသည်။
ယနေ့ စတင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ကြည်းတပ်မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ရှိ ဒေါ်စိုးစိုးမြင့်(ကြည်း၂၅၅၀၄)နှင့် ဒေါ်စန်းသီတာအောင်(ကြည်း ၂၆၀၇၀) တို့ကို ဗိုလ်မှူး ထွန်းထွန်းဝင်းနှင့် ဗိုလ်မှူး ကျော်ကျော်သက် တို့ နေရာတွင် အစားထိုးပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် စတင် တက်ရောက်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် က ခန့်အပ်တာဝန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
“အရင်က အကြောင်း အမျိုးမျိုးကြောင့် တာဝန် မပေးခဲ့ပေမယ့် တပ်မတော်ရဲ့ တချို့လိုအပ်ချက်တွေမှာလည်း အမျိုးသမီးတွေကို တာဝန်ပေးလို့ရတဲ့ လိုအပ်ချက်တွေ ရှိလာတယ်လို့ ယူဆတယ်၊ အမျိုးသမီးတွေကိုလည်း အသိအမှတ် ပြုလာတဲ့ သဘောလို့ ပြော လို့ ရတာပေါ့”ဟု စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး၊ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သား အမျိုးသမီးအရာရှိများမှာ ကြည်းတပ်တွင်သာ ရှိပြီး ရေတပ်နှင့် လေတပ် တို့တွင် မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။
လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်လာသည်မှာ လွှတ်တော် စတင် ကျင်းပသည့် ကာလမှ ၃ နှစ် ဝန်းကျင် ရှိ လာသည်အထိ တပ်မတော်သား အမျိုးသား ကိုယ်စားလှယ်များသာ ခန့်အပ်ထားရှိပြီး ယခုအကြိမ် လွှတ်တော်မှသာ တပ်မတော် သား အမျိုးသမီး ကိုယ်စားလှယ်များကို ခန့်အပ်လာခြင်းလည်း ဖြစ်သည်။
ယင်းသို့ တပ်မတော်သား အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ခန့်အပ် တာဝန်ပေးလာခြင်းသည် အစိုးရနှင့် တပ်မတော်ပိုင်းက အမျိုးသမီးများကို နေရာပေးလာသည့် သဘောဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်သည်။
“ကျား၊မ တန်းတူညီမျှမှု အခွင့်အရေးကို လက်တွေ့ အကောင်အထည်ဖော်လာတဲ့ သဘောပေါ့၊ လွှတ်တော်တွင်းမှာ အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါလာပြီဆိုတော့ မတူညီတဲ့ အမြင်၊ အသံတွေ ပိုရလာတာပေါ့၊ အမျိုးသမီးတွေလည်း နေရာပေးနေပြီ ဆိုတာ လက်တွေ့ ပြလိုက်တာပဲ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ၂၀၁၃ ခုနှစ် စက်တင်ဘာလက လာရောက်သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဉ်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲကာလ၌ မြန်မာ နိုင်ငံရေး ဖြစ် စဉ်များအတွင်း အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ပြုရန် အကြံပြုခဲ့ကြောင်း၊ မြန်မာပြည်တွင် အမျိုးသမီးများ အနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှု အပြည့်အဝ မရရှိသေးကြောင်း ပြောကြားခဲ့ဖူးသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယမန်နှစ် အောက်တိုဘာလ အတွင်းက နေပြည်တော်၌ ကျင်းပသည့် အမျိုးသမီးဖိုရမ် တခု၌ အမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှု အပိုင်းတွင် ပိုမိုပါဝင်လာရန် တိုက်တွန်း ပြော ဆိုဖူးသည်။
“တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ အမျိုးသားတွေကသာ လွှတ်တော်ထဲ နေရာယူခဲ့တာ၊ အခုလို လုပ်လာတော့ အလွှာစုံ လာတယ်လို့ ပြောရမယ်၊ တပ်မတော်ပိုင်း ဆိုင်ရာက စလိုက်တဲ့ ခြေလှမ်းတရပ်ပေါ့”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဧရာဝတီသို့ ပြောသည်။
သို့သော် အမျိုးသမီးများကို အခွင့်အရေးပေးလာသည်ဟု ပြောရန်မှာ စောသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ ပြည်သူ့လွှတ်တော်တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး ရှိကြောင်း ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည့် သတင်းအချက်အလက်များ အရ သိရသည်။